ရခိုင် ပြည်နယ် အမ်းမြို့နယ် အတွင်း တပ်မတော် ယာဉ်တန်း ဖြတ်သန်းမည့် လမ်းကြောင်း တခုကို မိုင်းထောင် တိုက်ခိုက်ခဲ့မှု ဖြစ်ပွားခဲ့ကြောင်း အမ်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကိုကိုမြတ် က ပြောသည်။
တပ်မတော်ယာဉ် ၅ စီးပါသည့် ယာဉ်တန်းမှာ ဖေဖော်ဝါရီ ၄ ရက်နေ့ည ၈ နာရီခန့်က မဲလက်မောင်း ကျေးရွာနှင့် ချောက်ခြုံ ကျေးရွာကြားတွင် မိုင်း ၃ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပြီး ထိုပေါက်ကွဲမှုမှာ တပ်မတော် ယာဉ်တန်းဖြတ်သန်း သွားပြီးမှ ပေါက်ကွဲခဲ့တာကြောင့် ယာဉ်ရော၊ လူပါ ထိခိုက်မှု တစုံတရာ မရှိကြောင်း သိရသည်။
ဦးကိုကိုမြတ် က “ယာဉ်တန်းဖြတ်ပြီး ၁၅ မိနစ် အကြာမှာ ပထမ မိုင်း ၁ လုံး ပေါက်ကွဲတယ်။ နောက် ဒုတိယ မိုင်း ၂ လုံး ပေါက်ကွဲပါတယ်။ ထောင်တာကတော့ တပ်ကယာဉ်တန်းကို ထောင်တာပေါ့။ ကားဖြတ်ပြီး ၁၅ မိနှစ် ကြာမှ ကွဲတာ ဆိုတော့ လူရော ၊ ယာဉ်ရော ဘာမှတော့ ထိခိုက်တာ မရှိပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။
အမ်းမြို့နယ် ရန်ကုန်- စစ်တွေ ကားလမ်းမ မိုင်တိုင် အမှတ် ၁၉ မိုင် ၄ ဖာလုံ ချောက်ခြုံ ကျေးရွာ အနီးတွင် တိုက်ခိုက်ခံရခြင်းဖြစ်ပြီး ထိုနေရာသည် မဲလက်မောင်း ကျေးရွာနှင့် ၃ မိုင်ခန့် ဝေးသည့် အတွက် မိုင်းပေါက် ကွဲသံများကို ရွာကပင် ကြားရကြောင်း မဲလက်မောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝေလင်း က ပြောသည်။
ဦးဝေလင်း က “မိုင်းကွဲသံကို ကျနော်တို့ တရွာလုံး ကြားရပါတယ်။ ပထမ ပေါက်ကွဲသံ တလုံး ကြားတယ်။ နောက်ထပ် မိုင်းကွဲသံတွေလည်း ကြားရပါတယ်။ ဖြစ်တဲ့ အသေးစိတ်ကိုတော့ ကျနော်တို့လည်း မသိဘူး” ဟု ဧရာဝတီသို့ ပြော သည်။
ယင်းသို့ မိုင်းပေါက်ကွဲမှု ဖြစ်ပွားသည့် အတွက် ယမန်နေ့ ညကတည်းကပင် တပ်မတော် လုံခြုံရေး တပ်ဖွဲ့ဝင်များက ယင်း နေရာအား မိုင်းရှင်းလင်းရေး လုပ်ငန်းများကို လုပ်ဆောင်ခဲ့ပြီး ကျူးလွန်သူများကို ရှာဖွေ စုံစမ်းလျက် ရှိကြောင်းလည်း အမ်းဒေသ အာဏာပိုင်များက ပြောသည်။
အမ်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကိုကိုမြတ် က “ကျေးရွာသားတွေ လက်နက်ကြီး ပစ်ခတ်သံတွေ ကိုကြားရတယ် ဆိုတာက မိုင်းကွဲသံကို ကြားတာပါ။ လက်နက်ငယ် ပစ်ခတ်သံကို ကြားတယ် ဆိုတာကလည်း တပ်လုံခြုံရေး အဖွဲ့က ညက တည်းက အဲဒီနေရာကို ပစ်ခတ်ပြီး မိုင်းရှင်းလင်းရေး လုပ်တာ။ မနေ့က အဲဒီနေရာမှာ ပစ်ခတ်မှု ဖြစ်တာတော့ မရှိပါဘူး” ဟု ဆက်လက် ပြောကြားသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်အား ဧရာဝတီက ဆက်သွယ်ခဲ့သော်လည်း အစည်းအဝေး လုပ်နေသည် ဆိုသဖြင့် ဖြစ်စဉ်အား မေးမြန်းခွင့် မရရှိခဲ့ပါ။
လက်ရှိ အချိန်တွင် အမ်းမြို့နယ်တွင်း အခြေအနေမှာ တည်ငြိမ်နေပြီး စစ်တွေ- ရန်ကုန် ကားလမ်းမပေါ်မှ အမ်းစစ်ဆေးရေး ဂိတ်ကိုလည်း ပိတ်ထားခြင်း မရှိသဖြင့် ခရီးသည်တင် ယာဉ်များနှင့် ကုန်တင်ယာဉ်များမှာလည်း ပုံမှန် ပြေးဆွဲ လျက် ရှိကြောင်း သိရသည်။