4 February 2019ချစ်မင်းထွန်း
သတင်း

အိန္ဒိယ သူပုန်များကို လက်ခံထား၍ နာဂ ဌာနချုပ်ကို သိမ်းကြောင်း တပ်မတော်ထုတ်ပြန်

Want create site? Find Free WordPress Themes and plugins.

နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ (NSCN-K) ဗဟိုဌာနချုပ်တွင် အန္ဒိယ အစိုးရအား တိုက်ခိုက်နေသည့် အာသံနှင့် ကသည်းသူပုန်များ ခိုအောင်းနေ၍ ထိန်းသိမ်းလိုက်ခြင်းဖြစ်ကြောင်း တပ်မတော်က ဖေဖော်ဝါရီလ ၃ ရက်နေ့ ရက်စွဲဖြင့် တရားဝင် သတင်းထုတ်ပြန်လိုက်သည်။

မြန်မာ့တပ်မတော်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်၊ တကားကျေးရွာရှိ NSCN-K ၏ ဗဟိုဌာနချုပ် တကား စခန်းကို တပ်ရင်း ၆ ရင်း အင်အား ၄၀၀ ကျော်ဖြင့် ဇန်နဝါရီလ ၂၉ ရက်က ဝင်ရောက်၍ ထိန်းချုပ်လိုက်ခြင်းဖြစ်သည်။

တပ်မတော်မှ NSCN-K ဌာနချုပ်ကို ဆက်လက် ထိန်းချုပ်ထားကြောင်း၊ ထိုသို့ နယ်မြေရှင်းလင်းရေးလုပ်၍ ထိန်းချုပ်လာခြင်းက အိန္ဒိယ အစိုးရကို တိုက်ခိုက်နေသည့် လက်နက်ကိုင်အဖွဲ့များ NSCN-K ဌာနချုပ်မှာ လာရောက်အခြေစိုက်နေခြင်းအပေါ် အိန္ဒိယဘက်က တိုက်ခိုက်ပေးရန် တောင်းဆိုခြင်းကြောင့် ဆောင်ရွက်ခြင်းဖြစ်သည်ဟု သိရကြောင်း NSCN-K မှ ဗဟိုကော်မတီဝင် ဦးကျော်ဝမ်းစိန်က ဧရာဝတီသို့ပြောသည်။

ဦးကျော်ဝမ်းစိန် က “အဲဒါကတော့ အိန္ဒိယနိုင်ငံ အရှေ့မြောက်က လက်နက်ကိုင်အဖွဲ့အစည်းတွေက NSCN ရှိတဲ့ နယ်မြေဒေသတွေမှာ နေထိုင်နေတယ် ဆိုတဲ့အမြင်နဲ့ အိန္ဒိယဘက်ကနေ နယ်မြေရှင်းလင်းခိုင်းတယ်လို့သတင်းရတယ်” ဟု ပြောသည်။

NSCN-K လှုပ်ရှားနယ်မြေအတွင်း တပ်မတော်က ဝင်ရောက်ရှင်းလင်းပြီးရာမှ သိမ်းဆည်းခဲ့သော မှတ်တမ်းများ (ဓာတ်ပုံ – တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး)

တပ်မတော်၏ ထုတ်ပြန်ချက်တွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂ ရက်နေ့က အိန္ဒိယ နိုင်ငံထဲတွင် လက်နက်များနှင့် ဖမ်းမိသည် အမျိုးသား ၅ ဦးနှင့် အမျိုး သမီး ၄ ဦးတို့မှာ မြန်မာနိုင်ငံအတွင်း စစ်သင်တန်းများ တက်ရောက်ပြီး ပြန်ဝင်လာခြင်းဖြစ်ကြောင်း အိန္ဒိယ သတင်းဌာနများကို ကိုးကား၍ သတင်းထုတ်ပြန်ထားသည်။

အဆိုပါသတင်းများနှင့် ပတ်သက်၍ ဆက်စပ်စစ်ဆေးကြည့်ရာတွင် NSCN-K အဖွဲ့အနေဖြင့် အိန္ဒိယ အစိုးရအား ဆန့်ကျင်တိုက်ခိုက်နေသည့် တရားမဝင် လက်နက်ကိုင်အဖွဲ့အချို့အား ၎င်းတို့အသွင်ယူစေပြီး NSCN-K လှုပ်ရှားနယ်မြေတွင် လက်ခံထားပြီး စစ်သင်တန်းများ ပို့ချလျှက်ရှိသည်ကို တွေ့ရသည်ဟုဆိုသည်။

ထိုနောက် တပ်မတော်အနေဖြင့် ဇန်နဝါရီလ ၂၉ ရက်နေ့ကစ၍ ရှင်းလင်းမှုများပြုလုပ်ခဲ့ရာ ကျေးရွာ၏ အနောက်တောင်ဘက် မီတာ ၆၅၀၀ ခန့်နှင့် မီတာ ၂၈၀၀ ခန့်အကွာတို့တွင် စခန်း ၂ ခုနှင့် သင်တန်းကျောင်း နေရာ ၂ ခုအား လည်းကောင်း၊ တကားကျေးရွာ၏ မြောက်ဘက် မီတာ ၁၈၀၀ ခန့်အကွာရှိ ယာယီအခြေပြုနေရာ ၁ ခုအား လည်းကောင်း၊ တကားကျေးရွာ၏ အနောက်ဘက် မီတာ ၁၆၀၀ ခန့်အကွာရှိ စခန်း ၁ ခုအား လည်းကောင်း အသီးသီးရှင်းလင်းသိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

ယင်းသို့ သိမ်းပိုက်ရာတွင် NSCN-K အဖွဲ့ဝင် ၆ ဦး၊ ကသည်းသောင်းကျန်းသူ ၂ ဦး အပါအဝင် လက်နက်ငယ်မျိုးစုံ ၁၁ လက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့သည့်အပြင် ကသည်းနှင့်အာသံ သောင်းကျန်းသူများ နေထိုင်ခဲ့သည့် အထောက်အထားများ၊ စာရွက်စာတမ်း များနှင့် ၎င်းတို့နှင့်ဆက်သွယ်ခဲ့သည့် အထောက်အထားများအား သိမ်းဆည်းရမိ ခဲ့ကြောင်း ဖော်ပြထားသည်။

ဦးကျော်ဝမ်းစိန် က “ULFA တို့ ကသည်းသူပုန်တို့က ဒီမှာလည်း များများစားစားရှိတာလည်းမဟုတ်ဘူး။ တဖွဲ့ကို ၃-၄-၅ ယောက်စ ၁၀ ဆိုတော့။ အခုလောလောဆယ်မှာတော့ သူတို့လည်း အကောင်းဆုံးဖြစ်အောင်တော့ နောက်ဆုတ်ပေးကြတာပေါ့။ သူတို့ဘယ်ကြားမှာရှိတယ်ဆိုတာတော့ ကျနော်တို့မသိဘူး”ဟု ပြောသည်။

NSCN-K လှုပ်ရှားနယ်မြေအတွင်း တပ်မတော်က ဝင်ရောက်ရှင်းလင်းပြီးရာမှ သိမ်းဆည်းခဲ့သော မှတ်တမ်းများ (ဓာတ်ပုံ – တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး)

လက်ရှိတွင် အိန္ဒိယကို တိုက်ခိုက်နေသည့် လက်နက်ကိုင်အဖွဲ့များ မည်သည့်ဘက်သို့ ဆုတ်သွား ကြောင်း မိမိလည်း မသိကြောင်း၊ NSCN-K ဌာနချုပ်မှာ အိန္ဒိယကို တိုက်ခိုက်နေသည့် လက်နက်ကိုင်အဖွဲ့များ အခြေစိုက်ခြင်း မရှိကြောင်း ၎င်းကဆိုသည်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ တံခါးမှာ လုံခြုံရေးအရ နယ်မြေရှင်းရေး လုပ်ရကြောင်း၊ အိန္ဒိယဘက်က အိန္ဒိယကိုတိုက်ခိုက်နေသည့် သူပုန်များကို တိုက်ခိုက်ပေးရန် တောင်းဆိုမှု ရှိ/မရှိအပေါ် ယတိပြတ် ငြင်းဆိုခြင်းမရှိသော်လည်း အိန္ဒိယတပ်မတော်နှင့် မြန်မာ့တပ်မတော် အချင်းချင်း ဆက်စပ်မှုရှိပြီး ချစ်ခင်မှုအပြည့်အဝရှိကြောင်း ဧရာဝတီသို့ပြောသည်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “အဲဒီ တကား ဘက်မှာတော့ လုံခြုံရေးအရ ဆောင်ရွက်မှုလေးတော့ရှိပါတယ်။ အဲဒါကတော့ ကျနော်တို့ အိန္ဒိယတပ်မတော်နဲ့ မြန်မာ့တပ်မတော်နဲ့ကတော့ အချင်းချင်း ဆက်သွယ်ဆက်စပ်မှုတို့ ချစ်ခင် ရင်းနှီးမှုတို့အပြည့်အဝရှိပါတယ်ဗျ၊ အဲလောက်ပဲ ကျနော်ပြောနိုင်ပါစေတယ် ကျနော်တို့ သတင်း ထုတ်ပေးပါမယ်” ဟု ပြောသည်။
လက်ရှိတွင် NSCN-K ဘက်က အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ဥက္ကဋ္ဌ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဇန်နဝါရီ ၁ ရက်က စာပေးပို့၍ ပြန်လည်ဆုတ်ခွာပေးရန် မေတ္တာရပ်ခံထားကြောင်း ဆိုသည်။
NSCN-K မှ ဗဟိုကော်မတီဝင် ဦးကျော်ဝမ်းစိန်က “အခုကျနော်တို့ကတော့ စာပို့ထားတယ် ကျနော်တို့ NSCN ဌာနချုပ်ကနေ ဆုတ်ခွာပေးသွားရန်အတွက် သူတို့ဘက်က ဘယ်လိုဖြစ်လာမလဲ ဒါတော့ ကျနော်တို့ ဆက်ယြလက်ပြီးတော့ အကောင်းဆုံးဖြစ်အောင် နည်းလမ်းရှာပြီးတော့ ဆွေးနွေးမယ်။ နာဂဒေသဖွံ ့ဖြိုးရေးနဲ့ NSCN ကို ငဲ့ညာသောအားဖြင့် ဒီတံခါးစခန်းကနေ နောက်ကို ဆုတ်ခွာပေးသွားမယ်လို့ယုံကြည်ပါတယ်”ဟု ပြောသည်။

NSCN-K အဖွဲ့သည် ၂၀၁၂ ခုနှစ်၊ ဧပြီ ၉ ရက်နေ့တွင် စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့နှင့် ချုပ်ဆိုခဲ့သည့် ငြိမ်းချမ်းရေး တည်ဆောက်ရန် အတွက် ပဏာမ သဘောတူညီချက်အရ နာဂဒေသအတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များ ဖော်ဆောင်နိုင်ရန် နှစ်ဦးနှစ်ဖက် သဘောတူညီကြသည့် တကားဒေသ၌ ခေတ္တ အခြေပြုနေထိုင်ခွင့်ပေးခဲ့သည်။

ယခုဖြစ်ရပ်နှင့်ပတ်သက်ပြီး NSCN-K အဖွဲ့အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးနှင့် ပဏာမ သဘောတူညီချက် အပိုဒ်အချို့ကို ချိုးဖောက် ခဲ့ကြောင်း တွေ့ရှိသဖြင့် လိုအပ်သလို အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့အပြင် “နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအတွင်း တစ်ဖက်အိန္ဒိယ နိုင်ငံအား ဆန့်ကျင်နေသည့် မည်သည့်အဖွဲ့ကိုမျှ အခြေချ နေထိုင်ခွင့်ပြုမည် မဟုတ်ကြောင်းနှင့် တပ်မတော်စစ်ကြောင်းများအနေဖြင့် နယ်မြေတည်ငြိမ်အေးချမ်းရေး အတွက် လုံခြုံရေးလုပ်ငန်းများ အား ဆက်လက်ဆောင်ရွက်သွားမည်” ဟုလည်း ဖော်ပြထားသည်။

မြန်မာ့ တပ်မတော်အနေဖြင့် အိန္ဒိယကို ဆန့်ကျင်တိုက်ခိုက်နေသည့် အဖွဲ့များ မြန်မာပြည်ထဲခိုလှုံနေမှုကြောင့် နှစ်နိုင်ငံ ဆက်ဆံရေးကို ထိခိုက်မည် စိုးရိမ်ဖွယ်ရှိကြောင်း၊ ထိုအဖွဲ့များကို အိန္ဒိယ အစိုးရကလည်း မတရားအသင်းအဖြစ် ကြေညာထားသဖြင့် နှစ်နိုင်ငံ အစိုးရချင်း ပြေလည်မှုရရှိရန် အတွက် လုပ်ဆောင်ရန်လည်း လိုအပ်ကြောင်း နိုင်ငံရေး သုတေသီ ဦးမောင်မောင်စိုး က ပြောသည်။

ထို့အပြင် အိန္ဒိယ-မြန်မာ နယ်စပ် ရခိုင်ပြည်နယ်ထဲတွင် ရက္ခိုင့်တပ်မတော် (AA) နှင့် တပ်မတော်တို့အကြား တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိပြီး ထိုအခြေအနေနှင့် ပတ်သက်ပြီး မြန်မာဘက်က အိန္ဒိယနှင့် နားလည်မှု ရယူထားလိုသည့် သဘောလည်း ရှိနိုင်သည်ဟု ဆိုသည်။

ဦးမောင်မောင်စိုး က “တကယ်လို့သာ ကိုယ့်ဘက်က ကသည်းလက်နက်ကိုင်တွေကို မရှင်းလင်းဘူး။ ဗမာပြည်နယ်ထဲမှာ ရှိနေတာကို မရှင်းဘူး ဆိုလို့ရှိရင် အိန္ဒိယအနေနဲ့ကလည်း AA နဲ့ ပတ်သက်ပြီးတော့ သူက လစ်လျူရှုတာမျိုး ဗမာပြည်အစိုးရကို အကူအညီမပေးလာတာမျိုး ဖြစ်မှာ စိုးရိမ်ပုံရပါတယ်။ ဘာလို့ဆို ဒါတွေက ထိုင်းနယ်စပ်မှာလည်း ခဏခဏ ကြုံရတဲ့ ပြဿနာဖြစ်နေတယ်” ဟု ပြောသည်။

၎င်းက ဆက်၍ “ပြဿနာတွေက ရှုပ်ထွေးတယ်။ အိန္ဒိယကျတော့ တရုတ်နဲ့ ပါဝါချင်း ပြိုင်နေတဲ့အခါကျတော့ ၂ နိုင်ငံ အခြေအနေတွေကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်မယ်ထင်ပါတယ်။ ဘာလို့ဆို အိန္ဒိယက တရုတ်နဲ့ ပြိုင်နေ တာဆိုတော့ အဲတော့ နိုင်ငံတကာ ဆက်ဆံရေးပါ ထည့်သွင်းစဉ်းစားဖို့လိုအပ်မယ်လို့ထင်ပါတယ်” ဟု ပြောသည်။

NSCN-K အဖွဲ့သည် တိုင်းဒေသကြီးအဆင့် ပဏာမ အပစ်အခတ်ရပ်စဲရေးစာချုပ် (Bilateral) ကို ရေးထိုးထားသော်လည်း အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ချုပ်ဆိုရင် ငြင်းဆန်ထားသည်။

ဆက်စပ်ဖတ်ရှုရန်နာဂလက်နက်ကိုင်အဖွဲ့၏ ဌာနချုပ်ကို တပ်မတော်ဝင်ရောက် ထိန်းချုပ်

Did you find apk for android? You can find new Free Android Games and apps.
Loading