ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဟောင်း သူရ ဦးရွှေမန်း ဦးဆောင်မည့် ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ (UBP) အနေဖြင့် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တွင် ဖေဖော်ဝါရီ ၅ ရက်နေ့တွင် မှတ်ပုံတင်လိုက်ပြီဖြစ်သည်။
သူရ ဦးရွှေမန်း က “UBP ပါတီ တည်ထောင်ရန် ယနေ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကေ်ာမရှင်ကို အဆိုပြု တင်ပြလိုက်ပါပြီ ကျနော်တို့ဟာ နိုင်ငံတော်နှင့် ပြည်သူ့ အကျိုးစီးပွားကို မှန်မှန်ကန်ကန် ထိထိရောက်ရောက် ပြည်သူများနှင့်အတူ နိုးကြား တက်ကြွစွာ ပါဝင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ၎င်း၏ လူမှုကွန်ရက် စာမျက်နှာထက်မှတဆင့် ကြေညာသည်။
UBP ပါတီတွင် သူရဦးရွှေမန်းက ဥက္ကဋ္ဌ အဖြစ် တာဝန်ယူမည်ဖြစ်ပြီး စုစုပေါင်း အဖွဲ့ဝင် ၁၉ ဦးဖြင့် ဖွဲ့စည်းထားကြောင်း သိရပြီး ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ ထူထောင်ရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၏ အဓိက အခြေခံဖြစ်သည့် စီးပွားရေးကို တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ယဉ်ကျေးမှုကဏ္ဍတို့ကို စံနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်ရေးများ ကျိုးပမ်းသွားမည်ဟုဆိုသည်။
ထို့အပြင် တရားဥပဒေ စိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားမျှတရေးနှင့် ငြိမ်းချမ်းရေး၊ ပြည်ထောင်စု မြန်မာနိုင်ငံတော်နှင့် ဆီလျှော်လိုက်ဖက်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေဖြစ်ရေး ဆောင်ရွက်ရန်လည်း ရည်ရွယ်ထားကြောင်း သိရသည်။
UBP ပါတီ တည်ထောင်ရန် အဆိုပြုချက်ကို ယနေ့မနက်ပိုင်းက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံတွင် ပါတီ CEC အဖွဲ့ဝင် ၂ ဦးဖြစ်သည့် ဦးမြတ်ထွန်းသိန်းနှင့် ဦးကျော်စန်းတို့ သွားရောက် လျှောက်ထားကြသည်။
ဦးကျော်စန်း က “ပါတီ တည်ထောင်ရန်အတွက် လာလျောက်တာ ဖြစ်ပါတယ်။ သူတို့ သတ်မှတ်ထားတဲ့ အချက်တွေ ပြည့်စုံတဲ့အတွက် လက်ခံတဲ့ အကြောင်း ပြန်ပြီးတော့ ဖြတ်ပိုင်းပေးလိုက်တာပေါ့။ လက်ခံပါတယ်” ဟု ပြောသည်။
ထိုကဲ့သို့ ပါတီ တည်ထောင်ပြီးပါကလည်း သူရ ဦးရွှေမန်း အနေဖြင့် နိုင်ငံနှင့် ပြည်သူ အတွက် မည်သည့် အဖွဲ့အစည်း၊ မည်သည့် ပါတီ နှင့် မဆို လက်တွဲဆောင်ရွက်သွားမည်ကို သဘောထား ရှိကြောင်း ပါတီအဖွဲ့ဝင် ဦးကျော်စန်းက ဆိုသည်။
ပါတီခွင့်ပြုချက် ရရှိပြီ ဆိုပါက နေပြည်တော်တွင် ရုံးချုပ် ဖွင့်လှစ်သွားမည် ဖြစ်ပြီး တိုင်းနှင့် ပြည်နယ်များတွင် သက်ဆိုင်ရာ ရုံးများ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ပြောသည်။
သူရ ဦးရွှေမန်းသည် ၁၉၆၅ ခုနှစ်၊ စစ်တက္ကသိုလ် ဗိုလ်လောင်း အမှတ်စဉ် ၁၁ ကို တက်ရောက်ခဲ့သူ တဦး ဖြစ်ပြီး တပ်မတော်တွင် ၂၀၁၀ ပြည့်နှစ် အထိ ဗိုလ်ချုပ်ကြီး အဆင့်နှင့် ကြည်း၊ ရေ၊ လေ ညှိနှိုင်း ကွပ်ကဲရေးမှူး တာဝန်ကို ထမ်းဆောင်ခဲ့သူ တဦး ဖြစ်သည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပေါ်ပေါက်လာပြီး တပ်မတော်က အာဏာလွှဲသည့်အခါ တပ်မတော်မှ ထူထောင်ထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီမှ တဆင့် ၂၀၁၀ ရွေးကောက်ပွဲကို နေပြည်တော်၊ ဇေယျာသီရိမြို့နယ်မှ ဝင်ရောက် ယှဉ်ပြိုင်ရာ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။
သို့သော် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီတွင် ကြံ့ခိုင်ရေးပါတီ ယာယီ ဥက္ကဋ္ဌ ဘဝတွင် “သန်းခေါင်ယံ အာဏာသိမ်းပွဲ” ဖြင့် ရာထူးမှ ဖြုတ်ချခံရပြီး ၂၀၁၅ ရွေးကောက်ပွဲကို သာမန် ပါတီဝင်တဦး အနေဖြင့် ဖြူးမြို့နယ်မှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ သော်လည်း အနိုင်မရတော့ပါ။