ရခိုင်ပြည်နယ် ကျောက်တော်မြို့ပေါ်တွင် တည်းခိုနေသည့် ရခိုင်တိုင်းရင်းသား အမျိုးသား ၂၄ ဦးနှင့် လက်ခံ ထားသည့် အိမ်ရှင် ဇနီးမောင်နှံကို ဖေဖော်ဝါရီလ ၄ ရက်နေ့ မနက် ၁ နာရီက ဖမ်းဆီးခံလိုက်ရကြောင်း သတင်းရရှိသည်။
အဆိုပါ အမျိုးသား ၂၄ ဦးသည် ချင်းပြည်နယ်၊ ရှင်လက်ဝ ကျေးရွာသားများဖြစ်ပြီး ကျောက်တော်မြို့ ရွာမရပ်ကွက်ရှိ အိမ်ရှင် ဦးသိန်းစိုး၏ နေအိမ်တွင် တည်းခိုနေကြစဉ် အဖမ်းခံလိုက်ရခြင်း ဖြစ်ကြောင်း ကျောက်တော် မြို့ပေါ်ရှိ အရပ်ဘက်လူမှုအဖွဲ့မှ ကိုဇော်ဝင်း က ပြောသည်။
ကိုဇော်ဝင်း က “သူတို့ကို ဒီနေ့ည ၁ နာရီလောက်မှာ ဖမ်းသွားတာလို့ သိရတယ်။ ဘာကြောင့် ဖမ်းတယ်ဆိုတာတော့ မသိဘူး။ သူတို့ ကျောက်တော်ရောက်တာ ၁ ပတ်လောက် ရှိပြီ” ဟု ဧရာဝတီသို့ ပြောသည်။
ရှင်လက်ဝ ရွာသား ၂၄ ဦးက ၎င်းတို့ ဒေသတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် စိုးရိမ်စိတ်ဖြင့် ထွက်ပြေးလာကြခြင်း ဖြစ်ကြောင်း အကြောင်းပြချက်ပေးထားပြီး ၎င်းတို့ တည်းခိုနေမှုနှင့် ပတ်သက်၍လည်း သက်ဆိုင်ရာမြို့နယ်ရှိ အုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့တို့ကို တရားဝင် အကြောင်း ကြားထားသည်ဟု ဦးဇော်ဝင်းက ပြောသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အသေးစိပ် အချက် အလက်များကို မသိရှိရသေးသော်လည်း လက်ရှိ ဖမ်းဆီးခံ ထားရသည့် အထဲမှ ၂၄ ဦးသည် AA နှင့် ပတ်သက် ဆက်နွယ်မှုဖြင့် ယခင် ဖမ်းဆီးခံထားရသူ ၂ ဦးနှင့် ပတ်သက်နေသည့်ဟု အကြမ်းဖျင်း သိထားရကြောင်း ကျောက်တော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသီဟဇော် က ဧရာဝတီသို့ ပြောသည်။
ဦးသီဟဇော် က “ဒီမနက် ရဲက ကြေးနန်းတက်လာမှ သိတာ။ အဲဒီမှာ ဖော်ပြတာကတော့ AA နဲ့ ပတ်သက်ပြီး ဖမ်းမိတာ ၂ ယောက်ရှိတယ်။ အဲဒီလူတွေကို စစ်ဆေးတဲ့အခါ ဒီလူ (၂၄ ဦး) က ကွင်းဆက်တရားခံ အဖြစ်ပါနေတယ် လို့တော့ သိရတာပဲ” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ရန်အတွက် ကျောက်တော်မြို့နယ် ရဲစခန်းသို့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း မရရှိသဖြင့် ရဲတပ်ဖွဲ့၏ အတည်ပြုချက် မရရှိခဲ့ပါ။
သို့သော်လည်း အရပ်ဘက် လူမှုအဖွဲ့အစည်းဝင်တချို့၏ ပြောပြချက်အရ ဖမ်းဆီးထားသူများကို ကျောက်တော် မြို့နယ် တရားရုံးတွင် ယနေ့မနက်ပိုင်း က မတရားအသင်း အက်ဥပဒေ ပုဒ်မ ၁၇ (၁) ၁၇ (၂) တို့ဖြင့် အမှုဖွင့်၍ ချုပ်ယမန်ယူကာ စစ်တွေမြို့သို့ ခေါ်ဆောင်သွားပြီ ဖြစ်ကြောင်း သိရသည်။
၎င်းတို့အား အမှုဖွင့်သူမှာ တပ်မတော် တပ်ရင်း ၃၇၅ မှ ဗိုလ်မှူး အောင်နိုင်ဖြိုး ဖြစ်ကြောင်း ကျောက်တော်မြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးမောင်သန်းစိန် က ဧရာဝတီသို့ပြောသည်။