သတင်း

NLD အစိုးရ ၅ နှစ်တာ အမျိုးသား စီမံကိန်း လွှတ်တော်သို့ မတင်ပြနိုင်ဟု တပ်မတော် ပြော

Want create site? Find Free WordPress Themes and plugins.

အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်(NLD) အစိုးရသည် ယနေ့အထိ ၅ နှစ်တာ အမျိုးသား စီမံကိန်းကို ရေးဆွဲ၍ လွှတ်တော်သို့ တင်ပြနိုင်ခြင်း မရှိသေးသည့်အတွက် လွှတ်တော်မှ အတည်ပြုလိုက်သည့် အဆိုများသည် အစိုးရ၏ စီမံကိန်းများကို အမှန်တကယ် အထောက်အကူ ပြုနိုင်ခြင်း ရှိ၊ မရှိ မသိရကြောင်း တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် တဦးက ပြောသည်။

ယနေ့ ပြည်သူ့လွှတ်တော်တွင် အစိုးရ၏ အာမခံချက်များ၊ ကတိကဝတ်များနှင့် စိစစ်ရေးကော်မတီ၏ အစီရင်ခံစာကို ဝင်ရောက် ဆွေးနွေးစဉ် တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးဇင်လင်းက အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။

“အဆိုတွေဟာ အစိုးရရဲ့ စီမံကိန်းတွေကို အမှန်တကယ် အထောက်အကူ ပြုကာ တိုင်းပြည် ဖွံ့ ဖြိုးမှုကို သက်ရောက်စေရဲ့ လား၊ သို့ တည်းမဟုတ် အစိုးရကို အခက်အခဲ ဖြစ်စေသလား၊ ဘက်ပေါင်းစုံကနေ ဟန်ချက် ညီညီ ဖြစ်စေရဲ့လား”ဟု ဗိုလ်မှူးဇင်လင်းက မေးခွန်းထုတ်ခဲ့သည်။

အစိုးရကို ထိန်းကျောင်းသည့် အဆိုများ များနေပါက အဆိုများသည် မဖြစ်မနေ အကောင်အထည် ဖော်ရသဖြင့် အစိုးရက မူဝါဒ ချမှတ်ပြီး ၅ နှစ်တာကာလအတွင်း ဘက်ပေါင်းစုံမှ ဟန်ချက်ညီညီနှင့် တိုင်းပြည်ကို ဖွံ့ ဖြိုးတိုးတက်အောင် ဆောင်ရွက်နေသည့် အ မျိုးသား စီမံကိန်း အရှိန်အဟုန်ကို ထိခိုက်စေပြီး တိုင်းပြည် ဖွံ့ ဖြိုးတိုးတက်မှုကို နှောင့်နှေးစေနိုင်ကြောင်း တပ်မတော်သား ကိုယ်စား လှယ်က ထောက်ပြခဲ့သည်။

ယခင် အစိုးရ လက်ထက်က Frame work for economic and social reform (FESR) ကို ၅ နှစ် စီမံကိန်းအဖြစ် လည်းကောင်း၊ National Comprehensive Development Plan (NCDP) ကို နှစ် ၃၀ စီမံကိန်းအဖြစ်လည်းကောင်း လွှတ်တော်သို့ တင်ပြခဲ့သော်လည်း မည်သူမျှ အကောင်အထည်ဖော်နိုင်ခဲ့ခြင်း မရှိကြောင်း၊ NLD အစိုးရက ယင်းအချက်ကို သင်ခန်းစာအဖြစ် ယူခဲ့ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ အမည်မဖော်လိုသော အကြီးတန်း အရာရှိတဦးက ပြောသည်။

“လွှတ်တော် တင်ပြီးတော့ ဘာမှ မလုပ်ရင်ရော တင်တာပဲ ရှိမယ်။ ဘာမှ မလုပ်ရင် ဘာမှ မဖြစ်ဘူး။ အဲဒါကြောင့် ကျနော်တို့က Implementation လုပ်မယ်ဆိုပြီးတော့ Myanmar Sustainable Development Plan (MSDP) ကို ဆွဲတယ်။ အရင်တုန်းကနဲ့ မ တူတဲ့ အချက်က FESR မှာရော NCDP မှာရော ဘယ်လို Implement လုပ်ရမယ်ဆိုတဲ့ Matrix လုံးဝ မပါဘူး။ MSDP မှာတော့ ဘယ်လို Implement လုပ်ရမယ်ဆိုတဲ့ Matrix ကို လုံးဝ ထည့်ဆွဲထားတယ်။ နောက်ပြီးတော့ Implement လုပ်ရမယ်ဆိုတဲ့ Mechanism ကိုလည်း တခါတည်း ဆွဲထားတယ်”ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။

စီးပွားရေး စီမံကိန်းများကို လွှတ်တော်သို့ ယေဘုယျ ချပြခြင်း ဖြစ်ပြီး လက်တွေ့ အကောင်အထည်ဖော်ရန် ဗျူဟာများ ချမှတ်ခြင်း၊ စီမံကိန်း တခုချင်းစီအလိုက် Action Plan များ ရေးဆွဲခြင်းများ ပြုလုပ်ရမည် ဖြစ်ကြောင်း၊ ယခင် အစိုးရက FESR နှင့် NCDP ၂ ခု လုံးကို နိုင်ငံခြားသားများက ဦးဆောင်ခဲ့သော်လည်း NLD အစိုးရ၏ MSDP ကို မြန်မာများက အင်္ဂလိပ်ဘာသာဖြင့် ရေးပြီးနောက် မြန်မာဘာသာသို့ ပြန်ဆိုလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ အခြားအရာရှိ တဦးကလည်း “ကျနော်တို့ဆီက အရင်အစိုးရရဲ့ အာဘော်လည်း မဟုတ်ဘူး။ ဥပမာ ဒါတွေ ဒါတွေ လုပ်ရမယ်လို့ Plan ချထားပေမယ့် ဌာနတွေရဲ့ ဘာတွေ လိုအပ်ချက် ရှိတယ်ဆိုတာကို တောင်းပြီးတော့မှ Plan ဆွဲတာ။ အရင်လို ဘာလုပ်ချင်တယ်ဆိုတဲ့ အပေါ်မှာ ဆွဲတာမျိုး မဟုတ်ဘူး”ဟု ဧရာဝတီသို့ ပြောသည်။

သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် စီးပွားရေး စီမံကိန်းများကို ၅ နှစ်၊ နှစ် ၃၀ ပုံစံတို့ဖြင့် ရေးဆွဲခဲ့ပြီး ၅ နှစ်စာ စီမံကိန်းကို လက်တွေ့ ဆောင်ရွက်ခဲ့ကြောင်း၊ နှစ် ၃၀ စီမံကိန်း ဆက်လုပ်၊ မလုပ်မှာ နောက်တက်လာမည့် အစိုးရအပေါ်တွင် မူတည်ကြောင်း အတိုက်အခံ ကြံ့ခိုင်ရေးပါတီ ပြောခွင့်ရသူ ဦးသိန်းထွန်းဦးက ပြောသည်။

“ကျနော်တို့တုန်းက လွှတ်တော်ကိုလည်း တင်တယ်။ လက်တွေ့ လည်း လုပ်ခဲ့တယ်။ အောင်မြင်မှုတွေလည်း ရှိခဲ့ပါတယ်”ဟု အမရပူရမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်းလည်း ဖြစ်သူ ဦးသိန်းထွန်းဦးက ပြောသည်။

စီမံကိန်းများနှင့် ပတ်သက်၍ အစိုးရအနေဖြင့် အမှန်တကယ် အပြည့်အဝ အကောင်အထည် ဖော်နိုင်ခြင်း ရှိ၊ မရှိ၊ ပြည်သူများ၏ လူ မှု ဘဝကို အထောက်အကူ ဖြစ်၊ မဖြစ်တို့ကို အထက်ပါ လွှတ်တော် ကော်မတီက သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် ပြည်ထောင်စု အဆင့် အဖွဲ့ အစည်းများကို ခေါ်ယူကြားနာပြီး အစီရင်ခံစာတွင် ထည့်သွင်းသင့်ကြောင်း တပ်မတော်မှ ဗိုလ်မှူးဇင်လင်းက အကြံပြုခဲ့သည်။

ယနေ့ တပ်မတော်၏ အကြံပြုချက်များကို လွှတ်တော် ကော်မတီ အစည်းအဝေးများနှင့် ပြန်လည် သုံးသပ်မည် ဖြစ်ပြီး ကော်မတီ၏ လိုအပ်ချက်များကို ထောက်ပြခြင်းသည် အပြုသဘောဆောင်ကြောင်း၊ ၎င်းတို့၏ ထောက်ပြချက်များကို လာမည့် လွှတ်တော် အစီ ရင်ခံစာများတွင် ထည့်သွင်းနိုင်ရေး ကြိုးစားသွားမည် ဖြစ်ကြောင်း အစိုးရ၏ အာမခံချက်များ၊ ကတိကဝတ်များနှင့် တာဝန်ခံချက် များ ကော်မတီ ဥက္ကဌ ဒေါက်တာ မေဝင်းမြင့်က ပြောသည်။

၎င်းက“အစိုးရ စီမံကိန်းတွေကို ကိုယ်တိုင်လည်း ဆင်းစစ်တယ်။ ကိုယ်စားလှယ်တွေ တိုင်တဲ့အပေါ်မှာလည်း လိုက်ကြည့်တယ်။ အ စည်းအဝေးမှာ ဆုံးဖြတ်ချက် ကျပြီးသားပါ။ အခုလည်း အကြံပြုတာဆိုတော့ ဆက်လုပ်သွားရမှာပေါ့”ဟု ပြောသည်။

NLD အစိုးရလက်ထက်တွင် စီးပွားရေး ဖွံ့ ဖြိုးတိုးတက်မှု သိသိသာသာ မရှိခြင်းမှာ လူပြောစရာ ကိစ္စတခု အဖြစ် ဆက်လက် ရှိနေ ဆဲ ဖြစ်ပြီး အစိုးရ၏ စီးပွားရေး ဆိုင်ရာ မူဝါဒများ မရှင်းလင်းခြင်း၊ မြန်မာငွေကြေး မခိုင်မာခြင်း၊ မတည်ငြိမ်ခြင်း၊ ငွေကြေး ဖောင်းပွ မှုနှုန်း မြင့်မားခြင်း၊ လက်နက်ကိုင် ပဋိပက္ခများ၊ ရခိုင်ပြဿနာနှင့် ပြုပြင်ပြောင်းလဲမှု နှေးကွေးခြင်း တို့သည် စီးပွားရေး တိုးတက်မှု နှုန်းကို ကျဆင်းစေခဲ့သည်ဟု ဝေဖန်သူများက ထောက်ပြလျက် ရှိသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading