ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်၊ လန်ဆယ်- လကင်လမ်းပေါ်ရှိ ထန်ဒန်တံတားမှာ တည်ဆောက်ပြီး ၈ လ အကြာတွင် ပျက်စီးခဲ့မှုနှင့် ပတ်သက်ပြီး ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မေးခွန်းထုတ်ခံခဲ့ရသည်။
ထိုတံတားနှင့်ပတ်သက်ပြီး တည်ဆောက် ခဲ့သည့် ကုမ္ပဏီနှင့် အရည်အသွေး စစ်ဆေးခဲ့သည့် အဖွဲ့များကို အရေးယူရန် ရှိမရှိ၊ တင်ဒါ စည်းကမ်းနှင့် အညီ ဆောင်ရွက် ခြင်း ရှိမရှိ ကချင်ပြည်နယ် ဆော့လော် မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးလာမာလေး က ဇန်နဝါရီလ ၃၁ ရက်က လွှတ်တော်တွင် မေးမြန်းခြင်း ဖြစ်သည်။
ဦးလာမာလေး က “တံတားတည်ဆောက်ခဲ့ပြီး ၈ လကျော်ခန့်အကြာမှာ ယခုကဲ့သို့ တံတားပျက်စီးခဲ့တဲ့အတွက် တံတား တည်ဆောက်ခဲ့သည့် ကုမ္ပဏီနှင့် တံတားတည်ဆောက်ပြီးစီးပြီး လုပ်ငန်းအပ်နှံသည့်အချိန်တွင် တံတား အရည်အသွေးကြံ့ခိုင်မှုအား သေချာစိစစ်ခြင်းမရှိသည့် ဌာနဆိုင်ရာဝန်ထမ်းများကိုလည်း ထိရောက်စွာ အရေးယူသင့်ပါတယ်” ဟု တင်ပြသည်။
အဆိုပါ ထန်ဒန် တံတားမှာ သဘာဝ ဘေးအန္တရာယ် ကြောင့် ပျက်စီးရခြင်း ဖြစ်သည်ဟု နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် သန်းထွဋ်က ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ပြန်ရှင်းပြသည်။
ယင်းတံတားမှာ ၂၀၁၈ ခုနှစ် အတွင်း နိုင်ငံ အဝန်း မိုးသည်းထန်စွာ ရွာသွန်း၍ လမ်းတံတားများ ပျက်စီးခဲ့သလို တံတား ၁၄၀ ပေ၊ လန်ဆယ် ရေတားတမံ ၁၇၅ ပေနှင့် လန်ဆယ် တံတား ၂၀၀ ပေတို့မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေစီး တိုက်စားခြင်း၊ ရေစီးနှင့် အတူ မျောလာသည့် သစ်တုံးများနှင့် တိုက်မိခြင်းကြောင့် တံတား ရေလယ်တိုင် နိမ့်ကျခြင်း၊ ကမ်းကပ်ခုံ ကွဲအက်ခြင်းတို့ ဖြစ် ပေါ်ခဲ့သည်ဟုဆိုသည်။
ဗိုလ်ချုပ် သန်းထွဋ် က “ထန်ဒန် တံတားပျက်စီးမှုသည် ဆောက်လုပ်ရေး လုပ်ငန်း ဆိုင်ရာ စံချိန်စံညွှန်းများ လျော့နည်းခြင်း၊ ပေါ့လျော့ခြင်း တို့ကြောင့် မဟုတ်ဘဲ မိုးတွင်းကာလ ချောင်းရေ ပြင်းထန်စွာ စီးဆင်းမှုနှင့် သဘာဝ ဘေးအန္တရာယ်ကြောင့် ထိခိုက် ပျက်စီးခဲ့ရခြင်း ဖြစ်ကြောင်း သုံးသပ် တွေ့ရှိရပါတယ်” ဟု ပြောသည်။
ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ် လန်ဆယ်၊ လဘင်လမ်းပေါ်ရှိ ထန်ဒန် ၁၄၀ ပေ၊ ၂ ထပ် သံဘောင် ဘေလီတံတားကို ငွေကျပ် သန်း ၃၀၀ ခန့်ဖြင့် Augusta Co,Ltd က ဆောက်လုပ်ခွင့် ရရှိခဲ့ပြီး ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလတွင် စတင် ဆောက်လုပ်ကာ ၂၀၁၈ ခုနှစ် မတ်လတွင် ပြီးစီးခဲ့ခြင်း ဖြစ်သည်။
လုပ်ငန်း ပြီးစီးမှုနှင့် အရည်အသွေး ပြည့်မီမှု ရှိမရှိကို မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ် အဆင့် ဌာနဆိုင်ရာ ကိုယ်စားလှယ် အဖွဲ့ဝင်များ၊ မြို့နယ် ဖွံ့ဖြိုးမှု ကြီးကြပ်ရေးမှူး တို့နှင့်ဖွဲ့စည်းထားသည့် အရည်အသွေး စစ်ဆေးရေး ကော်မတီမှ စစ်ဆေး ခဲ့ပြီး ၂၀၁၈ ခုနှစ် မတ်လ အတွင်း လုပ်ငန်း အပ်နှံခဲ့ကြောင်း နယ်စပ်ရေးရာ ဝန်ကြီး ဌာနက သိရသည်။
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တံတားပျက်သည် ဆိုပါက အဆိုပါ ချောင်းအပေါ်တွင် တူညီသည့် ကာလအတွင်း တည်ဆောက်ခဲ့သည့် တံတား ၃ စင်းရှိသော်လည်း ဒေသခံ ကုမ္ပဏီက တည်ဆောက်သည့် တံတားမှာ ပျက်စီးမှု မရှိဘဲ Augusta ကုမ္ပဏီက တည်ဆောက်သည့် တံတား ၂ စင်းနှင့် ရေတား တမံတို့သာ ပျက်စီးခဲ့ကြောင်းကို ဦးလာမာလေးက ထပ်မံ မေးခွန်းထုတ်ခဲ့သည်။
ဦးလာမာလေး က “Augusta ကုမ္ပဏီက ဆောက်ခဲ့တဲ့ တံတား ၂ စင်းနဲ့ ရေကာတာ ရေတားတမံတခုက ပျက်ပြီး ဒေသခံ ကုမ္ပဏီက လုပ်တဲ့ တံတားက မပျက်ဘူးဆိုတော့ စဉ်းစားစရာပဲ။ သူတို့ ဆောက်တဲ့ ဒီဇိုင်းကို နှိုင်းယှဉ်ကြည့်မယ် ဆိုရင်လည်း တံတားတည် ဆောက်တဲ့ အရည်အသွေး ဒီဇိုင်းကလည်း အရမ်း ကွာနေတာကို တွေ့မြင်ခဲ့ရပါတယ်” ဟု ဆိုသည်။
ထိုသို့ ကာလတို အတွင်း ထန်ဒန်တံတား ပျက်စီးရသည့် အပေါ် တည်ဆောက်သည့် ကုမ္ပဏီနှင့် အရည်အသွေး စစ်ဆေးသည့် အဖွဲ့ကို ထိရောက်စွာ အရေးယူသင့်ကြောင့်လည်း ဦးလာမာလေးက ပြောဆိုသည်။
သို့ရာတွင် ယင်း တံတားသည် သဘာဝ ဘေးအန္တရာယ်ကြောင့်သာ ချို့ယွင်း ပျက်စီးခဲ့ခြင်း၊ တည်ဆောက် ခဲ့သည့် ကုမ္ပဏီ အနေနှင့်လည်း စာချုပ်၊ စည်းကမ်း အညီ ပြန်လည် ပြင်ဆင် ဆောင်ရွက်ခဲ့ပြီး ဖြစ်ခြင်း၊ အရည်အသွေး စစ်ဆေးရေး အဖွဲ့ အနေဖြင့်လည်း ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်နှင့် အတူ တည်ဆောက်ဆဲ ကာလ၊ တည်ဆောက်ပြီးချိန်တို့မှာ စနစ် တကျ သွားရောက် စစ်ဆေးခဲ့ခြင်း တို့ကြောင့် အရေးယူ ဆောင်ရွက်ရန် အစီအစဉ် မရှိကြောင်း ဗိုလ်ချုပ် သန်းထွဋ်က ဖြေ ကြားခဲ့သည်။
နယ်စပ် ရေးရာ ဝန်ကြီး ဌာန အနေဖြင့် နိုင်ငံတော် သမ္မတရုံးမှ ထုတ်ပြန်သည့် တင်ဒါ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံး လုပ် နည်းများနှင့် အညီ စနစ်တကျ ဆောင်ရွက်နေကြောင်းလည်း ၎င်းက ပြောဆိုသွားသည်။
ယင်းသို့ နယ်စပ်ရေးရာ ဒုဝန်ကြီး၏ ဖြေကြားချက်သည် မြေပြင် အခြေအနေနှင့် ကွဲလွဲနေကြောင်း ဦးလာမာလေးက ပြော ဆိုသည်။
ဦးလာမာလေး က “တကယ်က သဘာဝဘေးကြောင့် ပျက်စီးတာ မဟုတ်ဘူး။ ဆောက်လုပ်တဲ့ အရည်အသွေး မမီလို့ ပျက်စီးတယ်ဆိုတာ ရအောင် ဖော်ထုတ်သွားဖို့ ရှိပါတယ် ” ဟု ပြောဆိုသည်။
ဆက်စပ်ဖတ်ရှုရန် – ၇ လခံ ကချင် တံတားနှင့် တမံကိစ္စ လွှတ်တော် တင်မည်