သတင်း

မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ အတူတွဲတွေ့ရန် အဆိုပြုချက် အစိုးရလက်ခံ

Want create site? Find Free WordPress Themes and plugins.

အပစ်အခတ်ရပ်စဲရေးအတွက် ဆွေးနွေးရာတွင် မြောက်ပိုင်းမဟာမိတ် ၄ ဖွ့ဲကို အတူတွဲတွေ့ရန် အစိုးရဘက်မှ လက်ခံလိုက်ပြီဟု ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ (PCG) မှ ဦးဆန်အောင်က ပြောသည်။

PCG သည် အစိုးရ၊ တပ်မတော်တို့နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့အကြား တွေ့ဆုံ ဆွေးနွေးမှုများ ဖြစ်မြောက်ရေးအတွက် ကြားဝင်ညှိနှိုင်းနေသည့် အဖွဲ့ဖြစ်သည်။

ဦးဆန်အောင်က “ဘယ်တော့တွေ့မယ်ဆိုတဲ့ ရက်အတိအကျကတော့ ထွက်မလာသေးဘူး။ ဒီလထဲမှာတော့ ဆွေးနွေးပွဲ ဖြစ်မှာပါ။ အစိုးရဘက်က အဲ့လို (မြောက်ပိုင်း ၄ ဖွဲ့အတူတွဲ) တွေ့ဖို့ကို ခွင့်ပြုတယ်လို့ သိရပါတယ်” ဟု ပြောသည်။

လက်ရှိတွင် NRPC နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့များ အကြား ဖေဖော်ဝါရီလအတွင်း ဆွေးနွေးနိုင်ရေးအတွက် တွေ့ဆုံမည့် ရက်၊ ဆွေးနွေးပွဲ တတ်မည့် ကိုယ်စားလှယ်များကို ရွေးချယ်နေကြဆဲ ဖြစ်ပြီး တဖက်နှင့်တဖက် ဆွေးနွေးရာတွင် အပြန်အလှန် တောင်းဆို ညှိနှိုင်းရမည့် အချက်များကိုတော့ ပြောဆိုခြင်းမရှိကြသေးပါဟု ဦးဆန်အောင်က ဆိုသည်။

သို့သော် တဖက်တွင် ရပ်တန့်ခြင်းမရှိသေးသည့် ရခိုင်ပြည်နယ်တွင်း တိုက်ပွဲများ၊ နာဂအမျိုးသားဆိုရှယ်လစ် ကောင်စီ-ကပ်ပလန် (NSCN-K) ဌာနချုပ်ကို တပ်မတော်က ဝင်သိမ်းခဲ့သည့် ဖြစ်စဉ်များက တပ်မတော်အပေါ် ယုံကြည်မှုနည်းစေပြီး ဆွေးနွေးမှုများ မြန်မြန်ဆန်ဆန် ဖြစ်မလာရသည့်အချက်တချက် ဖြစ်သည်ဟုလည်း ဦးဆန်အောင်က ပြောသည်။

အစိုးရ၏ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) မှ အကြီးအကဲများနှင့် KIA မှ ဗိုလ်ချုပ်ဂွန်မော် ဦးဆောင်သည့် အဖွဲ့တို့သည် ဇန်နဝါရီလ ၂၁ ရက်က၊ တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် အလွတ်သဘော တွေ့ဆုံထားသည်။

KIA က ၎င်း၏ မဟာမိတ်များဖြစ်သည့် မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် – ကိုးကန့်အဖွဲ့ (MNDAA) ၊ တအန်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ရက္ခိုင့်တပ်မတော် (AA) တို့နှင့် အတူတကွ တတွဲတည်း ဆွေးနွေးလိုကြောင်း NRPC ကို မေတ္တာရပ်ခံထားခြင်း ဖြစ်သည်။

NRPC ကိုယ်စားလှယ်များသည် KIA နှင့် တွေ့ဆုံသော်လည်း MNDAA၊ TNLA နှင့် AA တို့ကို တွေ့ဆုံခြင်း မရှိသေးပါ။

ထိုအခြေနေများနှင့် ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ရန် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ပြောခွင့်ရပုဂ္ဂိုလ်များထံ ဧရာဝတီက ဆက်သွယ်ခဲ့သော်လည်း မရရှိသဖြင့် သီးချက်မှတ်ချက် ဖော်ပြနိုင်ခြင်းမရှိပါ။

AA မှ ဗိုလ်မှူးကြီး ကျော်ဟန်က ၎င်းတို့ကို တွေ့ဆုံရန် အစိုးရဘက်မှ ကမ်းလှမ်းလာသည့် သတင်းများ ရထားခြင်း မရှိသေးပါဟု ပြောသည်။

TNLA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော် ကလည်း “သူတို့ကြေငြာထားတာ ကတော့ ၄ လ၊ အခု ၁ လတောင် ကျော်လာပြီ။ တဖက်နဲ့ တဖက်က ကြားမှာ တွေ့ဆုံဆွေးနွေးမှုက မရှိသေးတော့ သူတို့က ဘယ်လိုပုံစံနဲ့ ဆွေးနွေးလာမယ် ဆိုတာ ကျနော်တို့ ပြောလို့ မရသေးဘူး။ ဒီကြားထဲမှာ တွေ့ဆုံမှု များများလုပ်ဖို့တော့ လိုတယ်” ဟု ဆိုသည်။

တရားဝင်မဟုတ်သည့် အလွတ်သဘော ပြောဆိုညှိနှိုင်းမှုများ အနေဖြင့် အီးမေးလ်၊ ဖုန်းတို့ဖြင့် နှစ်ဖက် ခေါင်းဆောင် များအကြား ဆက်သွယ်မှု ရှိမရှိကို မေးမြန်းရာ ဗိုလ်မှူး မိုင်းအိုက်ကျော် က ၎င်းတို့၏ ခေါင်းဆောင်များနှင့် အစိုးရအကြား ထိုကဲ့သို့ အဆက် အသွယ်များ မရှိကြောင်း ပြောသည်။

ဇန်နဝါရီလ ၂၉ ရက်တွင် MNDAA၊ TNLA နှင့် AA တို့ကို KIA က လိုင်ဇာမြို့တွင် ခေါ်ယူတွေ့ဆုံပြီး NRPC နှင့် တွေ့ဆုံပွဲ အကြောင်းကို ပြန်လည် ရှင်းပြခဲ့သည်ဟု သိရသည်။

ဇန်နဝါရီလ ၃၁ ရက်တွင် အာရှရေးရာအထူး ကိုယ်စားလှယ် မစ္စတာဆွန်ကော့ရှန်က MNDAA၊ TNLA နှင့် AA တို့မှ ခေါင်းဆောင်ပိုင်းများကို တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် ခေါ်ယူတွေ့ဆုံခဲ့သော်လည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ထုတ်ပြန်ချက်များကိုသာ ပြန်လည် ပြောဆိုခြင်း ဖြစ်သည်ဟု ဗိုလ်မှူးမိုင်းအိုက်ကျော်က ဆိုသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်မှ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၃၀ ရက်အထိ ရခိုင်ပြည်နယ်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေ မပါဝင်ဘဲ အခြား စစ်တိုင်း ၅ တိုင်းတွင် အပစ်ရပ်ဆိုင်း ထားသည်။

အပစ်ရပ်ဆိုင်းထားသည့် ကာလအတွင်း KIA ၊ TNLA ၊ MNDAA တု့ိနှင့် ပစ်ခတ်ခြင်းများ မရှိသော်လည်း ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AA တို့မှာ စစ်ရေးတင်းမာမှုများ၊ ပစ်ခတ်တိုက်ခိုက်မှုများမှာ ဆက်တိုက်ဆိုသကဲ့သို့ ဖြစ်ပွားနေလျှက် ရှိသည်။

ရခိုင်ပြည်နယ်ရှိ ရသေ့တောင်၊ ဘူးသီးတောင်၊ ကျောက်တော်၊ ပုဏ္ဏကျွန်းမြို့နယ် ၊ ချင်းပြည်နယ်၊ ပလက်ဝ မြို့နယ် တို့တွင် စစ်ရေးတင်းမာမှုများ နှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး တပ်မတော်က AA ကို သောင်းကျန်းသူ နှိမ်နင်းရေးအမည်ဖြင့် ချေမှုန်းသွားမည်ဟု ဇန်နဝါရီလ ၇ ရက်၊ သမ္မတရုံး သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုထားသည်။

KIA ၊ MNDAA ၊ TNLA နှင့် AA တို့သည် အစိုးရ၊ တပ်မတော်တို့နှင့် သဘောတူညီချက် တစုံတရာ ချုပ်ဆို ထားခြင်း မရှိသည့် အဖွဲ့များ ဖြစ်သည်။

တပ်မတော်မှ အပစ်ရပ်ဆိုင်းထားသည့် ကာလတွင် KIA ၊ MNDAA ၊ TNLA နှင့် AA တို့က NRPC မှ ကိုယ်စားလှယ်များ၊ တပ်မတော်မှ အရာရှိများဖြင့် ဖွဲ့စည်းထားသည့် ညှိနှိုင်းရေးအဖွဲ့ဝင်များနှင့် တွေ့ဆုံကာ ပဏာမ အပစ်ရပ်စာချုပ် (Bilateral Agreement) ကို ချုပ်ဆိုရန် သဘောထားရှိထားကြသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading