သတင်း

Reuters သတင်းထောက် ၂ ဦးအတွက် အမှုပြင်ဆင်ချက် တင်သွင်းမှု တရားလွှတ်တော်ချုပ် လက်ခံ

Want create site? Find Free WordPress Themes and plugins.

နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေဖြင့် ထောင်ဒဏ် ၇ နှစ် ချမှတ်ခံတားသည့် Reuters သတင်းထောက် နှစ်ဦးအမှု အတွက် အချက် ၁၃ ချက် ပါဝင်သည့် ပြင်ဆင်ချက်ကို ပြည်ထောင်စု တရားလွှတ်တော်ချုပ် ရုံးသို့ ယနေ့ တင်လိုက်ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

ရန်ကုန်တိုင်း တရားလွှတ်တော်က ပယ်ချလိုက်သည့် အမိန့်ကို မကျေနပ်၍ နေပြည်တော်ရှိ ပြည်ထောင်စု တရား လွှတ်တော် ချုပ်သို့ ရာဇဝတ် ပြင်ဆင်ချက်ကို တင်သွင်းရခြင်း ဖြစ်ကြောင်း Reuters သတင်းထောက်၂ ဦး၏ ရှေ့နေဖြစ်သူ ဦးခင်မောင်ဇော်က ပြောသည်။

ရှေ့နေ ဦးခင်မောင်ဇော်က“အခြေခံ ဥပဒေတွေနဲ့ ဆန့်ကျင်နေတဲ့ အတွက်ကြောင့် ဥပဒေကိုကျော်လွန်ပြီး အပြစ်ပေး တဲ့ အတွက်ကြောင့် မှားယွင်းနေတယ်ဆိုတာ အချက်တွေတင်တာပါ”ဟု ပြောပြသည်။

Reuters သတင်းထောက်ဖြစ်သည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ ၂ ဦးကို နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ) ဖြင့် ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံးက ၂၀၁၈ ခုနှစ် စက်တင်ဘာ ၃ ရက်တွင် ထောင်ဒဏ် ၇ နှစ်စီ အမိန့် ချမှတ်ခဲ့သည်။ ထို့ကြောင့် သတင်းထောက်နှစ်ဦး အကျဉ်းကျ ခံရသည်မှာ ၄ လ ကျော်ပြီဖြစ်သည်။

ယင်းကဲ့သို့ ပြစ်ဒဏ်ချမှတ်မှုကို တရားမျှတမှု မရှိဟု ဆိုကာ Reuters သတင်းထောက် နှစ်ဦးအတွက် ပထမဆုံး တင် သွင်းသည့် အယူခံကို ရန်ကုန်တိုင်း ဒေသကြီး တရားလွှတ်တော်ရုံးသို့ ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၅ ရက်က တင်သွင်းထား ခြင်းဖြစ်သည်။

ထိုသို့ တင်သွင်းစဉ်ကလည်း အမှုနှင့်ပတ်သက်၍ မှားယွင်း သုံးသပ်ချက်များနှင့် အမှုအားနည်းချက်များ ပါရှိသည်ဟု သိရသည်။

ဦးခင်မောင်ဇော်က“တိုင်း တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်လို့ တရားလွှတ်တော်ချုပ်ကို တင်တာ ဖြစ်ပါတယ်။ တိုင်းတရား လွှတ်တော်ရဲ့ စီရင်ချက်တွေကို တရားလွှတ်တော်ချုပ်မှာ ပြင်ဆင်မှုပဲ တင်ရပါတယ်။ ဥပဒေကိစ္စပဲ ပြောရ တယ်။ အချက်အလက် ကိစ္စ မပြောရဘူး (ဘယ်သူ ဘာထွက်တယ် ဆိုတာမျိုးပေါ့)။ ဘယ်ကိစ္စတွေမှာ ဥပဒေ အချက် အရ မှားယွင်းနေပါတယ် ဆိုတာကို တင်တာ ဖြစ်ပါတယ်”ဟု မီဒီယာများကို ပြောသည်။

ထိုသို့ ပြင်ဆင်ချက် တင်သွင်းမှုကို တရားလွှတ်တော်ချုပ်က လက်ခံသဖြင့် ရာဇဝတ် ပြင်ဆင်မှု အမှတ် ၁၄၈ (ခ) ၂၀၁၉ ဟု အမှုနံပါတ် ပေးလိုက်ကြောင်း၊ အမှုခေါ်စာကို တရားလွှတ်တော်ချူပ် ဝက်ဘ်ဆိုက်တွင် ကြေညာပေးမည်ဖြစ် သဖြင့် ဝက်ဘ်ဆိုက်ကို စောင့်ကြည့် ရမည်ဖြစ်ကြောင်း၊ အမှုစာရင်း ပါရှိပါက လျှောက်လဲချက် ပေးရမည် ဖြစ်ကြောင်း လည်း ဦးခင်မောင်ဇော်က ရှင်းပြသည်။

ကိုကျော်စိုး၏ ဇနီးဖြစ်သူ မချစ်စုကလည်း“ရှေ့နေတွေကလည်း အကောင်းဆုံးတွေ လုပ်ပေးနေတဲ့ အတွက် သူတို့ အပေါ်မှာ ယုံကြည်မှုရှိပါတယ်။ သူတို့ ပြန်လာမယ်လို့ ယုံကြည်နေပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။

Reuters သတင်းထောက် နှစ်ဦးကို လွှတ်ပေးရန် ကမ္ဘာတဝန်းရှိ လူ့အခွင့်အရေး အဖွဲ့ ၅၀ ကျော်က နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၅ ရက်နေ့ ရက်စွဲဖြင့် အိတ်ဖွင့်ပေးစာ တစောင် ပေးပို့ထားသည်။

Reuters သတင်းထောက် ၂ ဦးသည် ရဲတပ်ဖွဲ့ဘက်မှ ချိန်းဆိုမှုကြောင့် သွားရောက်တွေ့ဆုံခဲ့စဉ် ရခိုင်ပြည်နယ် မြောက်ပိုင်းမှ ဖြစ်စဉ်များနှင့် ပတ်သက်သည့် စာရွက်စာတမ်းများ လက်ဝယ်တွေ့ရှိမှုဖြင့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၂ ရက် ညက ရန်ကုန်တိုင်း ထောက်ကြန့် နယ်မြေ ရဲစခန်း၌ ဖမ်းဆီး ခံခဲ့ရခြင်း ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading