မကွေးတိုင်း ဒေသကြီး သရက်မြို့တွင် လူစုလူဝေးဖြင့် ခိုက်ရန်ဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့မှ သေနတ်ပစ်ဖောက် ဖြိုခွင်းခဲ့ရသဖြင့် လူ ၂၀ နီးပါးဒဏ်ရာရကာ အတွင်းလူနာအဖြစ် ၂ ဦး ဆေးရုံတင်ထားရကြောင်း သရက်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမော်က ဧရာဝတီကို ပြောသည်။
ဖြစ်စဉ်မှာ ယမန့် ညနေ ၆ နာရီခန့်က သရက်မြို့ အားကစားကွင်းတွင် ကျေးရွာအုပ်စုလိုက် ဘောလုံးပြိုင်ပွဲကြည့်၍ ပြန်လာသည့် ရေပေါ်ကျွန်းရွာမှ အရက်သေစာ သောက်စားထားသူ လူငယ် ၃ ဦးမှာ မြို့လည် လမ်းမတော်လမ်းနဲ့ မင်းတုန်းလမ်းထောင့်ရှိ မဒီနာ လက်ဘက်ရည်ဆိုင်ရှေ့တွင် ရပ်ထားသော Prbox ကားအား ထုရိုက်နေသဖြင့် ပိုင်ရှင်ဖြစ်သူမှ သွားတားခဲ့ရာ အချင်းများ ရန်ဖြစ်ခဲ့ပြီး အဆိုပါ လူငယ်များမှ သရက်နှင့် အောင်လံကြား ရေပေါ်ကျွန်းရွာသို့ ဖုန်းဆက် အကူအညီတောင်းရာ ရွာမှ လူအင်အား ၁၀၀ ကျော် ရောက်ရှိလာပြီး ကားမှန်နှင့် ဆိုင်ရှေ့အမိုးများအား ထုခွဲရိုက်ပြုလုပ်ခဲ့သည့်အတွက် ရဲတပ်ဖွဲ့မှ ရာဘာကျည်ပစ်ဖောက် လူစုခွဲခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ဖေ့ဘွတ် လူမှုကွန်ရက်စာမျက်နှာတွင် ဘာသာရေး အဓိကရုဏ်းပုံစံ ရေးသားဖေါ်ပြမှုများ ရှိနေပြီး ယခုပြဿနာမှာ အရက်သေစာသောက်စားထားသူ လူငယ် ၃ ဦးနှင့် ဘာသာကွဲ ကားပိုင်ရှင်ကြား ခိုက်ရန်ဖြစ်ပွားရာမှ လူအုပ်များလာပြီး ရဲတပ်ဖွဲ့မှ သေနတ်ပစ်ဖေါက် ဖြိုခွင်းခဲ့ရခြင်းဖြစ်ကြောင်းနှင့် နောက်နောင်မဖြစ်ပွားရန် ဥပဒေအရ အရေးယူဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း ဒေါ်အေးအေးမော်က ဆက်ပြောသည်။
“ ဖေ့ဘွတ်မှာရေးသလို အဓိကရုဏ်း ဖြစ်တာ မဟုတ်ပါဘူးရှင့်။ သာမန်ခိုက်ရန်ဖြစ်တာ ဘာသာခြားနဲ့ဖြစ်တော့ စကားတွေက ကားကုန်ကြတာပါ။ လူစုများလို့ ရဲတပ်ဖွဲ့က ရာဘာကျည်ဆံနဲ့ပစ်ပြီး လူစုခွဲတယ်လို့ ပြောပါတယ်။ အတွင်းလူနာကတော့ ၂ ယောက်ထဲ။ ကျန်တာကတော့ ရာဘာကျည်ဆံဆိုတော့ ခြေသလုံးမှန်တာတို့ ဘာတို့တော့ သူတို့ရွာပြန်ပြီး ဆေးထည့်ကြတယ်။ ကျမတို့ကတော့ နောက်နောင်ကို ဒီလိုမဖြစ်အောင် ဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆောင်ရွက်သွားမယ်လို့ ပြည်သူတွေကို ချပြထားပါတယ်။ မူးယစ်ရမ်းကားလုပ်တဲ့ ကလေးတွေကိုတော့ အမှုဖွင့်ဖို့ လက်ရှိစခန်းမှာ ပြောဆိုနေကြတာတော့ ရှိပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
လူငယ် ၃ ဦး၏ အမည်၊ သူတို့ကို မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်၊ အမှုဖွင့် အရေးယူရန် ရှိ မရှိနှင့် အဖြစ်အပျက်နှင့် ပတ်သက်သည့် အကြောင်းအရာများကို မေးမြန်းရန် ဖုန်းအကြိမ်ကြိမ် ခေါ်ဆိုသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပါ။
ဧရာဝတီမှ စုံစမ်းသိရှိရသော ရဲမှတ်တမ်းများအရ လူအုပ်စုကြီးအား လူစုခွဲရန် ရဲတပ်ဖွဲ့ဝင်များမှ တားမြစ်သော်လည်း ရေပေါ်ကျွန်းရွာမှ ရောက်ရှိလာသည့် လူအုပ်အတွင်းမှ ဝါးချွန်များ၊ တုတ်များ၊ ခဲများဖြင့် ပစ်ပေါက်ပြီး ရဲတပ်ဖွဲ့ဝင်များကို တိုက်ခိုက်သဖြင့် ရာဘာချည်ဖြင့် ၁၅ ချက်ခန့် မိုးပေါ်ထောင် စတင် ပစ်ဖေါက်ခဲ့သော်လည်း လူစုမခွဲပဲ ရဲတပ်ဖွဲ့ဝင်များကို တိုက်ခိုက်သဖြင့် ရဲတပ်ဖွဲ့ဝင် ၃ ဦး ဒဏ်ရာရရှိသဖြင့် လူအုပ်အတွင်း သေနတ် ၂ ချက် ထပ်မံပစ်ဖေါက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ ရဲတွေလည်း ပထမတော့ မိုးပေါ်ထောင်ဖေါက်ပြီးချောက်တာ။ အဲဒါကို ဝါးချွန်တွေနဲ့ပစ် ခဲတွေနဲ့ထုပြီး ရဲတွေနဲ့ဖြစ်တော့ နောက်ဆုံးမနိုင်တော့လို့ လူအုပ်ထဲ သေနတ်နဲ့ ပစ်လိုက်ရတာ။ ဒဏ်ရာပြင်းတာက ၂ ယောက်တည်း။ ကျန်တဲ့ ကျည်ဆံစင်တဲ့ဟာကတော့ ၁၈ ယောက်လောက်တော့ ရှိတယ်။ ဒါ သာမန်ခိုက်ရန်ဖြစ်ပွားတဲ့ ကိစ္စပါ။ အင်တာနက်ကနေ လျှောက်ဖွနေတာ။ ဘာသာရေး အဓိကရုဏ်းလည်း မဟုတ်ဘူး။ ဘာမှ မဟုတ်ဘူး။ မူးလို့ သဘောရိုးဖြစ်တာပါ” ဟု သရက်မြို့မှဒေသခံ မျက်မြင်ကိုဘဦးက ဧရာဝတီကို ပြောသည်။