ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့သစ် တောင်ပိုင်း ၄ မြို့နယ်နှင့် လှိုင်သာယာ၊ ရွှေပြည်သာ မြို့နယ်များတွင် အချိန် ကာလ တခု အတွင်း စည်းကမ်း သတ်မှတ်၍ စီးခွင့်ပြုရေး အဆိုကို ပြည်သူ့ လွှတ်တော်တွင် တင်သွင်းခဲ့ရာ ရှုံးနိမ့်ခဲ့သွားခဲ့သည်။
ဖေဖော်ဝါရီလ ၄ ရက်က ကျင်းပသော ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ဒဂုံမြို့သစ် တောင်ပိုင်း မဲဆန္ဒနယ်မှ ပြည် သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအေးနိုင်က အဆိုပါ ၆ မြို့နယ်တွင် တရားဝင် ဆိုင်ကယ် စီးခွင့်ပြုရေး အဆို ကန့်ကွက် ခံရပြီး မဲခွဲ ဆုံးဖြတ်ရာတွင် ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။
အထက်ပါ အဆို တင်သွင်းမှုနှင့် ပတ်သက်၍ တွံတေး မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်လွင်က ယင်း အဆိုကို ရန်ကုန်တိုင်း လွှတ်တော်တွင်သာ တင်သွင်းသင့်ပြီး ပြည်သူ့ လွှတ်တော်တွင်မူ တနိုင်ငံလုံးနှင့် သက်ဆိုင် သော ကိစ္စ မဟုတ်သဖြင့် မေးခွန်း အဖြစ်သာ မေးမြန်းသင့်သည် ဟုဆိုကာ ကန့်ကွက်ခဲ့သည်။
ဦးမြင့်လွင် က “အဆိုဆိုရင်တော့ ဒါရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ တင်ရမယ့် အဆိုလေ၊ ဒါကို ပြည်ထောင်စုမှာ လာတင်တယ် ဆိုတော့ ဒါက ပြည်ထောင်စုလွှတ်တော်ရဲ့ အချိန်တွေ အရင်းအမြစ်တွေက အင်မတန် ရှားပါးတဲ့ဟာ ဆုံးရှုံးသွားမယ်လေ။ အဲဒါကို မဖြစ်စေချင်လို့ကန့်ကွက်ခဲ့တာပါ” ဟု သတင်းထောက်များကို ပြောသည်။
ဆိုင်ကယ် စီးနင်းခွင့် အဆိုနှင့် ပတ်သက်၍ မဲခွဲ ဆုံးဖြတ်ရာတွင် မဲပေးခွင့် ရှိသူ ၃၈၁ မှ ထောက်ခံမဲ ၅၀၊ ကန့်ကွက် ဆန္ဒမဲ ၂၆၅၊ ကြားနေ ၃ မဲနှင့် အဆိုကို ဆွေးနွေးမည် မဟုတ်ကြောင်း လွှတ်တော်က ဆုံးဖြတ်ခဲ့သည်။

ရန်ကုန်မြို့၏ ဆင်ခြေဖုံး မြို့နယ်များတွင် ဘတ်စ်ကားလိုင်းများ တမြို့နယ်လုံးကို မလွှမ်းခြုံနိုင်၍ မြို့နေ လူထုမှာ စက် ဘီး၊ ဆိုက်ကားနှင့် တရားမဝင် ဆိုင်ကယ် တို့ကို အသုံးပြု သွားလာနေရသည့် အတွက် ဘေးအန္တရာယ် ကင်းရှင်းရေး၊ စည်းကမ်း စနစ်ကျရေး၊ တရား ဥပဒေ စိုးမိုးရေး ရည်ရွယ်၍ တင်သွင်းခြင်း ဖြစ်ကြောင်း ဦးအေးနိုင်က ဆိုသည်။
အဆိုတင်သွင်းသူ ဦးအေးနိုင် က “ရန်ကုန်တိုင်း တခုလုံးမှာ ပထမ လူဦးရေ အများဆုံး ဖြစ်တဲ့ လှိုင်သာယာနဲ့ ဒုတိယ အများဆုံး ဖြစ်တဲ့ ဒဂုံမြို့သစ် တောင်ပိုင်းမှာ အရပ်ရပ်မှ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း အတွက် လာရောက် အခြေချ နေထိုင်ပြီး တော့ စက်မှုဇုန်ကြီးတွေမှာ အလုပ်လုပ်နေကြပါတယ်။ စက်မှုဇုန် ကြီးတွေထဲကို ဘယ် ယာဉ်လိုင်းမှ မရောက်ပါဘူး။ ဒါကြောင့် ခြေလျင်၊ စက်ဘီး၊ ဆိုင်ကယ် တို့နဲ့ သွားလာနေကြပါတယ်။ ဆိုင်ကယ်ရဲ့ အသုံးဝင်မှုက မဖြစ်မနေ လိုအပ် နေပါတယ်” ဟု တင်ပြခဲ့သည်။
ရန်ကုန်တိုင်း ဒေသကြီးတွင် မော်တော်ယာဉ် စီးရေ များပြားလာ၍ ယာဉ်အန္တရာယ် လျော့နည်းရေး အတွက် ၁၉၉၉ ခုနှစ် ဧပြီလ ၁ ရက်မှ စကာ ဆိုင်ကယ်များကို ရန်ကုန် စည်ပင်သာယာ နယ်နိမိတ် အတွင်း မှတ်ပုံတင်ခွင့်၊ စီးနင်းခွင့် မပြုတော့ ကြောင်း ၎င်းက ပြောဆိုသည်။
သို့ရာတွင် လက်ရှိ အခြေအနေ အရ နားလည်မှုနှင့် စီးနင်းနေကြပြီး ဒဂုံမြို့သစ် တောင်ပိုင်းတွင် ခန့်မှန်း ဆိုင်ကယ် အရေ အတွက် ၃ ထောင် အထက်၊ လှိုင်သာယာတွင် အနည်းဆုံး ၆ ထောင် အထက်ရှိနိုင်ကြောင်း ဦးအေးနိုင်က ပြောဆို သွား သည်။
“မြို့လယ် တခုလုံးထက် ကျနော်တို့ မြို့နယ် ခြောက်မြို့နယ်က ဧရိယာ ပိုကျယ်ပြန့်တဲ့ အခါ မြို့လယ်လို ဘတ်စ်ကား ကွန်ရက် လုပ်ပေးပါလို့ တောင်းဆိုလို့လည်း မရနိုင်ပါဘူး။ အဲဒီတော့ မြို့သစ်ပြည်သူတွေ အတွက်က ရွေးစရာ လမ်းမရှိ ပါဘူး။ ဈေးနှုန်း သက်သာ သလို လူမပင်ပန်းဘဲ အရောက်ပို့ပေးနိုင်တဲ့ လောင်စာဆီဖိုးလည်း မကုန်လှတဲ့ ဆိုင်ကယ် တွေကို သုံးနေရတာ တကယ့် အဖြစ်မှန် ဖြစ်ပါတယ်” ဟု ဦးအေးနိုင် က ဆိုသည်။
လှိုင်သာယာ မြို့နယ်တွင် နေထိုင်သူက ကိုသိန်းလွင်က ပြည်သူများမှာ သွားလာရေး လွယ်ကူ၍ ဆိုင်ကယ်ကို အသုံးပြုနေ ကြရ သကဲ့သို့ တဖက်တွင်လည်း စည်းကမ်း မလိုက်နာမှုကြောင့် ယာဉ်မတော်တဆမှုနှင့် ဆိုင်ကယ်သုံး၍ လုယက်သည့် ဖြစ်စဉ်များ ရှိနေကြောင်း၊ ယင်းကို ဌာနဆိုင်ရာများက စနစ်တကျ ထိန်းနိုင်သည့် အခြေအနေတွင် မရှိကြောင်း ပြောဆို သည်။
ကိုသိန်းလွင် က “လိုင်းကား ရှိတယ် ဆိုပေမယ့် တနေရာက တနေရာ သွားဖို့က ဆိုင်ကယ် မရှိလို့ မရဘူး။ ခက်တာက လမ်းတွေ ကျဉ်းပြီး စည်းကမ်းမဲ့ မောင်းတာတွေ၊ လုတာ ရှိတယ်။ ဆိုင်ကယ်က ဖမ်းလည်း ခဏပဲ။ စနစ်တကျ စီးနိုင်အောင် လုပ်ပေးနိုင်ရင် အကောင်းဆုံးပဲ။ အခုထိတော့ ဆိုင်ကယ်ကို စနစ်ကျအောင် မလုပ်ပေးနိုင်ကြဘူး” ဟု ပြောသည်။
လက်ရှိ တွင်လည်း ရန်ကုန် စည်ပင်သာယာ နယ်နမိတ်ပိုင် မြို့နယ်တချို့၌ ဆိုင်ကယ်များအသုံးပြု စီးနင်းကြလျက် ရှိနေ ကြောင်း သိရသည်။
အလုံ မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးရဲလွင်က အဆိုပါ မြို့နယ်ရှိ ပြည်သူများမှာ ဥပဒေ စည်းကမ်း လိုက်နာလိုသော်လည်း အခြေအနေရ မလိုက်နာနိုင်ဘဲ ဆိုင်ကယ် အသုံးပြုနေရကြောင်း၊ ထို့အတွက် တရားဝင် မှတ်ပုံတင် စီးနင်း ခွင့်ပြုပြီး စည်ကမ်း သတ်မှတ် ထိန်းသိမ်းခြင်းဖြင့် အကျိုးများစွာ ရှိမည်ဟု ထောက်ခံ ဆွေးနွေး ခဲ့သည်။
တပ်မတော်သား ကိုယ်စားလှယ် တဦးကလည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဇယား ၂ ပြဋ္ဌာန်းချက်နှင့် နည်းဥပဒေ အရ ယင်း အဆိုနှင့် ပတ်သက်ပြီး ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ၏ လုပ်ပိုင်ခွင့် ဖြစ်၍ ဥက္ကဋ္ဌ ကသာ ဆုံးဖြတ်ပေးရန် တင်ပြခဲ့သည်။