သတင်း

ဖြိုးကိုကိုတင့်ဆန်းအား ပုဒ်မ ၁၄ ခုဖြင့် စွဲချက်တင်

Want create site? Find Free WordPress Themes and plugins.

နေပြည်တော် လေဆိပ်၌ လက်နက်များ ဖမ်းဆီးရမိသဖြင့် အမှု ရင်ဆိုင်နေရသည့် ဟိုတယ် ACE ပိုင်ရှင် ဖြိုးကိုကိုတင့်ဆန်း ကို ယနေ့ ရုံးထုတ် စစ်ဆေးရာတွင် ဒက္ခိဏ ခရိုင် တရားသူကြီးမှ ပုဒ်မ ၁၄ ခုဖြင့် စွဲချက်တင်လိုက်ပြီ ဖြစ်သည်ဟု သတင်းရရှိသည်။

ဖြိုးကိုကိုတင့်ဆန်း နှင့်အတူ ရန်ကုန်နှင့်နေပြည်တော်တွင် ဖမ်းဆီးရမိသည့် စွပ်စွဲခံရသူ ၁၂ ဦးစလုံးကိုလည်း ၎င်းတို့ နှင့် သက်ဆိုင်ရာ ပုဒ်မများ စွဲချက် တင်ခဲ့ကြောင်း ဒက္ခိဏသီရိခရိုင် တရားရုံးမှ သိရသည်။

ဖြိုးကိုကိုတင့်ဆန်း၏ ရှေ့နေဖြစ်သူ တရားလွှတ်တော် ရှေ့နေ ဦးမြင့်အောင် က “ဖြိုးကိုကိုတင့်ဆန်းကို ဒီနေ့စွဲချက်တင်တာ ဟုတ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ဖြိုးကိုကိုတင့်ဆန်းကို စွဲချက်တင်သည့် ပုဒ်မ ၁၄ ခုတွင် မူးယစ်ဥပဒေပုဒ်မ၊ လက်နက်ဥပဒေပုဒ်မ၊ ၁၉၂၃ မြန်မာနိုင်ငံ အစိုးရ လျို့ဝှက် ချက်ဥပဒေ၊ ပို့ကုန် သွင်းကုန် ဥပဒေ၊ နိုင်ငံတော် အထိမ်းမှတ် တံဆိပ်၊ ဆက်သွယ်ရေး ပုဒ်မနှင့် တရားခံပြေး ပုဒ်မတို့ပါဝင်ကြောင်း သိရသည်။

ယင်းသို့ စွဲချက်တင်ပြီးပါက ဥပဒေ လမ်းကြောင်း အရ ပြန်ခေါ် သက်သေများ စစ်ဆေးသွားမည် ဖြစ်ပြီး၊ တရားခံများကို စစ်ပြီးပါက တရားခံပြ သက်သေများ ဆက်လက် စစ်ဆေးသွားမည် ဖြစ်ပြီး နောက်ဆုံးတွင် လျောက်လဲချက် တင်ခြင်းနှင့် အပြီးသတ် အမိန့်ချမှတ်မည် ဖြစ်သည်။

ယင်းအမှုနှင့်ပတ်သက်၍ စစ်ဆေးမှု ပြုလုပ်ရာတွင် အချိန် ၁ နှစ်ကျော် ကြာမြင့်သည့်အချိန်ထိ တရားလိုပြသက်သေ ၄၀၀ ကျော် စစ်ဆေးရန်ရှိရာတွင် လက်ရှိအချိန်ထိ ၂၀၀ ကျော် စစ်ဆေးပြီးဖြစ်သည်။ ထိုသို့ လိုပြသက်သေများကို စစ်ဆေးရန် ကျန်ရှိနေ သော်လည်း ယခုကဲ့သို့ ကြားဖြတ် စွဲချက် တင်လိုက်ခြင်းဖြစ်သည်။

စစ်ဆေးထားသည့် လိုပြ သက်သေများထဲမှ ကနဦး သက်သေ ပေါ်ပေါက်သည်ဟု ယူဆပါက တရားသူကြီး အနေဖြင့် စွဲချက် တင်နိုင်ကြောင်း၊ ယင်းသို့ စွဲချက်တင်လိုက်ခြင်းသည် ကြန့်ကြာနေသည့် အမှုများကို ဖြေလျော့စေမည် ဖြစ်ကြောင်း၊ အမှုတွဲများ ဆက်လက် စစ်ဆေးရာတွင်းလည်း တရာမျှတမှု ရှိကြောင်း၊ ထိုသို့ လုပ်ပိုင်ခွင့်မှာ တရားသူကြီး၏ လုပ်ပိုင်ခွင့် ဖြစ်ကြောင်း ၊ ပျဉ်းမနားမြို့ တရားလွှတ် တော်ရှေ့နေ ဦးခင်မောင်ဇော်က ဧရာဝတီသို့ ပြောသည်။

ရှေ့နေ ဦးခင်မောင်ဇော် က “အခုလို စွဲချက်တင်လိုက်လို့ တရားမမျှတမှု မဖြစ်စေဘူး။ တရားသူကြီး အနေနဲ့က စစ်လိုက်ပြီးတဲ့ အခါမှာ တရားလိုပြ သက်သေတွေ မကုန်ခင်မှာ စွဲချက်တင်ဖို့ကို ကနေဦး သက်သေခံချက် ပေါ်ပေါက်တယ်လို့ ယူဆရင် စွဲချက်တင်လို့ ရပါပြီ” ဟု ပြောသည်။

၎င်းက ဆက်လက်၍ “တရားလိုဘက်ကလည်းပဲ လိုပြသက်သေတွေကို စွဲချက် တင်ပြီးတင်ပြီးရင်လည်း စစ်လို့ ရတယ်။ မစစ်ချင်လည်း ပယ်လို့ ရတယ်။ တရားရုံး ကိုယ်တိုင်က လုံလောက်တယ်လို့ ယူဆတဲ့ အတွက်ကြောင့် စွဲချက်တင် လိုက်တာ ဆိုတော့ ပယ်လိုက် လို့ လည်း စွဲချက်က တင်ပြီးသား ဖြစ်နေမှာပဲလေ” ဟု ဆက်ရှင်းပြသည်။

ဖြိုးကိုကိုတင့်ဆန်း၏ အမှုတွဲများကို တပေါင်းတည်း စစ်ဆေးရန် တရား လွှတ်တော်ချုပ်ရုံးက ဆုံးဖြတ်လိုက်သည့် အတွက် အမှုနှင့် ပတ်သက်၍ စွပ်စွဲခံရသူများကို နေပြည်တော် ဒက္ခိဏ သီရိ ခရိုင်တရားရုံးသို့ လွှဲပြောင်းခဲ့ပြီး အမှုတွဲများကို နေပြည် တော်မှ အမှုတွဲ၊ ရန်ကုန်မှ အမှုတွဲ တလှည့်စီ တနင်္လာနေ့တိုင်း စစ်ဆေးမည်ဟု သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ အပတ်စဉ် အမှုများကို အလှည့်ကျ စစ်ဆေးမည်ဟု ရုံးချိန်းရက် သတ်မှတ်ထားသော်လည်း ရုံးထုတ် စစ်ဆေးရန် ပျက်ကွက်မှုများ ရှိနေကြောင်း တွေ့ရှိရသည်။

၂၀၁၇ ခုနှစ်အောက်တိုဘာလ ၁၅ ရက်က နေပြည်တော် လေဆိပ်တွင် ဖြိုးကိုကိုတင့်ဆန်း၊ ရဲမင်းဆွေ၊ ဇော်ဝင်းထိုက် တို့ထံမှ ပစ္စတို ၂ လက်၊ ကျည်ဆန်များ၊ စိတ်ကြွဆေးပြားများ စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ကွင်းဆက် အဖြစ် ACE ရုံးနှင့် နေအိမ်၌ လက်နက်၊ စကားပြော စက်၊ နိုင်ငံတော် လုံခြုံရေး ကဲ့သို့သော အဖွဲ့အစည်း တံဆိပ်စသည့် ပစ္စည်းများကို တွေ့ရှိခဲ့ သဖြင့် အမှုဖွင့်လှစ်ကာ ဖမ်းဆီးခဲ့ခြင်း ဖြစ် သည်။

ရုံးချိန်း သက်မှတ်ရက်တွင် သက်သေများ၊ နှစ်ဘက်ရှေ့နေနှင့် တရားသူကြီး အားလုံး ဆုံမှ တရားခွင်အတွင်း စစ်ဆေးမှု ပြုလုပ်ရသဖြင့် ယခုကဲ့သို့ သက်သေ လာရောက်ခြင်း မရှိသဖြင့် ရုံးချိန်း ပျက်ကွက်ခြင်း ဖြစ်သည်။

ရန်ကုန်၊ မန္တလေးနှင့် ပဲခူး မြို့ကြီးတို့ရှိ တရားရုံးများတွင် ၂၀၁၇ ခုနှစ်မှ စ၍ Case Management Program (CMP) စီမံ ခန့်ခွဲသည့် စီမံချက်များ ရှိကြောင်း၊ သို့သော် နေပြည်တော်တွင် ယင်းကဲ့သို့ CMP မရှိသေးကြောင်း၊ အဆိုပါ စီမံချက် ရှိခြင်းအားဖြင့် တရားရုံးသို့ အမှုများ ရောက်ရှိလာပါက အမှုများကို အဆင့် ၃ ဆင့်ခွဲ၍ သတ် မှတ်ထားကြောင်း၊ နိုင်ငံ တ ကာတွင်လည်း ထိုကဲ့သို့ စနစ်ရှိကြောင်း ပျဉ်းမနားမြို့မှ တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်က ပြောသည်။

ဖြိုးကိုကိုတင့်ဆန်း၏ နောက်ထပ် ရုံးချိန်းကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ပြန်လည် ချိန်းဆိုလိုက်သည်။

ဆက်စပ်ဖတ်ရှုရန်ဖြိုးကိုကိုတင့်ဆန်း အမှု သက်သေ မလာ၍ ရုံးချိန်း ထပ်မံ ပျက်ကွက် 

Did you find apk for android? You can find new Free Android Games and apps.
Loading