ဦးကိုနီအားလုပ်ကြံမှုတွင် လက်ရှိဖမ်းထားသူများမှာ အမှုနှင့်သက်ဆိုင်သူများမဟုတ်ဘဲ မြင့်ဆွေဆိုသူကို ဖမ်းမိမှသာ နောက်ကွယ် က ခိုင်းစေသူ ပေါ်ပေါက်မည်ဟု သေနတ်သမား ကြည်လင်းက ဖေဖော်ဝါရီ ၁ ရက်နေ့ ရုံးချိန်းအပြီးတွင် ပြောဆိုသည်။
ကြည်လင်း က “အဓိကကတော့ မြင့်ဆွေမိမှဘဲ ဘယ်သူ၊ ဘယ်သူလုပ်တယ်ဆိုတာ ပေါ်မှာပဲ၊ ဒီလူတွေက တကယ်တော့ အမှုနဲ့ဘာမှမဆိုင်ဘူး။ သူကမဲဆောက်မှာရှိတယ်ဆိုတာပဲသိတယ်၊ မြင့်ဆွေမမိမခြင်းကတော့ ဒါကြီးက ဘယ်သူခိုင်လဲမပြောတတ်ဘူး၊ မြင့်ဆွေကရှိနေသေးတယ်” ဟု တရားရုံးက အပြန်တွင် ပြောဆိုခဲ့သည်။
ရုံးချိန်းတွင် ကြည်လင်း၊ အောင်ဝင်းဇော်၊ အောင်ဝင်းထွန်းနှင့် ဇေယျာဖြိုးတို့အား စွဲချက်တင်ထားမှုများနှင့် ပတ်သက်ပြီး အပြီးသတ် အမိန့်ချမှတ်ရန် နှစ်ဖက်ရှေ့နေများက အပြန်အလှန် လျောက်လဲချက်များ ပေးခဲ့ကြပြီး လာမည့် ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် အပြီးသတ်အမိန့်ချမှတ်မည်ဖြစ်ကြောင်းလည်း တရားရုံးက ကြေညာထားသည်။
ယခင်က ရင်းနှီးဖူးသည့် မြင့်ဆွေမှ လုပ်ကြံခိုင်စေကြောင်း ကြည်လင်းမှပြောကြားခဲ့သော်လည်း မြင့်ဆွေ၏ ပုံပန်းသဏ္ဍာန်နှင့် နေရပ်အတိအကျအား ပြောကြားနိုင်ခြင်းမရှိခဲ့ဘဲ မန္တလေးဇာတိဖြစ်ကြောင်းနှင့် မဲဆောက်တွင် နေကြောင်းသာ ပြောဆိုသည်။
တရားလိုရှေ့နေများကတော့ မြင့်ဆွေဆိုသည်မှာ အောင်ဝင်ဇော်ဟုသာ ယူဆကြောင်းနှင့် အကယ်၍မြင့်ဆွေ အမှန်တကယ် ရှိပါကလည်း ရရှိထားသည့် သတင်းများအရ သေဆုံးပြီဟုသာ သိထားရကြောင်း ဆိုကြသည်။
တရားလိုရှေ့နေ ဦးနေလ က “ကြည်လင်းက သူတယောက်ပဲခံတော့မယ်၊ ကျန်တဲ့အားလုံးကို ဖယ်ထုတ်နေတဲ့ သဘောပဲ၊ သေပြီးမရှိတဲ့သူကို ထိုးချနေတာပေါ့” ဟု ပြောသည်။
လက်ရှိဖမ်းထားသူများမှာ အမှုနှင့် မဆိုင်ကြောင်း လုပ်ကြံသူကြည်လင်းက ပြောဆိုသော်လည်း လက်ရှိဖမ်းထားသည့် အောင်ဝင်းဇော်နှင့် တရားရုံးမှ ဝရမ်းပြေး ကြေညာထားသူ အောင်ဝင်းခိုင်တို့မှာ လုပ်ကြံမှုဖြစ်ပွားချိန်တွင် လေဆိပ်၌ရှိနေသည်ကို တရားရုံးသက်သေခံ CCTV မှတ်တမ်းများတွင် တွေ့ရသည်။
လေဆိပ်ရောက်ရှိ နေခြင်းနှင့် ပတ်သက်၍ မိတ်ဆွေဖြစ်သူ လေဆိပ်လုံခြုံရေး အရာရှိ ဒုရဲမှူးကြီး ဝင်းမင်းသိန်းထံ သွားရောက် တွေ့ဆုံခြင်း ဖြစ်ကြောင်း အောင်ဝင်ဇော်က ထွက်ဆိုထားသော်လည်း ယင်းအချက်အား သက်သေထူပေးမည့် ဒုရဲမှူးကြီး ဝင်းမင်းသိန်း မှာ တရားခံပြ သက်သေအဖြစ်ထွက်ဆိုပေးခြင်းမရှိခဲ့ပေ။
အခင်းဖြစ်ပြီးနောက် အောင်ဝင်းခိုင်မှာလည်း ထွက်ပြေးတိမ်းရှောင်နေခဲ့ပြီး နှစ်နှစ်ကျော်ကြာသည်ထိ ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခြင်းမရှိသေးပေ။
ကြည်လင်းနှင့် အောင်ဝင်းဇော်တို့သည် ထောင်အတူ ကျခဲ့ဖူးသူများလည်းဖြစ်ပြီး အောင်ဝင်းဇော်မှ လူတဦးအား လုပ်ကြံရန် လာရောက် ကမ်းလှမ်းဖူးသည့် အခြေအနေများနှင့်ဆက်စပ်၍ ကြည်လင်းနှင့် အောင်ဝင်းဇော်တို့အကြား ဆက်စပ်မှုကို အင်းစိန်းအောင်စိုး က ဖော်ထုတ်ပေးခဲ့ခြင်းဖြစ်သည်။
လက်ရှိဖမ်းဆီးခံထားရသည့် အောင်ဝင်းဇော်၊ ဇေယျာဖြိုးနှင့် အောင်ဝင်းထွန်းတို့မှလည်း အမှုတွင် သက်ဆိုင်ခြင်းမရှိကြောင်း အကြိမ်ကြိမ် ငြင်းဆိုမှုများ ပြုလုပ်နေခဲ့ပြီး တရားလိုဘက်က ခိုင်မာသည့်အထောက်အထားများ မရှိကြောင်းလည်း ပြောဆိုကြသည်။
ကြည်လင်း၏ရှေ့နေ ဦးကျော်ကျော်ထိုက် က “ ကြည်လင်းကလွဲလို့ ကျန်တဲ့သူတွေက ဒီအမှုမှာ ကိုယ်ထိလက်ရောက် ကျူးလွန်ပါတယ်၊ မဖြစ်မနေပါဝင် လုပ်ဆောင်ခဲ့ပါတယ်ဆိုတဲ့ အပ်ကျမတ်ကျ အထောက်အထားတွေက အမှုမှာ စစ်ဆေးပေါ်ပေါက်တာမရှိပါဘူး” ဟု ပြောသည်။
မြောက်ပိုင်းခရိုင်တရားရုံးမှ ခုံတရားသူကြီးအဖွဲ့ကတော့ သေဒဏ်အထိပြစ်ဒဏ်ချနိုင်သည့်ပုဒ်မဖြင့် ကြည်လင်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုးတို့ကို စွဲချက်တင်ထားပြီး အောင်ဝင်းထွန်းအား ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်နိုင်သည့် ပုဒ်မ ၂၁၂ ဖြင့် စွဲချက်တင်ထားသည်။