ဖွဲ့ စည်းပုံ ပြင်ရေး ကော်မတီဖွဲ့ ရေး အဆို တပ်မတော် ဝင်ဆွေးနွေးရန် မသေချာ
၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်နိုင်ရေးအတွက် ပူးပေါင်း ကေ်ာမတီတခု ဖွဲ့ စည်းရန် ပြည်ထောင်စု လွှတ်တော်သို့ တိုက် တွန်းကြောင်း အဆိုတခုကို အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) ပါတီက တင်သွင်းထားရာ ယင်းအဆိုကို တပ်မ တော်က ဝင်ရောက် ဆွေးနွေးရန် မသေချာကြောင်း သိရသည်။
ဇန်နဝါရီ ၂၉ ရက်က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်တွင် NLD ပါတီမှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးအောင် ကြည်ညွန့်က ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး လုပ်ငန်းများ ဆောလျင်စွာ ဆောင်ရွက်နိုင်ရေး ပူးပေါင်း ကော်မတီ ဖွဲ့စည်းရေး လွှတ် တော်သို့ တိုက်တွန်းကြောင်း အဆိုကို လုပ်ထုံးလုပ်နည်း လွဲမှားသည်ဟုဆိုကာ တပ်မတော်က အပြင်းအထန် ကန့်ကွက်ခဲ့ပြီး ဖြစ်သည်။
ယင်းအဆိုကို ဆွေးနွေးရန် ဇန်နဝါရီလ ၃၁ ရက်နေ့ ညနေ ၄ နာရီ နောက်ဆုံး စာရင်းပေးရမည် ဖြစ်ရာ နေ့လယ် ၁ နာရီ အထိ တပ်မတော်မှ ဆွေးနွေးရန် စာရင်းမသွင်းသေးဘဲ စဉ်းစားဦးမည်ဟု တပ်မတော်သား အဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးချုပ် မောင် မောင်က လွှတ်တော်တွင် သတင်းထောက်များကို ပြောသည်။
“ကျနော်တို့ အဆုံးအဖြတ် လုပ်ပြီးတော့မှသာလျှင် ဘယ်နှစ်ယောက် ဆွေးနွေး မယ်။ ဘယ်လိုဆွေးနွေးမယ်။ ဒါမှမဟုတ် မဆွေးနွေးဘူးလား ဒီလို ဖြစ်လာမှာပေါ့”ဟု ဗိုလ်မှူးချုပ် မောင်မောင်က ပြောသည်။
ထို့ကြောင့် ညနေ ၄ နာရီခန့်တွင် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ စာရင်းပေးသွင်းမှု ရှိ၊ မရှိ လွှတ်တော်သို့ မေးကြည့်ရာ ပြည်ထောင်စု လွှတ်တော် ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုး အပါအဝင် လွှတ်တော် အရာရှိများက ဖြေဆိုရန် ငြင်းဆိုကြသည်။
အမည်မဖော်လိုသော တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်ချုပ်တဦးကမူ “ကျနော်တို့က လုပ်ထုံးလုပ်နည်းနဲ့ မညီလို့ အသိအမှတ်မပြုလို့ မဲ မထည့်ဘဲ နေခဲ့တာ။ အသိအမှတ် မပြုဘူးပေါ့။ အခုလည်း ဝင်ဆွေးနွေးမယ်ဆိုရင် အသိအမှတ်ပြုသလို ဖြစ်သွားမှာပေါ့”ဟု ညနေ ၅ နာရီခန့်တွင် ပြောသည်။
ထို့ပြင် တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့ ကိုယ်စား ခေါင်းဆောင်တဦးက လက်မှတ်ရေးထိုးပြီး ၂၀၀၈ ဖွဲ့ စည်းပုံ ပြင်ဆင် ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းရေး တိုက်တွန်းကြောင်း အရေးကြီးအဆိုသည် လုပ်ထုံးလုပ်နည်းနှင့် မညီ၍ သဘောမတူကြောင်း ပြည်ထောင်စု လွှတ်တော် နာယကထံသို့ စာတစောင် ပေးပို့ခဲ့ကြောင်း သိရသည်။
ယင်းအဆိုကို တင်သွင်းခဲ့သူ ဦးအောင်ကြည်ညွှန့်က အနာဂတ်နိုင်ငံအတွက် ညှိညှိနှိုင်းနှိုင်းနှင့် ကြိုတင် ပြင်ဆင်သည့် သဘော ဖြစ်၍ အထူးဖိတ်ခေါ်စရာ မလိုဘဲ တပ်မတော်သားများ ပါဝင်လာမည်ဟု ထင်ကြောင်း၊ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့မှာ လွှတ် တော်ထဲတွင် ရှိနေကြကြောင်း ယနေ့ အမျိုးသား လွှတ်တော် အပြီးတွင် သတင်းထောက်များကို ပြေသည်။
“ဟိုဘက်နေ့က ဗိုလ်မှူးချုပ် မောင်မောင် ပြောသွားတာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးကို သူတို့က ကန့်ကွက်တာ မဟုတ် ဘူးလို့လည်း ပြောထားတယ်လေ။ အဲ့တော့ ပူးပေါင်း ပါဝင်ရမှာပေါ့။ သတ်သတ် အထူးတောင် ဖိတ်စရာမလိုဘူး။ တခုတော့ ရှိ တယ်။ ညီမျှတဲ့ ပါတီကလည်း အစုံပါရအောင် ၊ တပ်မတော်ကလည်း ပါရအောင် ဖြစ်နိုင်တဲ့ ကော်မတီ ဒီလောက်နဲ့လည်း ကော် မတီက အဲ့တာတွေက ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ မူကြမ်းကြီး ရေးဆွဲပြီး တင်ရမှာ”ဟု ဦးအောင်ကြည်ညွှန့်က ပြောသည်။
NLD ပါတီက တင်ပြခဲ့သည့် အရေးကြီး အဆိုကို ဆွေးနွေးရန် လွှတ်တော်ကိုယ်စားလှယ် ၆၀ ကျော် စာရင်းပေးထားပြီး အာဏာရ ပါတီ၊ အတိုက်အခံ ကြံ့ခိုင်ရေးပါတီနှင့် တိုင်းရင်းသား ကိုယ်စားလှယ်များ ပါဝင်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရ သည်။
ကြံ့ခိုင်ရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးကမူ ယခု အဆိုသည် အရေးကြီးအဆို အင်္ဂါရပ်များနှင့် ကိုက် ညီမှု မရှိသလို ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ရမည့် အဆိုပြုချက်များနှင့်လည်း ကိုက်ညီမှု မရှိသဖြင့် ကန့်ကွက် ဆွေး နွေးသွားမည် ဖြစ်ကြောင်း ယနေ့ ပြည်သူ့လွှတ်တော်တွင် မီဒီယာများသို့ ပြောသည်။
လွှတ်တော်တွင် ဆွေးနွေးခဲ့သည့် အရေးကြီး အဆိုများသည် သဘောသဘာဝအရ အချိန်မဆိုင်းဘဲ ဆွေးနွေးလေ့ရှိပြီး ယနေ့ ကျင်းပမည့် ပြည်ထောင်စု လွှတ်တော် အစီအစဉ်တွင် မပါဝင်သဖြင့် ဖေဖော်ဝါရီလ ပထမအပတ်ထဲတွင် ဆွေးနွေးနိုင်ဖွယ် ရှိ ကြောင်း၊ အဆိုဆွေးနွေးမည့်ရက် ဆုံးဖြတ်ချက်ကို ပြည်ထောင်စု လွှတ်တော် နာယက ဦးတီခွန်မြတ်က ဆုံးဖြတ်ခြင်း ဖြစ်ကြောင်း ကိုယ်စားလှယ် အသိုင်းအဝိုင်းမှ သိရသည်။