သတင်း

လက်နက်ကြီးစထိမှန် သေဆုံးသည့် ကလေးအတွက် အစိုးရ ထောက်ပံ့ငွေ မိဘများငြင်းဆန်

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် သမီးလှရွာသစ် ကျေးရွာအတွင်း လက်နက်ကြီး ကျမှန်ပေါက်ကွဲမှုကြာင့် သေဆုံး သွားသည့် ကလေးငယ် အတွက် အစိုးရက ထောက်ပံ့ငွေ ကျပ် ၄ သိန်းခွဲ ပေးခဲ့သေ်ာလည်း မိဘများက ထိုထောက်ပံ့ငွေကို အစိုးရထံ ပြန်လည်ပေးအပ် ခဲ့ကြောင်းသိရသည်။

သမီးလှရွာသစ် ရွာမှ အသက် ၇ နှစ်အရွယ် မောင်နိုင်စိုးသည် ဇန်နဝါရီလ ၂၆ ရက်နေ့က ရွာအတွင်း ကျမှန်ပေါက်ကွဲသည့် လက်နက်ကြီး ကျည်စထိမှန်ပြီး ရရှိသည့် ဦးခေါင်းဒဏ်ရာဖြင့် ၂၈ ရက်နေ့တွင် သေဆုံးခဲ့သည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး ဇန်နဝါရီ ၃၁ ရက်နေ့တွင် ပြည်နယ်အစိုးရအဖွဲ့နှင့် လူမှုဝန်ထမ်း ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်စီမံခန့်ခွဲရေး ဦးစီးဌာနမှ ထောက်ပံ့သည့် ကျပ်ငွေ ၄ သိန်းခွဲ အား ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူးမှ တဆင့် မိဘများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါထောက်ပံ့ငွေအား မိဘများက မူလက လက်ခံခဲ့သော်လည်း ထိုငွေကို လက်ခံခဲ့မိသဖြင့် စိတ်ထိခိုက်သည်ဟုဆိုကာ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပြန်လည်ပေးအပ်ခဲ့ကြောင်း မောင်နိုင်စိုး၏ ဖခင်ဖြစ်သူ ဦးကျော်ကျော်နိုင် က ပြောသည်။

ဦးကျော်ကျော်နိုင် က “ယူလာကတည်းက ကျနော်စိတ်မချမ်းသာဘူး။ ကျနော်က ပြည်သူတယောက်၊ သူတို့က အစိုးရ ဖြစ်နေတော့ မယူရင် ဖမ်းချုပ်ထားမှာကိုလည်း ကြောက်တယ်။ ကျနော် အတွေ့အကြုံလည်း မရှိဘူး။ စာအိပ် ၂ အိပ်နဲ့ ထည့်ပြီးပေးတာ။ အဲဒီစာအိပ်အတိုင်း ပြန်သွား ပေးလိုက်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

ယင်းထောက်ပံ့ငွေ ကျပ် ၄ သိန်းခွဲတွင် ပြည်နယ်အစိုးအဖွဲ့က ထောက်ပံ့ငွေ ကျပ် ၂ သိန်းနှင့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တာရယ် စီမံခန့်ခွဲရေး ဦးစီးဌာနက ကျပ် ၂ သိန်းခွဲ စုစုပေါင်း ကျပ်ငွေ ၄ သိန်းခွဲ ကို ကလေးငယ်၏ နာရေးအတွက် ထောက်ပံ့ငွေ ပေးခြင်းသာ ဖြစ်ကြောင်း ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းအောင် က ပြောသည်။

အုပ်ချုပ်ရေးမှူး ဦးဝင်အောင် က “မနေ့ကတော့ မလိုချင်ဘူးဆိုပြီး လာပေးသွားတာတော့ ရှိတယ်။ ဝန်ကြီးဌာနက ပေးတာကတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ဘယ်နေရာမှာ ပဲဖြစ်ဖြစ် မူအရ ပေးတာပေါ့။ အစိုးရအဖွဲ့ကလည်း နာရေး ထောက်ပံ့ ကူညီတဲ့သဘောပေးတာပါ။ သူတို့က မလိုချင်း ဘူး။ စိတ်မသန့်လို့ဆိုပြီးတော့ မနေ့က ပြန်လာပေးသွားတယ်” ဟု ဧရာဝတီသို့ ပြောသည်။

သမီးလှရွာသစ် ကျေးရွာသစ်အနီးတွင် ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက်ပိုင်းက တပ်မတော် စစ်ကြောင်း မိုင်းခွဲတိုက်ခိုက်ခြင်း ခံခဲ့ရကြောင်း အဆိုပါ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ရွာထဲသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြစ် ပစ်ခတ်ခံခဲ့ရကြောင်း သိရသည်။

မိုင်းခွဲတိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး တပ်မတော်စစ်ကြောင်း က သမီးလှရွာသစ်ကျေးရွာအတွင်းသို့ မသင်္ကာမှုဖြင့် ဝင်ရောက် စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း ထိုသို့စစ်ဆေးရာတွင် နေအိမ်များပေါ်သို့ တက်ရောက်၍ မွှေနှောက်ရှာဖွေခဲ့ရာတွင် အိမ်ရှင်များ၏ ရွှေ၊ ငွေများကိုပါ ယူဆောင်သွားသည်ဟု ရွာသားများက ပြောသည်။

တပ်မတော် စစ်ကြောင်း မိုင်းခွဲတိုက်ခိုက်ခံရမှုနောက်ပိုင်း ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် သမီးလှကျေးရွာနေ အရပ်သား ၅ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ယင်းအထဲတွင် အသက် ၇ နှစ် အရွယ် မောင်နိုင်စိုးမှာ လက်နက်ကြီးအစ ဦးခေါင်း ထိမှန်ရာမှ သေဆုံးသွားခဲ့ရခြင်းဖြစ်သည်။

သို့သော်လည်း ထိုရွာသားများ၏ ပြောကြားချက်ပေါ် တပ်မတော်ဘက်က ငြင်းဆိုထားပြီး ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ရသေ့တောင်မြို့နယ် သမီးလှရွာသစ် ဖြစ်စဉ်နှင့် ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ဖြစ်ပွားခဲ့သော အုန်းချောင်း ကျေးရွာ ဖြစ်စဉ်များတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ကျေးရွာရှိ ရပ်မိ ၊ ရပ်ဖများနှင့် ပူးပေါင်း၍ ဝင်ရောက် စစ်ဆေးခြင်းသာ ဖြစ်သည်ဟု သတင်းထုတ်ပြန်ထားသည်။

ထိုသို့ စစ်ဆေးခဲ့ရာတွင်လည်း အဖိုးတန် ၊ လက်ဝတ်ရတနာများနှင့် ပစ္စည်းများ ယူဆောင်မှုနှင့် ပစ္စည်းများ ပျောက်ဆုံးမှု ရှိမရှိကြောင်းကို ရွာသားများအား ပြန်လည် စစ်ဆေးစေကာ စုံလင်မှု ရှိမရှိကို ကျေးရွာရပ်မိရပ်ဖ ကျေးရှေ့၌ စနစ်တကျ လက်မှတ် ရေးထိုးခြင်းများကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ဖေဖော်ဝါရီလ ၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန် သည်။

ဒေသခံကျေးရွာသားများ ကတော့ ဇန်နဝါရီလ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့သော ဖြစ်စဉ်၌ အုန်းချောင်းကျေးရွအား ဝင်ဖွှေရာတွင် ရပ်ဖိ ရပ်ဖများ ပါဝင်သော်လည်း ဇန်နဝါရီလ ၂၆ ရက်နေ့ ဖြစ်ပွားသည့် သမီးလှ ရွာသစ် ဖြစ်စဉ်တွင် မိုင်းခွဲတိုက်ခိုက်ခံရသည့် တပ်မတော် စစ်ကြောင်းက ရွာသားများ တယောက်မကျန် စာသင်ကျောင်းထဲတွင် ထည့်ကာ ရပ်မိ ၊ ရပ်ဖ တဦးတယောက်မှ မပါဘဲ နေအိမ်များကို ဝင်မွှေပြီး ပစ္စည်းများကို ယူဆောင်သွားခြင်း ဖြစ်ဟု ပြောသည်။

ထိုသမီးလှရွာသစ်ဖြစ်စဉ်နှင့် ပတ်သက်ပြီး ရသေ့တောင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်ဒေါ်ခင်စောဝေက အဖြစ်မှန်ကို စုံစမ်းဖော်ထုတ်ပေးရန် တောင်းဆိုသွားမည် ဖြစ်သလို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဦးသန်းနိုင်ကလည်း လာမည့် ပြည်နယ်လွှတ် တော်အစည်း အဝေး တွင် မေးခွန်းများ မေးမြန်းသွားမည်ဟု ဆိုသည်။

ဆက်စပ်ဖတ်ရှုရန်

လက်နက်ကြီး အစမှန်သည့် သမီးလှရွာ ကလေးငယ် စိုးရိမ်ရသဖြင့် ရန်ကုန်သို့ ပို့ဆောင်

သမီးလှရွာ ဖြစ်စဉ် စုံစမ်းဖော်ထုတ်ပေးရန် တောင်းဆိုမည်

Did you find apk for android? You can find new Free Android Games and apps.
Loading