ကရင်ပြည်နယ်၊ ဘားအံခရိုင်ရှိ ကရင်အမျိုးသားအစည်းအရုံး (KNU) ဌာနချုပ်အနီး ကျင်းပခဲ့သော နှစ် ၇၀ ပြည့်အထိမ်း အမှတ် ကာလသည် အစိုးရနှင့် KNU တို့အကြား ငြိမ်းချမ်းရေးဆွေးနွေးမှု ၇ နှစ်ကျော် ရှိနေသော အချိန်လည်း ဖြစ်သည်။
ယခင်နှစ်များနှင့်မတူဘဲ KNU သည် ထိုင်း-မြန်မာ နယ်စပ် ၎င်းတို့ဌာနချုပ်အနီးတွင် ကရင့်တော်လှန်ရေးနေ့ အခမ်းအနား ကျင်းပနိုင်ရေး အချိန်ပေး စီစဉ်ခဲ့သည်။
ယခုနှစ်အခမ်းအနားတွင် KNU သမိုင်းကြောင်း၊ နှစ် ၇၀ အတွင်း ဦးဆောင်ခဲ့သော ကရင့်တော်လှန်ရေးခေါင်းဆောင် အသီးသီး နှင့် KNU အနေဖြင့် လက်ရှိအစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးနေမှုတို့ကို ပြပွဲများဖြင့် ထုတ်ဖော်ပြသခဲ့သည်။
KNU သည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် လက်မှတ်ထိုးထားသည့် အဖွဲ့တဖွဲ့ဖြစ်ပြီး၊ ယခင်အစဉ် အဆက်ကျင်းပခဲ့သော အထိမ်းအမှတ်ပွဲများထက် ယခုနှစ်ပွဲသည် အကြီးမားဆုံးဖြစ်သည်။
ကရင့်တော်လှန်ရေးနေ့သို့ ဒေသခံ ကရင်တိုင်းရင်းသားများ၊ ကရင်ပြည်နယ် တနံတလျားအပြင် နိုင်ငံရပ်ခြားမှ ကရင်တိုင်းရင်းသားများပင် လာရောက်ဆင်နွှဲကြခဲ့ကြသည်။ ထို့အပြင် တေးဂီတဖျော်ဖြေရေး၊ ရိုးရာဒုံးယိမ်းအကနှင့် အခြားပွဲ အစီအစဉ်များကိုလည်း ညပိုင်း ထည့်သွင်းတင်ဆက်ခဲ့သည်။
နှစ် ၇၀ ပြည့် ကရင့်တော်လှန်ရေးနေ့ အထိမ်းအမှတ်နေ့ဖြစ်သည့် ဇန်နဝါရီလ ၃၁ ရက်နေ့သည် ၁၉၄၉ ခုနှစ်က စတင်ခဲ့သော ဗမာများနည်းတူ ကရင်တိုင်းရင်းသားများ တန်းတူရည်တူ ရရှိရေး တောင်းဆို ဆန္ဒပြပြီးနောက် လပိုင်းအကြာ ဗဟိုအစိုးရက ယင်းအုပ်စုကို တရားမဝင်အဖွဲ့အစည်းအဖြစ် သတ်မှတ်စွပ်စွဲခဲ့သဖြင့် KNU က စတင်တော်လှန်ခဲ့သော နေ့ ဖြစ်သည်။
ယခုနှစ်ပတ်လည် အထိမ်းအမှတ်ပွဲတွင် ကရင်တိုင်းရင်းသားအားလုံး အခြေခံအခွင့်အရေးနှင့်တန်းတူ ညီမျှရေးအတွက် ရုန်းကန်ကြိုးပမ်းမှုကို ဆက်လက် ထောက်ခံကြရန် တိုင်းရင်းသားခေါင်းဆောင်များက တိုက်တွန်းခဲ့သည်။
ပွဲတော်သို့ တက်ရောက်လာကြသော ကရင်တိုင်းရင်းသားများကို KNU ဥက္ကဋ္ဌ စောမူတူးဆေးဖိုးက မိခင်ဘာသာစကားဖြင့် မိန့်ခွန်းပြောကြားရာတွင် “ယနေ့တွင် မိမိတို့ ကရင်အမျိုးသားများနှင့် တိုင်းရင်းသားအားလုံး၏ နိုင်ငံရေး ရည်မှန်းချက်ဖြစ်သော လွတ်လပ်မှု၊ တန်းတူညီမျှမှု အပြည့်အဝရှိသော ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ပန်းတိုင်သို့ မရောက်ရှိကြသေးသော်လည်း မိမိတို့ ကရင်အမျိုးသားခေါင်းဆောင်များနှင့် ပြည်သူလူထု တစ်ရပ်လုံးမှ ကျရာအခန်းကဏ္ဍတွင် မားမားမတ်မတ် ရပ်တည်ထောက်ခံနေကြသောကြောင့် ယနေ့ထက်ထိတိုင် ရပ်တည်နေသည်မှာ မျက်ဝါးထင်ထင် တွေ့မြင်နေရပါသည်။” ဟု ထည့်သွင်းပြောကြားခဲ့သည်။
ကရင်တိုင်းရင်းသားများသည် ပြီးခဲ့သည့်ဆယ်စုနှစ် ၇ ခုအတွင်း စစ်မြေပြင်တွင်သာမကဘဲ တိုက်ပွဲများကြောင့် ပြည်သူလူထု၏ ဆုံးရှုံး ပျက်စီးခဲ့ရမှုများ များစွာ ရှိခဲ့သည်ဟု ၎င်းက ပြောကြားသည်။ အရပ်သားမြောက်မြားစွာမှာလည်း ပြည်တွင်း စစ်ဘေးရှောင်နေရသူများ၊ ဒုက္ခသည်များ အဖြစ်သို့ အတင်းတွန်းပို့ခံရကြောင်းလည်း တက်ရောက်လာသော ပရိသတ်များကို ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
ယင်းသို့ အခက်အခဲအကျပ်အတည်းများ တွေ့ရခြင်းမှ အချင်းချင်းကြားတွင် မုန်းတီးမှု၊ ခါးသီးမှုနှင့် မယုံကြည်မှုများ ပေါ်ပေါက် စေကြောင်း ၎င်းက ဆိုသည်။
ဥက္ကဋ္ဌ မိန့်ခွန်းကဲ့သို့ပင် ကရင့်တော်လှန်ရေး လှုပ်ရှားမှုတွင် နှစ်ပေါင်း ၅၀ ကျော်ကြာ ပါဝင်နေသော KNU ဗဟိုအလုပ်အမှုဆောင် ဖဒိုမန်းငြိမ်းမောင် ကလည်း “အဓိကပြောချင်တာက ကရင်လူမျိုးတမျိုး အနေနဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးကို ရုန်းကန် လှုပ်ရှားခဲ့ရတာ နှစ် ၇၀ ကျော်ခဲ့ပြီ ထိုက်တန်တဲ့အခွင့်အရေး ထိုက်တန်တဲ့နေရာကို မရောက်ရှိသေးပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ဖဒိုမန်းငြိမ်းမောင် က “နှစ် ၇၀ တော်လှန်ရေး ဖြတ်သန်းခဲ့ရတဲ့ သမိုင်းက အင်မတန်ကြမ်းတမ်းတဲ့ သမိုင်းဖြစ်တယ်။ နှစ်ပေါင်း ၅၀ ကျော် တော်လှန်ရေးထဲ ပါဝင်ခဲ့သူ တယောက် အနေနဲ့ အင်မတန် ကြမ်းတမ်း။ စွန့်လွှတ် ပေးဆပ်မှုတွေ အင်မတန်ကြီးတယ်။ နောင်လာမယ့် မျိုးဆက်သစ် လူငယ်တွေဟာ ဒီသမိုင်းတာဝန်ကို ထမ်းဆောင်ဖို့လိုတယ်။ လူမျိုးတမျိုးက သူ့ကံကြမ္မာကို မဖန်တီးနိုင်သရွေ့က လူမျိုးတမျိုးက ထိုက်တန်တဲ့ ဂုဏ်သိက္ခာကို ရရှိမှာမဟုတ်ဘူး” ဟု ရှင်းပြသည်။
ဆက်လက်၍ “ဒါကိုတော့ နောက်လာမယ့်မျိုးဆက်သစ်တွေကို အဓိက မှာကြားချင်တယ်။ ဒီမှာ ပေးဆပ်ခဲ့တဲ့ ကျနေယ်တို့ တော်လှန်ရေးခေါင်းဆောင်တွေ ရဲဘော်တွေကို မမေ့ဖို့ ပြောချင်တယ်။ တခုခု အခက်ခဲကြုံလာတိုင်း စွန့်လွှတ်သွားတဲ့ ရဲဘော်တွေ ခေါင်းဆောင်တွေ အာဇာနည်တွေရဲ့ ဂုဏ်သိက္ခာကို သတိရဖို့လိုတယ်။” ဟုလည်း ဆိုသည်။
၎င်းက လူမျိုးတမျိုးအနေနဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးရရန် လက်နက်ကိုင်တော်လှန်ရေးကို နစ် ၆၀ ကျော်ကြာ မလွှဲမရှောင်သာ ဆင်နွှဲခဲ့ရသော်လည်း ယခု နိုင်ငံရဲ့အလှည့်အပြောင်း၊ ကရင့်တော်လှန်ရေး အလှည့်အပြောင်းတွင် ကရင်အမျိုးသားများ၏ ဂုဏ်သိက္ခာအတွက် အေးချမ်းစွာဖြင့် နိုင်ငံရေးနည်းနဲ့ ဖြေရှင်းတဲ့ခေတ် ရောက်ပြီဟုလည်း ၎င်းက ဆိုသည်။
ခေါင်းဆောင်များ၏ အမှာစကားသည် ပွဲတော်သို့တက်ရောက်လာကြသော ကရင်အသိုင်းအဝိုင်းမှ လူငယ်အဖွဲ့ဝင် တချို့၏ နှလုံးသားထဲ ရောက်ရှိခဲ့သည်။ တော်လှန်ရေးလှုပ်ရှားမှုအပေါ် ခိုင်မာသော သံန္နိဋ္ဌာန်နှင့် စိတ်ဓါတ် ထက်သန်သော လူငယ်အချို့နှင့်လည်း ဧရာဝတီက စကားပြောဆိုဖြစ်ခဲ့သည်။
KNU နှစ်ပတ်လည်ပွဲသို့ ပထမဆုံးအကြိမ် တက်ရောက်လာတဲ့ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်မှ စောကဲဒို့က သူကိုယ်တိုင် အပါအဝင် လူငယ်များအနေဖြင့် ရည်မှန်းချက် ပန်းတိုင် အောင်မြင်တဲ့အထိ ကရင်ခေါင်းဆောင်များ၏ လမ်းအတိုင်း ဆက်လျှောက်ရန် လိုသည်ဟု ပြောဆိုသည်။
စောကဲ့ဒို့ က “ကရင့်တော်လှန်ရေးကို အသက်ပေးပီး စွန့်လွှတ်သွားတဲ့လူတွေ တပုံကြီးပဲ။ လက်ရှိ ကျနော်တို့ လူငယ်လက်ထဲအထိ လက်ဆင့်ကမ်းပေးခဲ့တယ်။ နောက်နှစ်ပေါင်းများစွာတွေလည်း ကျနော်တို့လူငယ်တွေ တက်တက်ကြွကြွပေါ့။ လူကြီးတွေ ချပြခဲ့တဲ့ လမ်းစဉ်အတိုင်း ဆက်လျှောက်နိုင်ဖို့မျှော်လင့်တယ်” ဟု ဆိုသည်။
ကရင်ခေါင်းဆောင်များ အနေဖြင့် စစ်မှန်သော ငြိမ်းချမ်းရေး ရရှိရန် စွမ်းဆောင်နိုင်မည်ဟု သူက မျှော်လင့်ထားသည်။
KNU လက်ရှိ အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမှူးက ယခုနှစ် ၇၀ ပြည့်နှစ်ပတ်လည် အခမ်းအနား သည် ကရင် တိုင်းရင်းသား လူမျိုးစု၏ ရုန်းကန်ကြိုးပမ်းမှုနှင့် ငြိမ်းချမ်းရေးအားထုတ်မှု နောက်ဆုံး အခြေအနေများကို မီးမောင်းထိုးပြခြင်း ဖြစ်သည်ဟု ပြောသည်။
ပဒို စောတာဒိုမှူး က “နိုင်ငံရဲ့ငြိမ်းချမ်းရေးဟာ ကျနော်တို့ တိုင်းရင်းသားတွေရဲ့ တန်းတူအခွင့်အရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ဘယ်လောက် အထိ ဖော်ဆောင်နိုင်မလဲ ဆိုတာမူတည်တယ်။ အဲဒီ အခြေခံနဲ့ ပြည်သူလူထုသိအောင် ဖော်ပြလိုတယ်တာ ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့အဓိက ပြဿနာက ရှင်းရှင်း ပြောရရင် ဒီမိုကရေစီ ဆိတ်သုန်းမှုနဲ့ တိုင်းရင်းသားတွေ အခွင့်အရေး ငြင်းပယ်ခံခဲ့ရတဲ့ အခြေခံ အကြောင်းတရားတွေ ၂ ခုကြောင့်ဖြစ်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိငြိမ်းချမ်းရေး ညှိနှိုင်းမှု၌ ကြုံနေရသော အကျပ်အတည်းများ ဖြေရှင်းနိုင်ရန်အတွက် KNU ၊ အစိုးရနှင့် တပ်မတော်တို့ ခေါင်းဆောင်များအကြား အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲ မကြာမီလာမည်ဖြစ်ကြောင်း သူက ဖြည့်စွက်ပြောဆိုသည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် ကလည်း ယခုပွဲတော်သို့ တက်ရောက်ခဲ့ပြီး အမှာစကားပြောကြားရာတွင် အနာဂတ် မျိုးဆက်သစ်များအတွက် ငြိမ်းချမ်းရေးရရှိစေရန် ခေါင်းဆောင်များ၏ စေ့စပ်ညှိနှိုင်းများကို ထောက်ခံကြရန် အားလုံးကို တိုက်တွန်းကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
“ကရင်ပြည်နယ် ဖွံဖြိုးမှု နောက်ကျနေတာ လူတိုင်း ဒေသခံတိုင်းသိကြပါတယ်။ ဒီလိုကျန်ရစ်ရတာ ငြိမ်းချမ်းရေးမရှိလို့” ဟု ၎င်းက ပြောကြားခဲ့ပြီး ကရင်ပြည်နယ် တိုးတက်ရေး လုပ်ဆောင်နိုင်ရန်အတွက် ပြည်သူလူထုအပေါင်းက လက်တွဲ အကောင်အထည် ဖော်ကြရန် တိုက်တွန်းခဲ့သည်။
နောက်ထပ် KNU ခေါင်းဆောင်တဦးဖြစ်သည့် ပဒိုစောသမိန်ထွန်းကလည်း အလားတူပင် ပြည်သူလူထုအများက ငြိမ်းချမ်းရေး ရရှိရေး ဆက်လက်ပါဝင်ကြရန် နှိုးဆော်ခဲ့ပြီး တော်လှန်ရေးလှုပ်ရှားမှုက ကရင်လူထုကို နှစ် ၇၀ ကြာအထိ ဇွဲနဘဲ ခိုင်မာ စေခဲ့ကြောင်း ဆိုသည်။
“ကျနော်တို့ ကရင့်တော်လှန်ရေးက ဇွဲရှိရှိနဲ့ လုပ်လာတာ ကောင်းတာလည်းရှိတယ်။ မကောင်းတာလည်းရှိတယ်။ အောင်မြင်တာလည်း ရှိတယ်။ ဆုံးရှုံးတာလည်းရှိတယ်။ ဒါပေမယ့် ဘယ်လိုမှ အလံမလဲဘဲနဲ့ ဒီကနေ့အထိ ရပ်တည်တာက ကျနော်တို့ ကရင်အမျိုးသားတွေရဲ့ စိတ်ဓါတ်ပဲ။ ကျနော်တို့က ဇွဲနဘဲကြီးစွာနဲ့လုပ်တယ်။ ကျတော်တို့က ဒီကနေ့ ငြိမ်းချမ်းရေး ဖော်ဆောင်တဲ့ နေရာမှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရရှိအောင် ဇွဲနဘဲကြီးစွာနဲ့ ဆက်လက်ပီးတော့ ချီတက်သွားဖို့ ကရင်ပြည်သူကို ပြောချင်တယ်” ဟု ဖဒိုစော သမိန်ထွန်းက ဆိုသည်။