ရွာများအတွင်း ပုန်းအောင်နေသော ရက္ခိုင့်တပ်မတော် (AA) တပ်ဖွဲ့ဝင်များကို ရှာဖွေရန် ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့နယ် ၇ ခုတွင် နေအိမ်များကို စစ်ဆေးရှာဖွေရန် ရခိုင်ပြည်နယ်အစိုးရက တပ်မတော်နှင့် ရဲတပ်ဖွဲ့ကို ခွင့်ပြုလိုက်သည်။
ဇန်နဝါရီလ ၂၅ ရက်နေ့ ရက်စွဲတပ်ထားပြီး ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦး ကျော်အေးသိန်း လက်မှတ်ရေးထိုးထားသည့် ပြည်နယ်အစိုးရက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့သို့ ပေးပို့သော စာကို ဧရာဝတီသတင်းဌာနက ကြည့်ရှုခွင့်ရခဲ့သည်။
ရခိုင်မြောက်ပိုင်းမှ ထိုမြို့နယ် ၇ ခုတွင် AA တပ်ဖွဲ့ဝင်များသည် ရွာအတွင်းရောနှောနေသည်ဟူသော သတင်းများကို ပြည်နယ်အစိုးရက ယခုလအစောပိုင်းက လက်ခံရရှိကြောင်း ထိုစာတွင် ဖေါ်ပြထားသည်။ ဇန်နဝါရီလ ၄ ရက်နေ့က ရဲတပ်ဖွဲ့ဝင် ၁၃ ဦးသေဆုံးပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းသွားသည့် ရခိုင်မြောက်ပိုင်း နယ်ခြားစောင့် ရဲစခန်းလေးခုကို တိုက်ခိုက်မှုအတွက် ပြည်ထောင်စုအစိုးရသည် AA ကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်ထားသည်။
ထိုဖြစ်ရပ်နောက်ပိုင်းတွင် အစိုးရဌာနအများအပြားက မိသားစုနှင့် လူဦးရေ အခြေအနေစစ်ဆေးမှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် ခွင့်တောင်းခံသည်။ ထိုလုပ်ငန်းများတွင် အိမ်ထောင်စုစာရင်း စစ်ဆေးခြင်း၊ စာရင်းဝင်မိသားစုများကို ဓါတ်ပုံရိုက်ခြင်းနှင့် ကျောက်တော်၊ ပုဏ္ဍားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောနှင့် မြေပုံမြို့နယ်မှ ရခိုင်ပြည်နယ်တွင် လူသိအများဆုံး ခရီးသည်ဆွဲဆောင်ရာမြောက်ဦးတို့တွင် မသင်္ကာသော နေအိမ်များကို ဝင်ရောက်ရှာဖွေခြင်းတို့ပါဝင်သည်။
ပြည်နယ်အစိုးရအဖွဲ့အစည်းအဝေးကို ဇန်နဝါရီလ ၂၃ ရက်နေ့က ကျင်းပပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ခန့်အပ်သော ဝန်ကြီးများသည် ထိုလုပ်ငန်းများကို လုပ်ငန်းစဉ်များနှင့်အညီ အထက်ပါ မြို့နယ် ၇ ခုတွင် လုပ်ခွင့်ပြုခဲ့သည်။
ထိုလုပ်ငန်းများဆောင်ရွက်ရန် တာဝန်ရှိသောဌာနလေးခုကို စာတွင်ဖေါ်ပြထားပြီး လုပ်ငန်းများပြီးစီးသောအခါ ပြည်နယ်အစိုးရသို့ ပြန်လည် အစီရင်ခံရမည်ဟု ၎င်းတို့ကို ညွှန်ကြားထားသည်။ ရခိုင်ပြည်နယ်လွှတ်တော် ဒု ဥက္ကဌက ထိုစာသည် စစ်မှန်ကြောင်း အတည်ပြုပြောကြားပြီး ထိုးထားသောလက်မှတ်မှာ ဝန်ကြီး ဦးကျော်အေးသိန်း ၏လက်မှတ်ဖြစ်ကြောင်းပြောသည်။
“ဒီမြို့နယ် ၇ ခုမှာ သူတို့ရဲ့လုပ်ရပ်ကို ကျနော်တို့စောင့်ကြည့်ရမယ်။ သူတို့လုပ်ရပ်တွေဟာ လုပ်ထုံးလုပ်နည်း ညီမညီစောင့်ကြည့်ဖို့ ကျနော်တို့လွှတ်တော် ကိုယ်စားလှယ်တွေကို အကြောင်းကြားထားပြီးပြီ” ဟုလည်း သူပြောသည်။
ကြာသပတေးနေ့က ဧရာဝတီသတင်းဌာနက ဖုန်းဖြင့် ဆက်သွယ်ရာ ဝန်ကြီး ဦးကျော်အေးသိန်းက ထိုနေရာများတွင် ရှာဖွေစစ်ဆေးမှုများပြုလုပ်ရန် ယခင်က ခွင့်ပြုပြီးဖြစ်ကြောင်း ပြောသော်လည်း ဇန်နဝါရီလ ၂၅ ရက်နေ့က ခွင့်ပြုသည့် စစ်ဆေးမှုများအကြောင်းမေးသောအခါ ထိုစာကို လက်မှတ်ထိုးခဲ့သည်ဟု မမှတ်မိကြောင်း သူပြောသည်။
“စာတွေအများကြီး လက်မှတ်ထိုးရတော့ မမှတ်မိတော့ဘူး” ဟု သူပြောသည်။
ထိုစာကို သတိမထားမိကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ အကြီးအကဲ ရဲမှူးကြီး ကြည်လင်းက ဆိုသည်။
ကျောက်တော်၊ ရသေ့တောင်နှင့် မောင်တောတို့မှ မြို့နယ် အာဏာပိုင်များကို ဆက်သွယ်သောအခါတွင်လည်း ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ထိုစာကို မရသေးကြောင်းပြောသည်။ ထိုစာများကို မြိုနယ်အဆင့် အုပ်ချုပ်ရေးထက် လုံခြုံရေးတပ်များနှင့် အဆင့်မြင့်ဌာနများသို့ လိပ်စာတပ်ပေးပို့ခဲ့သည်ဟု အချို့ကခန့်မှန်းကြပြီး ထိုစာ၏ စစ်မှန်မှုကို ယုံကြည်ကြသည်။
၂၀၁၇ ခုနှစ်က နယ်စပ်စခန်းများကို ARSA တိုက်ခိုက်မှုအပြီး ပြည်နယ်အစိုးရက စစ်ဖက်ကို အလားတူ အမိန့်ပေးခဲ့ခြင်း ရှိ မရှိလည်း ဧရာဝတီက မေးခဲ့သည်။ ထိုစဉ်က စစ်ဆင်ရေးကြောင့် မွတ်ဆလင် ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်သို့ထွက်ပြေးရသည်။ ကုလသမဂ္ဂက တပ်မတော် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်းကို ရိုဟင်ဂျာခေါ် ဘင်္ဂါလီများကို ကျူးလွန်သော ရာဇဝတ်မှုများအတွက် နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC တွင် စစ်ဆေးရန် တောင်းဆိုထားသည်။
၂၀၁၇ ခုနှစ် ရိုဟင်ဂျာ အကျပ်အတည်းအပြီးတွင် ထိုသို့လူဦးရေ စစ်ဆေးသည့် ညွုှုန်ကြားချက်မျို းမကြားဖူးကြောင်း သူတို့ပြောကြသည်။
ရခိုင်မြောက်ပိုင်းမှ မြို့နယ်များကို ဖေါ်ပြထားသော ညွှန်ကြားချက်များရှိသော်လည်း တရုတ်စီမံကိန်းကြီးများရှိရာ ကျောက်ဖြူမှ ကျေးရွာ အုပ်စု ၃ ခုတွင် ယခုအပတ်အတွင်း ပြုလုပ်သော စစ်ဆေးရေးအဖွဲ့များတွင် လက်နက်အပြည့်အစုံ တပ်ဆင်ထားသော စစ်သားများ၊ ရဲနှင့် လူဝင်မှုကြီးကြပ်ရေး အရာရှိများ ပါဝင်ကြောင်း သတင်းများ ထွက်ပေါ်နေသည်။
AA ၏ ဇန်နဝါရီလ ၄ ရက်နေ့တိုက်ခိုက်မှုအပြီး နောက်တနေ့တွင် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နေပြည်တော်တွင် ရှားရှားပါးပါး အဆင့်မြင့်အစည်းအဝေး ကျင်းပခဲ့သည်။ ထိုနောက် AA ကို လက်တုန့်ပြန်ရန် သမ္မတရုံးက တပ်မတော်ကို ခွင့်ပြုခဲ့သည်။
နေပြည်တော်တွင် ဇန်နဝါရီလ ၁၈ ရက်နေ့က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ် ထွန်းထွန်းညီက “AA ကို ထိထိရောက်ရောက်တိုက်ဖို့ ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားထားတယ်။ ကျနော်တို့ မချေမှုန်းရင် တပ်မတော်က တိုင်းရင်းသားအုပ်စုတွေကို မချေမှုန်းဘဲ ဘာကြောင့် ဘာသာမတူတဲ့ ARSA ကို ချေမှုန်းလဲဆိုပြီး လက်ညှိုးထိုးစရာဖြစ်လာမယ်” ဟုပြောသည်။
(Moe Myint ၏ Household Search Operations to Be Carried Out in N Rakhine ကို ဘာသာပြန်ဆိုသည်။ )