သတင်း

မင်္ဂလာဒုံက ၅ နှစ် အရွယ် ကလေးအမှု တရားခံ ဖမ်းမမိသေး

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်တိုင်း မင်္ဂလာဒုံ မြို့နယ် အမှတ်(၃) လမ်းမကြီး ဘေးရှိ ရေမြောင်း အတွင်း တွေ့ရှိခဲ့သော အသက် ၅ နှစ်ခန့် အရွယ် မိန်းကလေးငယ်တဦး၏ အလောင်းနှင့် ပတ်သက်၍ ယနေ့ အချိန်ထိ တရားခံ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း မင်္ဂလာဒုံ မြို့မ ရဲစခန်းက သိရသည်။

“လက်ရှိ အခြေအနေ ကတော့ စစ်ဆေးဆဲပါ။ ဘယ်သူမှန်းတော့ မသိသေးဘူး။ လောလောဆယ် အဖြေ မရှိသေးဘူး။ လတ်တလောမှာ တိုင်းမှာရှိတဲ့ အဖွဲ့တွေရော ခရိုင်မှာရှိတဲ့ အဖွဲ့တွေ၊ စခန်းမှာ ရှိတဲ့အဖွဲ့တွေရော အကုန်လုံး ပူးပေါင်းပြီး တော့ အဖွဲ့ပေါင်းစုံက စုံစမ်းနေပါတယ်”ဟု မင်္ဂလာဒုံ မြို့မ ရဲစခန်း စခန်းမှူးက ဧရာဝတီကို ပြောသည်။

ဆက်လက်၍ ၎င်းက အဆိုပါ အခင်း ဖြစ်နေရာနှင့် ခပ်လှမ်းလှမ်းတွင် ရဲကင်းတခု ရှိကြောင်း၊ ပြည်သူတဦးက ရဲကင်း မှူး ဆီ ဖုန်းဆက် အကြောင်းကြားရာ ရဲကင်းမှူးက တဆင့် ၎င်းထံ ဖုန်းဆက် သတင်းပေး၍ မြို့နယ် အုပ်ချုပ်ရေးပိုင်း ဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ သွားရောက် စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်းလည်း ပြောပြသည်။

ဇန်နဝါရီ ၃၀ ရက် ညနေ ၆ နာရီခန့်က အမှတ်(၃)လမ်းမကြီး ကျောင်းရှေ့ မှတ်တိုင် မင်္ဂလာဒုံ မြို့နယ် အမှတ် (၇) အခြေခံ ပညာ အထက်တန်းကျောင်း အနီး ရေမရှိသော ရေမြောင်း အတွင်း၌ ဦးခေါင်း ပွင့်ထွက်ဒဏ်ရာ၊ မိန်းမ ကိုယ် တွင် ဒဏ်ရာများဖြင့် သေဆုံးနေပြီး မြက်ခြောက်များဖြင့် ဖုံးအုပ်ထားသည့် အဆိုပါ မိန်းကလေးငယ်၏ အလောင်းကို တွေ့ရှိ ခဲ့ခြင်း ဖြစ်သည်။

ယင်း ကလေးငယ်သည် မင်္ဂလာဒုံမြို့နယ် သင်္ဃန်းကျွန်းကြီး ကျေးရွာ အုပ်စု အတွင်း ခြံစည်းရိုး မရှိသည့် ပျံကျအိမ် တွင် မိဘ နှစ်ပါးနှင့် အတူ နေထိုင်ပြီး ဇန်နဝါရီ ၂၉ ရက် ည ၉ နာရီခန့်မှ စတင်ကာ ပျောက်ဆုံးသွား သဖြင့် ကူညီ ရှာဖွေပေး ရန် ကလေးငယ်၏ မိဘများက ရဲစခန်းသို့ သွားရောက် အကြောင်းကြားထားသည် ဟုလည်း မင်္ဂလာဒုံ မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်း ထံက သိရှိရသည်။

ပျောက်ဆုံးသွားသည့် ည ၈ နာရီခန့်က မိခင် ဖြစ်သူသည် အိမ်နားတွင်ရှိသော ခင်ပွန်း ဖြစ်သူ(ကလေး ဖခင်) ၏ စက်ဘီး ပြင်ဆိုင်သို့ ခဏ လိုက်သွားစဉ် ယခု သေဆုံးသွားသည့် မိန်းကလေးငယ်အား ၂ နှစ် အရွယ် အခြား ကလေး တဦးနှင့် အတူ ခြင်ထောင်တွင် သိပ်ထားခဲ့သည်ဟု ဆိုသည်။

အပြင်မှ မိဘနှစ်ပါးစလုံး ည ၉ နာရီခန့်တွင် နေအိမ်သို့ ပြန်ရောက်လာရာ (သေဆုံး) မိန်းကလေးသည် အခြား ကလေး နှင့် အတူ ခြင်ထောင်ထဲ၌ အိပ်နေသည် ထင်၍ မကြည့်မိကြောင်း၊ ဖခင်ဖြစ်သူသည် ည ၁၂ နာရီခန့်တွင် သမီးအား ကြည့် မိရာ မတွေ့ရဘဲ ပျောက်ဆုံးနေ သဖြင့် ရပ်ကွက် လူကြီးများမှ တဆင့် ရဲ တပ်ဖွဲ့သို့ ညတွင်းချင်း အကြောင်း ကြားခဲ့သည်ဟု ဆိုသည်။

ဦးအောင်လှိုင်ဝင်းက“ရဲကတော့ ရှာတာ ပုံစံ မကျလို့ပေါ့။ အဲဒီနေ့ စတိုင်ကတည်းက ပိတ်ဆို့ပြီး ရှာရင်တောင် မိလောက် တယ်လို့ ကျနော်တို့ ယူဆတယ်။ သူတို့က မှတ်တမ်း သုံးပြီးတော့ပဲ အနီးအနား ဝန်းကျင်ကို ရဲ တယောက် လောက်နဲ့ သွားကြည့်တဲ့ အဆင့်လောက်ပဲ ရှိတယ်။ အဲဒီညကတည်းက အမှန်တော့ ကိုယ့်သားသမီးလို သဘောထား ပြီး ပိတ်ဆို့ပြီး ရှာရင် ဒီလောက်ထိ ပြဿနာ မကြီးဘူးလို့ မြင်ပါတယ်”ဟု ဧရာဝတီကို ပြောသည်။

ဆက်လက်၍ ၎င်းက ရဲတပ်ဖွဲ့ကို အားကိုးကာ တရားခံ အမြန်ဆုံး ဖမ်းမိရေး ဖော်ထုတ်ခိုင်းရတော့မည် ဖြစ်ကြောင်း၊ နောက် ပိုင်းတွင် ရာဇဝတ်မှု အဖြစ်များသည့် နေရာများ၌ လုံခြုံရေး ကင်မရာများ (CCTV) ထပ်တိုးပြီး တပ်ဆင်ရန် လွှတ်တော် ကိုယ်စား လှယ်တဦး အနေဖြင့် တင်ပြသွားရန် ရှိကြောင်း ပြောဆိုသည်။

အဆိုပါ အခင်း ဖြစ်စဉ်နှင့် ပတ်သက်၍ လူမှုကွန်ရက် စာမျက်နှာတွင် ပျံ့နှံ့နေသည့် မသင်္ကာဖွယ် လူ ၃ ဦးသည် ကလေး ပျောက်ဆုံးသည့် ညက ကား တစင်းဖြင့် အိမ်နားတွင် မယောင်မလည် လုပ်နေသည်ကို တွေ့ရကြောင်း ရေးသား ပြောဆိုမှုများလည်း ရှိခဲ့သည်။

ထို ရေးသားပြောဆိုမှုများနှင့် ပတ်သက်၍ စခန်းမှူးက“အဲဒီ သတင်းတွေက ဘာမှ အတည်ပြုလို့ မရသေးပါဘူး။ အလကား ပြောနေကြတာ။ ဘယ်သူက မြင်လိုက် တာလဲ ဆိုတာ ကျနော်တို့ကို လာပြီး သတင်းပေးတာလည်း မရှိပါ ဘူး။ လူမှုကွန်ရက်ပေါ်မှာပဲ တင်နေကြတာ။ တကယ် မှန်ကန်တယ်ဆို ကျနော်တို့ကို လာပြီးတော့ သတင်းပို့သင့်တာ ပေါ့။ အဲဒီလို တယောက်မှလည်း လာပြီး သတင်းပို့တာ မရှိဘူး”ဟု ပြောဆိုသည်။

ကလေးငယ် သေဆုံးမှုနှင့် ပတ်သက်၍ ကလေးငယ်၏ ဖခင်က တရားလို ပြုလုပ်ကာ မင်္ဂလာဒုံမြို့မ ရဲစခန်းတွင် ပုဒ်မ ၃၇၆/၃၀၂ (မုဒိမ်းမှု/လူသတ်မှု) များဖြင့် အမှုဖွင့်ထားသည်ဟု ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် နိုဝင်ဘာလကလည်း အလားတူ ဖြစ်ရပ်မျိုး ဒဂုံမြို့သစ် အရှေ့ပိုင်း မြို့နယ်တွင် ဖြစ်ပွားခဲ့ပြီး ယင်း ကလေးငယ်သည် ထိုစဉ်က အသက်မသေခဲ့သော်လည်း မစင် စွန့်ရန်ပင် အဆင်မပြေသည့် အတွက် ဗိုက် ဖောက်ရသည့် အခြေအနေထိ ဖြစ်ခဲ့ဖူးသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading