သမ္မတ ဒူတာတေက အဘူဆေယက် အုပ်စုကို ချေမှုန်းရန် အမိန့်ပေးလိုက်ပြီးနောက် တနင်္ဂနွေနေ့က ခရစ်ယာန် ဘုရားကျောင်းကို ဗုံးခွဲတိုက်ခိုက်ကာ လူအနည်းဆုံး ၂၀ သေဆုံးစေသော အစ္စလမ်မစ် အကြမ်းဖက်များကို ဖိလစ်ပိုင်စစ်တပ်က လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်နေသည်။
သံသယရှိသူများကို လိုက်လံတိုက်ခိုက်နေသည့် မြေပြင်တပ်ဖွဲ့များကို အထောက်အကူပြုရန် ထို လေကြောင်း တိုက်ခိုက်မှုကို ဆူးလူးပြည်နယ်တွင် ဇန်နဝါရီလ ၂၉ ရက်နေ့က လုပ်ဆောင်ခဲ့သည်ဟု ကာကွယ်ရေးဝန်ကြီး ဒယ်လ်ဖင် လော်ရင်ဇာနာ က ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ပြောခဲ့သည်။ စစ်တပ်နှင့် ရဲ ပူးပေါင်းပြုလုပ်သော ထို တိုက်ခိုက်မှုအတွင်း ပတီကူလ် မြို့အနီးတွင် အဘူဆေယက် စစ်သွေးကြွတဦးကို သတ်ဖြတ်ခဲ့ကြောင်းလည်း သူက ပြောသည်။
ဆူးလူးပြည်နယ်မြို့တော် ဂျိုလိုရှိ Mount Carmel မယ်တော်ဘုရားကျောင်းတွင် တနင်္ဂနွေနေ့ ဝတ်ပြုချိန် အတွင်း ဗုံးနှစ်လုံး မိနစ်အနည်းငယ် အကြာ ခြားပြီး ပေါက်ကွဲခဲ့သည်။ ထိုတိုက်ခိုက်မှုကို အစ္စလမ်မစ်နိုင်ငံ IS အဖွဲ့ သစ္စာခံ အဖွဲ့အစည်းတခုမှ အသေခံ ဖောက်ခွဲရေးသမားများက ပြုလုပ်ခဲ့သည်ဟု ဒူတာတေက ပြောသည်။
ထို တိုက်ခိုက်မှုကို အစ္စလမ်မစ်နိုင်ငံ IS အဖွဲ့က ပြုလုပ်သည်ဟု ကြေညာကြောင်း ဂျီဟတ် ဘာသာရေး စစ်လှုပ်ရှားမှုကို စောင့်ကြည့် ထောက်လှမ်းနေသော SITE ထောက်လှမ်းရေး အဖွဲ့ကပြောသည်။
ထို ဘုရားကျောင်း တိုက်ခိုက်မှုသည် ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းတွင် သုံးရက်အတွင်း ပထမဆုံး တိုက်ခိုက်မှုဖြစ်ပြီး မွတ်စလင်အများစုရှိသော ထိုပြည်နယ်တွင် ကိုယ်ပိုင်အုပ်ချုပ်ရေး တိုးချဲ့ရေးအတွက် မဲဆန္ဒခံယူပွဲမတိုင်မီ တပတ်အလိုတွင် အကြမ်းဖက်တိုက်ခိုက်မှု မြင့်မားလာခြင်းဖြစ်သည်။
ဇန်နဝါရီလ ၃၀ ရက်နေ့က ဖိလစ်ပိုင်တောင်ပိုင်း ဇမ်ဘောင်ဂါမြို့ရှိ ဗလီကျောင်းတခုကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်မှုအတွင်း လူ ၂ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရှိသွားသည်။ ဇန်နဝါရီလ ၂၈ ရက်နေ့က ကိုတာဘိုတာ ပြည်နယ်အတွင်း ဗုံးခွဲတိုက်ခိုက်မှု တွင်လည်း ရဲတပ်ဖွဲ့ဝင်တဦးသေပြီး တခြားသူ ၁၁ ဦး ဒဏ်ရာရသည်။
အစွန်းရောက်များသည် ဘာသာမတူသူများ အကြား သွေးကွဲစေရန် တိုက်ခိုက်မှုများ တိုးမြှင့် ပြုလုပ်သည့် သဘောရှိကြောင်း နိုင်ငံရေးနှင့် ရွေးကောက်ပွဲ ပြုပြင်ပြောင်လဲရေးဌာနမှ အမှုဆောင်ဒါရိုက်တာ ရာမွန် ကစီပယ်က ပြောသည်။
“တင်းမာမှု အဆင့် မြှင့်တင်ထားချင်လို့ လုပ်တာ။ အစွန်းရောက်ဝါဒ ဆိုတာ ငြိမ်းချမ်းတဲ့ အခြေအနေမှာ မအောင်မြင်နိုင်ဘူး” ဟု သူက ပြောသည်။
ဇန်နဝါရီလ ၃၀ ရက်နေ့ တိုက်ခိုက်မှုကို စုံစမ်းစစ်ဆေးနေပြီး တိုက်ခိုက်သူများကို ဖော်ထုတ်ရန် ကြိုးစားနေကြောင်း စစ်တပ်က ကြေညာသည်။ တိုက်ခိုက်ခံရသူများမှာ ဇမ်ဘောင်ဂါတွင် ကလေးများကို အစ္စလမ်ဘာသာရေး သင်ကြားရန် ရောက်ရှိလာသော ဘာစီလန်ပြည်နယ်မှ ဘာသာရေး ခေါင်းဆောင်များ ဖြစ်သည်ဟု ABS-CBN သတင်းဌာနက ပြောသည်။
“ဆူးလူးမှာ ပေါက်ကွဲမှု ဖြစ်တာနဲ့ပတ်သက်ပြီး လူမှုကွန်ရက်မှာ ခန့်မှန်း ပြောဆိုတာမျိုးတွေ မလုပ်ဖို့၊ သတင်းတုတွေ မဖြန့်ဖို့ လူထုကို တိုက်တွန်းပါတယ်” ဟု အနောက်မင်ဒါနော် စစ်ဌာနချုပ် အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး အာနယ်လ် ဘီ ဒီလာ ဗီဂါ က မေတ္တာရပ်ခံထားသည်။
ဘန်ဆမ်မိုရို ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသကို မဲဆန္ဒရှင်များက အတည်ပြုလိုက်ပြီးနောက် မင်ဒါနော်ကျွန်း အစိတ်အပိုင်းများတွင် အကြမ်းဖက်မှု တိုးလာသော်လည်း ထိုတိုက်ခိုက်မှုများသည် ဇန်နဝါရီလ ၂၁ ရက်နေ့က ကျင်းပသော ဆန္ဒခံယူပွဲကို တိုက်ရိုက် နှောင့်နှေးစေခြင်း မရှိခဲ့ပေ။ သို့သော် ယင်းအခြေအနေသည် ထိုပဋိပက္ခဒေသတွင် ငြိမ်းချမ်းရေးအတွက် ဆန္ဒခံယူပွဲဟူသည့် ရည်ရွယ်ချက်ကိုမူ ထိခိုက်စေခဲ့သည်။
ဒူတာတေသည် ဆူးလူးရှိ ပေါက်ကွဲမှုဖြစ်ပွားသော နေရာသို့ ဇန်နဝါရီလ ၂၈ ရက်နေ့က သွားရောက်ခဲ့ပြီး အဘူဆေယက် အုပ်စုကို ချေမှုန်းရန် စစ်တပ်ကို ညွှန်ကြားခဲ့သည်။
“အဘူကို ဘယ်နည်းနဲ့မဆို သုတ်သင်ဖို့ ကျနော်ခင်ဗျားတို့ကို အခု အမိန့်ပေးလိုက်တယ်” ဟု သူက ပြောသည်။
ကိုးကား။ ။ Reuters