ကယားပြည်နယ်မြို့တော် လွိုင်ကော်၌ မကြာသေးမီက စိုက်ထူလိုက်သော ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်နှင့် ပတ်သက်၍ ကန့်ကွက်နေကြသည့် ကယားဒေသခံများသည် ပြီးခဲ့သည့် ရက်သတ္တပတ်က ယင်းကြေးရုပ်အနီး ၎င်းတို့သပိတ်စခန်းကို ရဲများ၏ ဖြိုခွင်းမှုခံရပြီးနောက် လွိုင်ကော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံးရှေ့သို့ သပိတ် စခန်းပြောင်းဖွင့်၍ ဆန္ဒပြနေကြကြောင်း ဒေသခံ တက်ကြွလှုပ်ရှားသူတဦး၏ အဆိုအရ သိရသည်။
လွတ်လပ်ရေးခေါင်းဆောင် ကြေးရုပ်ထားရှိခြင်းအတွက် အာဏာရ NLD ပါတီကို ဆန္ဒပြသူ ၄၀ ခန့် လွိုင်ကော် ပါတီရုံးရှေ့တွင် စနေနေ့ကတည်းက စုဝေးခဲ့ကြကြောင်း၊ NLD မှ တာဝန်ရှိသူများနှင့် တွေ့ဆုံခွင့်ရရေးနှင့် ၎င်းတို့ ကန့်ကွက်သည့်ကိစ္စ ညှိနှိုင်းဆွေးနွေးပေးရေး တောင်းဆိုခဲ့ကြကြောင်း ဒေသခံ တက်ကြွလှုပ်ရှားသူ ခွန်သောမတ်က ပြောသည်။
“သူတို့တတွေက ရုံးဖွင့်ဖို့ ရောက်လာကြတာတွေ့ရပေမယ့် ဘယ်သူကမှ ကျနော်တို့နဲ့ ညှိနှိုင်းဆွေးနွေးဖို့ ထွက်မလာပါဘူး” ဟု ခွန်သောမတ်က ဧရာဝတီသို့ တနင်္လာနေ့တွင် ပြောသည်။
“ဒီစီမံချက်ကို ဦးဆောင်ခဲ့တဲ့ ပြည်နယ်ဝန်ကြီးချုပ် အပါအဝင် NLD ပါတီဝင်တွေကြောင့် သူတို့ရုံးရှေ့မှာ ကျနော်တို့က သပိတ်စခန်း ဖွင့်လိုက်ပါတယ်။ ဒါကြောင့် ပြည်နယ်အစိုးရနဲ့ NLD ဟာ ဒီပြဿနာရှင်းပေးဖို့ တာဝန်ရှိပါတယ်။ ကျနော်တို့ ရည်ရွယ်ချက်ကတော့ ညှိနှိုင်းဆွေးနွေးနိုင်ဖို့ သူတို့ရှေ့မှာ အခုလို သပိတ်စခန်း ဖွင့်လိုက်ရတာပါ” ဟု သူက ပြောသည်။
ကန့်သတ်နယ်မြေဖြစ်ပြီး ခွင့်ပြုချက်တောင်းခံခြင်းမရှိ၍ ထပ်မံ ဖွင့်လှစ်သည့် သပိတ်စခန်းအသစ်ကို ပိတ်သိမ်းရန် မြို့နယ် အာဏာပိုင်များက ခြိမ်းခြောက်နေခဲ့ကြောင်း ခွန်သောမတ်က ပြောသည်။ သို့သော် ပါတီတာဝန်ရှိသူများ အနေဖြင့် ၎င်းတို့နှင့် လက်ခံတွေ့ဆုံသည် အထိ သပိတ်စခန်း ဆက်ဖွင့်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
လွိုင်ကော် NLD ရုံးကို ဦးစီးနေသည့် ဦးသောင်းဌေးက NLD ဌာနချုပ်သို့ ယခုဆန္ဒပြသူများ၏ တောင်းဆိုချက်များကို ရုံးစာဖြင့်တင်ပြထားပြီး ညွှန်ကြားချက်ကို စောင့်ဆိုင်းနေဆဲ ဖြစ်ကြောင်း ပြောသည်။
လူနည်းစုတိုင်းရင်းသားများ နေထိုင်ရာဒေသတွင် ယင်းကြေးရုပ် ထားရှိခြင်းအပေါ် ကန့်ကွက်မှုများ ပေါ်ပေါက်ခြင်းနှင့် စပ်လျဉ်း၍ “ကျနော့်အနေနဲ့ ဒီကိစ္စအတွက် ဌာနချုပ်နဲ့ အဆက်အသွယ် လုပ်နေတုန်းပါ” ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။
“သူတို့သပိတ်စခန်းက ကျနော်တို့ ရုံးရှေ့ဖွင့်တယ်ဗျာ။ သူတို့ မူလခေါင်းစဉ်က ဗိုလ်ချုပ်ရုပ်တုပေါ့ဗျာ။ မူလခေါင်းစဉ်ကနေပြီး အခု ပါတီကို သိက္ခာကျအောင် တိုက်ခိုက်နေတဲ့ပုံစံ ဖြစ်သွားတာပေါ့ဗျာ။ သူတို့ကိုလည်း ကျနော်ပြောတယ်၊ မင်းတို့ကွာ မူလခေါင်းစဉ်နဲ့ လွဲနေပြီ၊ မင်းတို့အခုလုပ်နေတာက ပါတီကို တိုက်ခိုက်တဲ့ ပုံစံဖြစ်လာတယ်၊ စိတ်မကောင်းပါဘူးလို့ ကျနော်ပြောတယ်။ ဆန္ဒပြနေတာ ရပ်ဖို့ မေတ္တာရပ်ခံတယ်လို့လည်း ကျနော်ပြောလိုက်တယ်” ဟု သူက ပြောပြသည်။
စနေနေ့က ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူပွဲကျင်းပခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် အပါအဝင် NLD ပါတီဝင် အများအပြား တက်ရောက်ခဲ့ကြပြီး ထောက်ခံသူအင်အား ရာဂဏန်းရှိကြောင်း ကန့်ကွက်ဆန္ဒပြသူများက ပြောသည်။
သို့သော် ကြေးရုပ်စိုက်ထူရေးအတွက် NLD ထိပ်ပိုင်းတာဝန်ရှိသူများထံမှ ညွှန်ကြားချက် မရှိကြောင်း၊ နယ်ခံပါတီဝင်များ ယင်းကြေးရုပ် စီမံချက်တွင် မပါဝင်ကြောင်း ဦးသောင်းဌေးက ငြင်းဆိုခဲ့သည်။
အဆိုပါ အငြင်းပွားနေသည့် ကိစ္စအပေါ် NLD ပြောခွင့်ရသူ ဦးမျိုးညွန့်က သဘောထားမှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။
သောကြာနေ့က လွိုင်ကော်တွင် ဗိုလ်ချုပ်ကြေးရုပ် ထားရှိခြင်းအား ကန့်ကွက်သည့်ဆန္ဒပြမှု၌ ပါဝင်သူအယောက် ၂၀ မှာ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသည်။ ၎င်းတို့ကို ငြိမ်းချမ်းစွာစုဝေး စီတန်း လှည့်လည်ခြင်းဆိုင်ရာ ဥပဒေဖြင့် စွဲချက်တင်ပြီး ထိုနေ့မှာပင် အာမခံဖြင့် ပြန်လည် စေလွှတ်ပေးခဲ့သည်။
(Lawi Weng ၏ Protesters Angry With Aung San Statue in Kayah State Move Camp to NLD Office ကို ဘာသာပြန်သည်။)