ရန်ကုန်မြို့ပတ် ရထားလမ်း အနောက်ခြမ်း (အပိုင်း ၂) အဆင့် မြှင့်တင်ခြင်း လုပ်ငန်းများကို ဖေဖော်ဝါရီလ လဆန်းပိုင်း အတွင်း စတင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာ့ မီးရထား အထွေထွေ မန်နေဂျာ (အောက်မြန်မာပြည်) ဦးထွန်း အောင်သင်း က ပြောသည်။
ဇန်နဝါရီလ ၃၀ ရက်က မြန်မာ့ မီးရထား (အောက်မြန်မာ ပြည်ရုံး) အစည်းဝေး ခန်းမတွင် ပြုလုပ်သော ရန်ကုန် မြို့ပတ် လမ်း အဆင့်မြှင့်တင်ခြင်း သတင်းစာ ရှင်းလင်းပွဲတွင် ပြောခြင်း ဖြစ်သည်။
ဦးထွန်းအောင်သင်းက “မီးရထားလမ်း အဆင့်မြှင့်တင်ဖို့က လမ်းပိတ်ပြီး လုပ်ရမှာ ဆိုတော့ အခုက ကလေးတွေ စာမေးပွဲလည်း နီးနေတော့ စာမေးပွဲကို အတတ်နိုင်ဆုံး ရှောင်ရှားပြီးတော့ အထူးသဖြင့် ဆယ်တန်း ကျောင်းသားတွေရဲ့ စာမေးပွဲ ရက်ကို ရှောင်လုပ်ပါတယ်။ ချေးငွေနဲ့ လုပ်တာ ဖြစ်တဲ့အတွက် time line ဝင်မှသာ ဒီ အဆင့်မြှင့်တင်မှု လုပ်ငန်းတွေကို အကောင်းမွန်ဆုံးနဲ့ ထိခိုက်မှု အနည်းဆုံးနဲ့ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်” ဟု ဆိုသည်။
အဆင့်မြှင့်တင်ရေး လုပ်ငန်းများမှာ အချက်ပြ စနစ်၊ ဆက်သွယ်ရေးနှင့် ရထား ပြေးဆွဲမှု စနစ်များကို ခေတ်မီ နည်းစနစ် များဖြင့် အဆင့်မြှင့်တင် ဆောင်ရွက်ရန် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) လေ့လာရေး အဖွဲ့တို့နှင့် ဆောင်ရွက်ခြင်း ဖြစ်ပြီး ဂျပန်အစိုးရ ဘတ်ဂျက် ချေးငွေ အမေရိကန် ဒေါ်လာ ၂၀၆ သန်းကျော်နှင့် မြန်မာ အစိုး ရ ဘတ်ဂျက် ဖြစ်သည့် ဒေါ်လာ ၉၄ သန်း ကျော်ဖြင့် ဆောင်ရွက်သွားမည်ဟု မြန်မာ့ မီးရထားက ထုတ်ပြန်ထားသည်။
အဆိုပါ Level Crossing အဆင့်မြှင့် ပြုပြင်ခြင်း လုပ်ငန်း အစီအစဉ်တွင် ကမာရွတ် ဘူတာရုံ လမ်းအား ဖေဖော်ဝါရီလ ၁၀ ရက် မှ ၁၄ ရက် အထိ လည်းကောင်း၊ အုတ်ကျင်း ဘူတာရုံလမ်းအား ၃ ရက် မှ ၇ ရက် အထိ လည်းကောင်း လမ်းအပြည့် ပိတ်ကာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
လမ်းအပြည့်ပိတ် စနစ်ဖြင့် ဆောင်ရွက်မည့် ကမာရွတ် ဘူတာရုံလမ်းနှင့် အုတ်ကျင်း ဘူတာရုံလမ်းတို့တွင် ယာဉ်ကြော ပိတ်ဆို့မှု လျော့နည်းစေပြီး သွားလာမှု အဆင်ပြေစေရန် အတွက် လမ်းလွှဲ ပြုလုပ်နိုင်ရန် မြန်မာ့ မီးရထားမှ တာဝန် ရှိ သူများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ စည်ပင် သာယာရေး ကော်မတီ၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့ စသည့် သက်ဆိုင်ရာ ရပ် မိရပ်ဖ များနှင့် ပူးပေါင်း၍ သွားရောက် စစ်ဆေး လုပ်ဆောင် သွားမည် ဖြစ်သည်။
ဆက်လက်၍ ဦးထွန်းအောင်သင်းက “လမ်းလွှဲလုပ်တဲ့ အခါ မလွတ်ရင် ဖျက်ခိုင်းရမှာပါ။ ငြိစွန်းတဲ့ ဆိုင်တွေကို ဖယ်ရှား ပါမယ်။ ဇန်နဝါရီ ၃၁ ရက်ထဲက ကမာရွတ်မြို့နယ်ကို စပါမယ်။ အုတ်ကျင်း ဘူတာရုံပြီးရင် ကြို့ကုန်း ဆေးဝါးစက်ရုံ လမ်းကို ဆက်သွားပါမယ်။ Level Crossing သုံးခုကို ကွင်းဆင်းပါမယ်” ဟု ရှင်းပြသည်။
ယင်းသို့ စစ်ဆေးရာတွင် လွတ်ကင်းမှု မရှိသော ကျူးကျော်များ၊ ဆိုင်ခန်းများကို ဖယ်ရှားသွားမည် ဟုလည်း မြန်မာ့ မီး ရထားမှ သိရသည်။
အထက်ပါ အင်းစိန်-ကြည့်မြင်တိုင် ဘူတာ ကြားရှိ Level Crossing များ အဆင့် မြှင့်တင်ခြင်း လုပ်ငန်းကို ဖေဖော်ဝါရီလ ၂၁ ရက်တွင် အပြီးသတ် ဆောင်ရွက်မည် ဖြစ်ကြောင်း ရန်ကုန်မြို့ပတ်လမ်း အဆင့်မြှင့်တင်ရေး စီမံကိန်း အင်ဂျင်နီယာ ဦးမင်းအောင်က ပြောသည်။
၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလမှ နိုဝင်ဘာလ အထိ တညင်းကုန်း- အင်းစိန် ရထား လမ်းပိုင်းကို အဆင့်မြှင့်တင်ခဲ့သည်။
ရန်ကုန်မြို့ပတ် ရထား စနစ်တွင် လက်ရှိ ရထားလမ်းကြောင်း သုံးခုနှင့် လမ်းခွဲ ငါးခု ရှိပြီး စုစုပေါင်း ၁၄၈ ဒသမ ၃ ကီလို မီတာ ရှည်လျားပြီး ဘူတာပေါင်း ၈၀ ခန့် ရှိကြောင်း မြန်မာ့ မီးရထားမှ သိရသည်။
ဆက်လက်၍လည်း ရန်ကုန်မြို့ပတ် ရထားလမ်း (အရှေ့ခြမ်း) အဆင့်မြှင့်တင်ခြင်း လုပ်ငန်း ဆောင်ရွက်မည့် အစီအစဉ် များကိုလည်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့၏ ခွင့်ပြုချက် ရရှိရန် တင်ပြထားကြောင်း သိရသည်။
ဆက်စပ်ဖတ်ရှုရန် – ရန်ကုန် မြို့ပတ် ရထားလမ်း အဆင့်မြှင့် စီမံကိန်း ၂၀၂၃ တွင် အပြီးသတ်ရန် ခန့်မှန်း