ဝက်နှစ်တွင် သမ္မတထရမ့် ဇာတာမကောင်းဟု ဖုန်းရွှေပညာရှင်များ ဟောကိန်းထုတ်
တရုတ်ရာသီခွင် အရ ရှေ့တပတ် ဝက်နှစ်သို့ ကူးပြောင်းပြီ ဖြစ်၍ တရုတ်ရိုးရာ ဖုန်းရွှေပညာရှင်များက ကမ္ဘာ့ခေါင်း ဆောင်များသည် ပြည်တွင်းတွင် ပြင်းထန်သည့် သဘောကွဲလွဲမှုကို ကြုံရမည်ဖြစ်သလို အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်၏ အတိတ်လျှိုဝှက်ချက်များကိုလည်း ဖော်ထုတ်ခံနိုင်ခြေရှိ ကြောင်း ဟောကိန်း ထုတ်သည်။
ဝက်နှစ်သည် အမေရိကန် သမ္မတအပါအဝင် ခွေးနှစ်ဖွားများအတွက် အထူးသဖြင့် ဆိုးရွားသော နှစ် ဖြစ်ကြောင်း ထိုင်ဝမ်ဗေဒင်ဆရာ တန့်ရှောင်ချီက ဆိုသည်။
“ခွေးနှစ်ဖွားတဲ့ သူတွေ ကျူးလွန်ထားတဲ့ မကောင်းမှုမှန်သမျှ ဖေါ်ထုတ်ခံရပြီး လူသိရှင်ကြားဖြစ်မယ်။ အမေရိကန် လွှတ်တော်မှာ စွဲချက်တင်ခံရကိန်းရှိတယ်” ဟု ၎င်းက AFPသတင်းဌာနသို့ ပြောသည်။
ဟောင်ကောင်မှ ဖုန်းရွှေပညာရှင် တီချောင်ကလည်း အလားတူပင် တွက်ချက်ထားသည်။
“ဒေါ်နယ်ထရမ့်အတွက် ကျမမြင်တာကတော့ သူ့ကိုယ်သူ ပြဿနာတွေထဲက ရုန်းထွက်နိုင်ဖို့ အစွမ်း ကုန် လုပ်ရလိမ့် မယ်ဆိုတာပဲ။ ပေါ်လာမယ် ပြဿနာတွေက တော်တော်များပြီး သူ့ရှေ့ရေးအတွက် အလားအလာသိပ်မကောင်းလှဘူး” ဟု သူက ရှင်းပြသည်။
သို့သော် နောက်ထပ် ဟောင်ကောင်အခြေစိုက် ဖုန်းရွှေပညာရှင် အားလျန်းယိုက ထရမ့်ကို ဆန့်ကျင် သူများ အနေဖြင့် သတိထားပြီး ချိန်ကိုက်လုပ်ဆောင်ရန်လိုကြောင်း ပြောသည်။
“ထရမ့်ကို အောင်မြင်စွာ စွပ်စွဲအပြစ်တင်နိုင်မယ့် အခွင့်အရေးကတော့ ဒီနှစ် ဒီဇင်ဘာလ ၆ ကနေ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၆ အတွင်း ဖြစ်ပါတယ်” ဟု သူပြောသည်။
“လေ-ရေ” ဟု တိုက်ရိုက်အဓိပ္ပါယ်ရသော ဖုန်းရွှေပညာသည် အာရှတိုက် နေရာအများအပြားတွင် သြဇာလွှမ်းမိုးမှုရှိသည်။ အာရှတွင် နေထိုင်သူများသည် ၎င်းတို့၏ ဘဝကို ချိန်ညှိနေထိုင်ပြီး ရေတခွက်(သို့မဟုတ်)အစိုင်အခဲအပိုင်းအစများကဲ့သို့ ပစ္စည်းပစ္စယများကို ရုံးများ၊ နေအိမ်များအတွင်း ဂရုတစိုက် နေရာချခြင်းဖြင့် ၎င်းတို့ ကံကြမ္မာနှင့် ဥစ္စာဓန မြှင့်တင်နိုင် မည်ဟု ယုံကြည်ကြသည်။
ထိုပညာရပ်၏အဆိုအရ စကြာဝဠာကို ဖန်တီးသော အခြေခံအရာ ၅ ခုဖြစ်သည့် သတ္တု၊ သစ်သား၊ ရေ၊ မီးနှင့် မြေတို့ကို နည်းအမျိုးမျိုးဖြင့် ချိန်ညှိခြင်းဖြင့် ကမ္ဘာ့ဖြစ်ရပ်များအားလုံးဖြစ်လာသည်ဟု ယုံကြည်ကြသည်။
တရုတ်ရာသီခွင်တွင် အခြေခံအရည်အသွေးမတူသည့် တိရစ္ဆာန် ၁၂ ကောင်အကြား နှစ်စဉ် အလှည့်ကျ ပြောင်းလဲနေပြီး ထိုအခြေခံ အရည်အသွေးများ အခြေခံပြီး ဗေဒင်ဆရာများက ဟောကိန်းထုတ်ကြသည်။
ယခုရက်သတ္တပတ် တရုတ်နှစ်ကူးကာလသည် ပြောင်းလဲရောက်ရှိ လာမည့် ရာသီခွင်တိရစ္ဆာန် “မြေဝက်” ကိုကြိုဆိုသည်။