အမေရိကန်မြို့ကြီးများသည် အာတိတ်ကဲ့သို့ အေးစက်နေသည်။ သြစတြေးလျတွင် လွန်စွာပူလောင်နေပြီး ဗြိတိန်တွင်မူ နှင်းများ ဖုံးလွှမ်းနေသည်။
၂၀၁၉ ခုနှစ်၏ လ တလတည်းကိုသာ ဖြတ်သန်းရသေးသော်လည်း ရာသီဥတု ပုံစံများသည် ကမ္ဘာတဝန်းမှ မြို့ကြီးမြို့ငယ်များကို ရပ်ဆိုင်းသွားစေသောကြောင့် မိုးလေဝသ ပညာရှင်များသည် အပြင်းထန်ဆုံးဟူသော စကားကို သုံးနေကြရသည်။
ယခုအပတ်အတွင်း အမေရိကန် သန်း ၂၀၀ တို့သည် အပူချိန် အနုတ် ၃၂ ဒီကရီ ဆဲလ်စီးယပ်အထိ ကျဆင်းသည့် စံချိန်တင်အောင် အေးသော ရာသီဥတုကို ကြုံတွေ့ရပြီး အနည်းဆုံး လူ ၂၃ ဦးသေဆုံးကာ လေကြောင်း ခရီးစဉ်ပေါင်း ၂၃၀၀ ကျော် ဖျက်သိမ်းလိုက်ရသည်။
ဇန်နဝါရီလ ၃၁ ရက်နေ့က အမေရိကတိုက်ပေါ်ရှိ ပြည်နယ် ၁၁ ခု၏ အပူချိန်များသည် အာတိတ်စက်ဝိုင်းတွင် တည်ရှိသည့် အလက်စကာပြည်နယ်၏ မြောက်ဖက်အကျဆုံးမြို့ ဖြစ်သည့် အပ်ကီယာ့ဗစ် ထက် ပိုမိုနိမ့်ကျနေသည်။
မီနီပိုလိစ် နှင့် ရှီကာဂို ကဲ့သို့ အပြင်းထန်ဆုံး ထိခိုက်သည့် မြို့ကြီးများရှိ အာဏာပိုင်များသည် ဒေသခံများ နှင်းကိုက်မခံရစေရေး နေအိမ်တွင်းတွင်သာ နေထိုင်ကြရန် တိုက်တွန်းထားသည်။ ရှီကာဂို ရှိဆေးရုံတရုံတွင် ဆရာဝန်များသည် နှင်းကိုက်ခံရသူ ၅၀ ဦးကို ကုသပေးခဲ့ပြီး ၎င်းတို့အနက် အချို့သည် ခြေ၊ လက် ဆုံးရှုံးနိုင်ခြေရှိနေသည်။
အတ္တလန်တိတ် သမုဒ္ဓရာ၏ အခြားတဖက်ရှိ ဗြိတိန်တွင်လည်း အေးခဲသော ရာသီဥတုသည် အင်္ဂလန်၊ စကော့တလန်နှင့် ဝေလပြည်နယ်များကို ဝင်ရောက်လာသောကြောင့် အပူချိန် စံချိန်တင်နိမ့်ကျမှုနှင့် ရင်ဆိုင်နေရသည်။
ဇန်နဝါရီလ ၃၁ ရက်နေ့က စကော့တလန် အရှေ့မြောက်ပိုင်း ဘရေမာဒေသခံများသည် အနုတ် ၁၄.၄ ဒီကရီ အထိ ခံစားကြရသည်ဟု ဗြိတိန်အမျိုးသား မိုးလေဝသဌာက၏ အဆိုအရ သိရသည်။ ထိုအပူချိန်သည် ၂၀၁၂ ခုနှစ်နောက်ပိုင်း ဗြိတိန်တွင် အနိမ့်ဆုံး အပူချိန်ဖြစ်သည်။
နှင်းများထူထပ်စွာ ကျသောကြောင့် တနိုင်ငံလုံးမှ ခရီးသွားများအတွက် လမ်းများ ပိတ်ဆို့ကုန်သည်။ လန်ဒန်ရှိ ဟိသရိုးလေဆိပ်မှ ခရီးစဉ်အချို့ကို ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် ဖျက်သိမ်းလိုက်ရပြီး မန်ချက်စတာနှင့် လစ်ဗာပူးတွင် နှင်းများဖုံးနေသော ပြေးလမ်းများတွင် ယခုအပတ် အစောပိုင်းက ပိတ်မိနေသည်။
အင်္ဂလန်နှင့် ဝေလပြည်နယ်များမှ ရာနှင့်ချီသောကျောင်းများကို ပိတ်ထားရပြီး နိုင်ငံတောင်ပိုင်းတွင် ကားမောင်းနှင်လျှင် လွန်စွာ အန္တရာယ်များကြောင်း မိုးလေဝသဌာနက ဆက်လက် သတိပေးနေရသည်။
အနောက်တောင်ပိုင်းခရိုင်ဖြစ်သော ကွန်းဝေါလ်တွင် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ညက ရာနှင့်ချီသော ကားမောင်းသူများသည် ကားများကို နှင်းဖုံးနေသည့် အဓိက လမ်းမကြီးတွင် စွန့်ပစ်ခဲ့ကြရပြီး စားသောက်ဆိုင်သို့လမ်းလျှောက်သွားကာ တညတာ ကုန်ဆုံးခဲ့ရသည်။
ပြင်သစ်နိုင်ငံ၏ အချို့သော အပိုင်းများတွင်လည်း နှင်းများ လွန်စွာကျသောကြောင့် ယခုအပတ်အစောပိုင်းက မိုးလေဝသဌာနက သတိပေးချက်များ ထုတ်ပြန်ခဲ့ရသည်။
အမေရိကန်နှင့် ဥရောပ အစိတ်အပိုင်းများတွင် အပူူချိန်များ စံချိန်တင် ကျဆင်းနေသော်လည်း ဇန်နဝါရီလသည် နိုင်ငံအတွက် စံချိန်တင် အပူဆုံးလဖြစ်ကြောင်း သြစတြေးလျ မိုးလေဝသဌာနက ကြေညာသည်။
မကြုံဘူးလောက်အောင် ပြင်းထန်သည့် အပူလှိုင်းကြောင့် နိုင်ငံရှိလမ်းများ အရည်ပျော်ကုန်ပြီး အခြေခံအဆောက်အအုံများ ထိခိုက်ကာ ထောင်နှင့်ချီသော တိရစ္ဆာန်များ သေဆုံးကြရသည်။
မြောက်ပိုင်းနယ်နမိတ်တွင် ဒါဇင်ပေါင်းများစွာသော မြင်းရိုင်းများသည် ခန်းခြောက်သွားသော ရေကန်အနီးတွင် သေဆုံးနေသည်ကို တွေ့ကြရသည်။ ဗစ်တိုးရီးယားတွင် လင်းနို့ကြီးများ ၂၀၀၀ ကျော် အပူကြောင့် သေဆုံးပြီး ထိုဖြစ်ရပ်သည် အိပ်မက်ဆိုးကြီးဖြစ်ကြောင်း ဒေသမီဒီယာများက ဖေါ်ပြကြသည်။ အလားတူ လင်းနို့ကြီးများသေဆုံးမှုကို နယူးဆော့သ်ဝေးလ်နှင့် ကွင်းစလန်တို့တွင်လည်း တွေ့ရသည်ဟု ဆိုသည်။
တောင်ပိုင်းပြည်နယ်ဖြစ်သော တက်စ်မေးနီးယားတွင် ဒါဇင်နှင့်ချီသော တောမီးလောင်ကျွမ်းမှုများဖြစ်ပေါ်ပြီး နေအိမ်များ သစ်တောများ ဆုံးရှုံးရပြီး မီးသတ်သမား ရာပေါင်းများစွာတို့သည် တောမီးများကို ထိန်းချုပ်နိုင်ရန် ကြိုးစားနေရသည်။
ဇန်နဝါရီလ ၂၄ ရက်နေ့က တောင်ပိုင်းမြို့ကြီးဖြစ်သော အဒယ်လိတ် ဒေသခံများသည် ၎င်းတို့မြို့တွင် စံချိန်သစ်တင်သော အပူချိန်ဖြစ်သည့် ၄၆.၆ ဒီကရီ ဆယ်လ်စီးယပ်စ် အထိခံစားကြရသည်။
တနိုင်ငံလုံးတွက် ကျန်းမာရေး သတိပေးချက်များ ထုတ်ပြန်ထားပြီး တနေ့တာ၏ အပူဆုံးအချိန်တွင် အိမ်ပြင်မထွက်ရန်၊ လှုပ်ရှားမှု မလုပ်ရန်နှင့် ခန္ဓာကိုယ်အတွင်း ရေဓာတ်မပြတ်တောက်စေရန် အကြံပေးထားရသည်။
လက်ရှိဖြစ်ပေါ်နေသော အပူလှိုင်းသည် သြစတြေးလျနိုင်ငံအတွက် ပြဿနာများဖြစ်စေသည့် တချိန်တည်းမှာပင် ရာသီဥတုပြောင်းလဲမှုနှင့် ပတ်သက်ပြီး ညှိနှိုင်းဆောင်ရွက်မှုမရှိပါက အပူလှိုင်းများဖြစ်နိုင်ခြေရှိကြောင်း သိပ္ပံပညာရှင်များက သတိပေးနေသည်။
ဗြိတိန်ရှိ အရှေ့အန်လီယာ တက္ကသိုလ် ရာသီဥတု သုတေသနဌာနမှ ကထိက ဘန်ဝက်ဘာက “ရာသီဥတုပြောင်းလဲမှုကြောင့်ဖြစ်တဲ့ အဆိုးရွားဆုံး အကျိုးဆက်တွေကို ကာဗွန်ထုတ်လွှတ်မှုလျှော့ချပြီး သက်သာအောင် လုပ်လို့ရတယ်။ ဒီနည်းဟာ အကောင်းဆုံးပေမယ့် တကမ္ဘာလုံး လုပ်ဆောင်မှ ရမယ်။ လူတဦးချင်းစီအနေနဲ့ အကူအညီပေးနိုင်ပေမယ့် တကမ္ဘာလုံးက ထိထိရောက်ရောက် လုပ်ဖို့လိုတယ်” ဟု ပြောသည်။
“အဲဒီအခါကျတော့ နိုင်ငံရေးသမားတွေ သဘောတူဖို့ကြိုးစားနေတဲ့ဆီကို ပြန်ရောက်သွားတယ်။ ဒါကြောင့် ဒီလိုဆိုးရွားတဲ့ရာသီဥတုတွေဟာ ကမ္ဘာ့ပျှမ်းမျှ အပူချိန်တိုးတက်မှုကို လက်ရှိအဆင့်ကနေ ၂ ဒီဂရီ ဆဲလ်စီးယပ် အောက် ဒါမှမဟုတ် ၁.၅ ဒီကရီ ဆဲလ်စီးယပ် အောက် ထားနိုင်အောင်ကြိုးစားဖို့ တွန်းအားလည်းဖြစ်တယ်။ ကျနော်တို့က ရာသီဥတုကို မထိန်းချုပ်နိုင်ပေမယ့် ဆိုးရွားတဲ့ ရာသီဥတုရဲ့ သက်ရောက်မှုတွေကို လျှော့ချလို့ ရတယ်” ဟုလည်း သူပြောသည်။
ကိုးကား ။ ။ CNN, BBC