အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ဥပဒေအကြံပေးဖြစ်သူ တရားလွှတ်တော်ရှေ့နေကြီး ဦးကိုနီ လုပ်ကြံခံရသည့် အမှုနှင့် ပတ်သက်ပြီး ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် အပြီးသတ်အမိန့်ချမည်ဖြစ်ကြောင်း ရန်ကုန်မြောက်ပိုင်း ခရိုင် တရားရုံးက ဆုံးဖြတ်လိုက်သည်။
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှေ့တွင် ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၉ ရက်နေ့က လုပ်ကြံခံခဲ့ရသည့် ဦးကိုနီအမှု အား ၁၀၂ ကြိမ်မြောက်ဖြစ်သည့် ယနေ့ဖေဖော်ဝါရီ ၁ ရက်နေ့ရုံးချိန်းတွင် နှစ်ဖက်ရှေ့နေများက အပြန်အလှန် လျောက်လဲချက် ပေးခဲ့ပြီးနောက် အမိန့်ချရန် ရက်ချိန်းပေးခဲ့ခြင်းဖြစ်သည်။
ယင်းလုပ်ကြံမှုတွင် ကြည်လင်းအား ဝိုင်းဝန်းဖမ်းဆီးခဲ့သည့် လေဆိပ်တက္ကစီ အငှားယာဉ်မောင်း ဦးနေဝင်းမှာ လည်း သေနတ်ထိမှန်ကာ သေဆုံးခဲ့ရသည်။
လျောက်လဲချက်တွင် ကြည်လင်းအား ဦးကိုနီလုပ်ကြံမှုအတွက် ပုဒ်မ ၃၀၂(၂)နှင့် ဦးနေဝင်း သေဆုံးမှုအတွက် ပုဒ်မ ၃၀၄ ဖြင့်သာ ပြစ်ဒဏ်ချမှတ်သင့်ပြီး အောင်ဝင်းဇော်၊ ဇေယျာဖြိုးနှင့် အောင်ဝင်းထွန်းတို့အား အမှုမှ အပြီးအပြတ် လွတ်ပေး သင့်ကြောင်း ၎င်းတို့၏ရှေ့နေများက လျောက်လဲခဲ့သည်။
အမှုတွင် သေနတ်သမား ကြည်လင်းနှင့်အတူ တပ်မတော်အရာရှိဟောင်များ ဖြစ်သည့် ဇေယျာဖြိုးနှင့် အောင်ဝင် ဇော်၊ အောင်ဝင်းထွန်း တို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့ကာ စွဲချက်တင်နိုင်ခဲ့ပြီး နောက်ကွယ်မှစေခိုင်သူအဖြစ် ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောဆိုထားသည့် တပ်မတော်အရာရှိဟောင်း အောင်ဝင်းခိုင်ကိုမူ ဖမ်းမိခြင်းမရှိ သေးပေ။
အမှုစစ်ဆေးခဲ့သည့် အချိန် ၂ နှစ်ခန့်အတွင်း ရုံးချိန်းပေါင် ၁၀၁ ချိန်းရှိခဲ့ပြီး တရားလိုပြသက်သေ ၇၂ ဦး၊ စွပ်စွဲခံ ရသူ/တရာခံပြသက်သေ ၄၀ ဦးစစ်ဆေးခဲ့သည်။
အမှုတွင် သေနတ်သမားကြည်လင်းအား ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂(၁)(ခ)/၃၄၊ လက်နက်ဥပဒေပုဒ်မ ၁၉ (က)၊ ၁၉(စ)၊ ဦးနေဝင်း သေဆုံးမှု အတွက် ပုဒ်မ ၃၀၂(၂) တို့ဖြင့်လည်းကောင်း၊ အောင်ဝင်းဇော်အား ပုဒ်မ ၃၀၂(၁)(ခ)/၃၄ ဖြင့်လည်းကောင်း၊ ဇေယျာဖြိုးအား ပုဒ်မ ၃၀၂(၁)(ခ)/၁၀၉ ဖြင့်လည်းကောင်း စွဲချက်တင် ထားပြီး အောင်ဝင်းထွန်း အား တရားခံအားလက်ခံမှု ပုဒ်မ ၂၁၂ ဖြင့်စွဲချက်တင်ကာ အာမခံပေးထားသည်။