နိုင်ငံတွင် အဓိက အကျဆုံး ဖြစ်သည့် ဖွဲ့ စည်းပုံ အခြေခံ ဥပဒေနှင့် ပတ်သက်၍ လွှတ်တော် ကိုယ်စားလှယ်များတွင် တာဝန် ရှိလာပြီး ယခုတာဝန်ကို ထမ်းဆောင်ခြင်းသည် ဒီမိုကရေစီကို ပြုစုပျိုးထောင်ပေးခြင်း ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) အစိုးရလက်ထက် လွှတ်တော်များ ၃ နှစ်ပြည့်မြောက်သည့် အခမ်းအနားတခုကို ယနေ့ နေ ပြည်တော်ရှိ လွှတ်တော် အဆောက်အဦဝင်းအတွင်း ကျင်းပခဲ့ရာ ယင်းအခမ်းအနား အဖွင့်မိန့်ခွန်းတွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် က အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် က “အခုဆိုလို့ရှိရင် ကျမတို့နိုင်ငံအတွက် အဓိကအကျဆုံးဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်လို့လည်း လွှတ်တော် ကိုယ်စား လှယ်များဟာ တာဝန်ရှိလာပါတယ်။ ဒီတာဝန်တွေကို ထမ်းဆောင်ဖို့ဆိုတာဟာ ဒီမိုကရေစီကို ပြုစုပျိုးထောင်တဲ့ အလုပ်တခုပဲလို့ ကျမတို့ ဒီလိုပဲ မြင်စေချင်ပါတယ်” ဟု ယနေ့ နေပြည်တော်တွင် ပြောသည်။
လွှတ်တော်အတွင်း နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးအတွက် ထမ်းဆောင်ခွင့်ရသည့် ကိုယ်စားလှယ်များလောက် ဂုဏ်ရှိသည့် ပုဂ္ဂိုလ် ဆိုသည်မှာ ဒီမိုကရေစီ စနစ်တွင် မရှိနိုင်သဖြင့် ဒီမိုကရေစီပျိုးခင်းကို ပြုစုပျိုးထောင်ပေးမည့် လွှတ်တော်ကိုယ်စားလှယ်များ အနေ ဖြင့် မိမိကိုယ့်ကိုယ်မိမိ ဂုဏ်ယူစေချင်ကြောင်း အတိုင်ပင်ခံ ပုဂ္ဂိုလ်က ဆက်လက် ပြောဆိုခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုမှုသည် ဇန်နဝါရီလ ၂၉ ရက်နေ့က ပြည်ထောင်စု လွှတ်တော်တွင် အာဏာရ NLD ပါတီက ၂၀၀၈ အခြေခံ ဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီတရပ် ဖွဲ့စည်းနိုင်ရေး အရေးကြီး အဆိုတခုကို တပ်မတော်က လုပ်ထုံးလုပ် နည်းနဲ့ မညီဟုဆိုကာ အပြင်းအထန် ကန့်ကွက် နေချိန်နှင့် တိုက်ဆိုင်လျက်ရှိသည်။
ထို့ပြင် ယင်းအရေးကြီးအဆိုကို ဝင်ရောက်မဆွေးနွေးရန်အထိ လွှတ်တော်တွင် တပ်မတော်သား ကိုယ်စားလှယ်များက ပြောဆိုထားပြီး လွှတ်တော် နာယက ဦးတီခွန်မြတ်ထံသို့ပါ ကန့်ကွက်ကြောင်း စာပို့ထားပြီး ဖြစ်သည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း တပ်မတော်အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို ပြင်ဆင်ရန် သဘောတူထားကြောင်း၊ သို့သော် စနစ်တကျ ပြင်ဆင်ရန် လိုကြောင်း မနေ့က မိတ္ထီလာမြို့ နယ် ခရီးစဉ်တွင် ပြောဆိုခဲ့ သည်။
NLD ပါတီသည် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို ငြိမ်းချမ်းရေး လမ်းကြောင်းမှ တဆင့် ပြင်ဆင်နိုင်ရန် ကြိုးစားခဲ့သော်လည်း လက်ရှိ တွင် တစ်ဆို့မှု ကြုံနေရသဖြင့် ယခုလို လွှတ်တော်တွင်း လမ်းကြောင်းမှ ပြန်လည် ကြိုးစားရခြင်း ဖြစ်ကြောင်း NLD လွှတ်တော် ကိုယ်စားလှယ် အသိုင်းအဝိုင်းက ပြောဆိုထားသည်။
အခြေခံ ဥပဒေကို လွယ်လွယ်ကူကူ ညှိနှိုင်းပြီး ပြင်လို့ ရနိုင်သည် ရှိသလို ပြင်ရန် မလွယ်သည့် အချက်များလည်း ရှိကြောင်း၊ တပ်မတော် အနေဖြင့် အခြေခံမူများကို အတိမ်းအစောင်းခံမည် မဟုတ်ကြောင်း၊ ၂ ဖက် ညှိနှိုင်းပြီး ဗဟို ချုပ်ကိုင်မှု လျော့ချမှု ဆန်သည့် ပြုပြင် ပြောင်းလဲမှု ရနိုင်ကြောင်း ရခိုင်အမျိုးသား ပါတီ အတွင်းရေးမှူး ဦးဦးလှစောက သုံးသပ်သည်။
ဦးဦးလှစော က “စစ်ဘက် အရပ်ဘက် ဆက်ဆံရေး အဆင်ပြေ၊ မပြေတဲ့ အပေါ်မှာ ဆိုင်တယ်။ ထိပ်သီးခေါင်းဆောင်တွေ ကြားမှာ ညှိနှိုင်းမှု မလုပ်ဘဲ ဆက်လုပ်ရင် အောက်ခြေက လူတွေက စမ်းတဝါးဝါးနဲ့ လုပ်လို့ကတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အပေါ်ကနေ မီးစိမ်းမပြဘဲ လမ်းညွှန်မှု မပေးဘဲနဲ့ အောက်ခြေကနေ ဆက်လုပ်ရင် ယောင်တောင်ပေါင်တောင်ပဲ ဖြစ်မှာပါ” ဟု ပြောသည်။
NLD ပါတီက ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး လေ့လာသုံးသပ်ရေး အကြံပြုချက် စာတမ်းတစောင် ထုတ်ပြန်ခဲ့ရာတွင် မြန်မာ့နိုင်ငံရေးတွင် တပ်မတော်၏ အခန်းကဏ္ဍကို လျော့ချသည့် ပုဒ်မတချို့ ပါဝင်ခဲ့သော်လည်း NLD ပါတီ၏ ဗဟိုအလုပ်မှုဆောင် အဖွဲ့ ဝင်ဖြစ်သူ ဦးအောင်ကြည်ညွှန့် ကမူ ပါတီအနေဖြင့် မည်သည့်ပုဒ်မများကို ပြင်ဆင်မည့်ဆိုသည် ကြိုတင်သတ်မှတ်ချက် ချမထားကြောင်း ဇန်နဝါရီလ ၃၁ ရက်နေ့က ပြောဆိုထားသည်။
သင့်ဘဝ မဂ္ဂဇင်း အယ်ဒီတာဟောင်း ဦးတင်မောင်သန်းက ၂၀၀၈ ဖွဲ့ စည်းပုံ ပြင်ဆင်ရေးတွင် ပြင်ဆင်ရမည့် အကြောင်းကို
ဖွဲ့ စည်းပုံတွင် ရေးထားသည် ဖြစ်စေ၊ မရေးထားသည် ဖြစ်စေ တပ်မတော် သဘောမတူပါက မည်သည့် ဖွဲ့စည်းပုံပင် ဖြစ်စေ ပြင်ရန် ခက်ကြောင်း၊ ထိုင်းနိုင်ငံတွင် ဖွဲ့ စည်းပုံပြင်ရန် တပ်မတော်၏ သဘောထား မလိုဘဲ ပြင်ဆင်နိုင်သလို ပြင်ဆင်မှု အခါ ၂၀ ခန့် ရှိသွားပြီ ဖြစ်ကြောင်း ပြောသည်။
“ပကတိ အခြေအနေမှာ တပ်ဆိုတာက အခု အာဏာသိမ်းရင် အခုအာဏာသိမ်းလု့ိလည်း ရတယ်” ဟု ၎င်းက သုံးသပ်သည်။
မြန်မာနိုင်ငံရေးတွင် ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေအရ တပ်မတော်မှာ လွှတ်တော်တွင် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ရယူထား ပြီး အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး တို့တွင်လည်း လုပ်ပိုင်ခွင့် အာဏာတချို့ ရှိထားသလို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ အောက်တွင် တိုင်းပြည်၏ လက်နက်ကိုင် အဖွဲ့ အားလုံး ရှိနေသည်။
လွတ်လပ်ရေးရပြီး ၁၉၆၂ ခုနှစ်တွင် တပ်မတော်မှ အာဏာသိမ်းကာ ဗိုလ်ချုပ်ကြီး နေဝင်းက တိုင်းပြည်အာဏာကို ရယူခဲ့ပြီး ၁၉၈၈ တွင် ဒီမိုကရေစီရေး လှုပ်ရှားမှုများကြောင့် ၎င်းပြုတ်ကျခဲ့သော်လည်း ၎င်းထံမှ အာဏာကို မျိုးဆက်သစ် တပ်မတော် အရာရှိများက ၂၀၁၀ ခုနှစ်အထိ ထပ်မံ ရယူခဲ့ကြသည်။
၂၀၁၀ တွင် ရွေးကောက်ပွဲတရပ် ကျင်းပပြီး ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် ဦးဆောင်သည့် အရပ်သား အစိုးရတပိုင်း တက်လာပြီး နောက် ၂၀၁၅ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD အစိုးရ တက်လာခဲ့သည်။
ယနေ့ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က အရပ်သား၊ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များရှေ့ မိန့်ခွန်း ပြော ကြားရာတွင် “ကိုယ့်အမြင်က မှန်တယ်ဆိုလို့ရှိရင်လည်း ရပ်တည်ရဲတဲ့ သတ္တိ ရှိရမယ်။ ဘယ်သူပဲ ဝေဖန်၊ ဝေဖန် ဘယ်သူပဲ တိုက်ခိုက်၊ တိုက်ခိုက် ကိုယ်တကယ်ပဲ မှန်မှန်ကန်ကန် နိုင်ငံ့အကျိုးအတွက် လုပ်နေတယ်ဆိုလို့ရှိရင်တော့ ရပ်တည်ရဲတဲ့ သတ္တိ ရှိရပါလိမ့်မယ်” ဟု ပြောဆိုသွားခဲ့သည်။