သတင်း

ပလက်ဝ စစ်ဘေးရှောင် ၁၂၀ ကျော် AA ထံ ခိုလှုံနေဟု ဆို

Want create site? Find Free WordPress Themes and plugins.

ချင်းပြည်နယ် ပလက်ဝမြို့နယ် အတွင်း တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်လာသည့် စစ်ဘေးဒုက္ခသည် ၁၂၀ ကျော် ရက္ခိုင့် တပ်မတော် (AA) ထံ လာရောက် ခိုလှုံနေသည်ဟု သတင်း ရရှိသည်။

AA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခက“အကုန်လုံး လူဦးရေကတော့ ၁၂၄ ယောက်၊ တခြား ရွာသား တွေ က ဘယ်ဘက်ကို ပြေးတယ် ဆိုတာ ကျနော်တို့လည်း လိုက်စုံစမ်းနေတယ်”ဟု ပြောသည်။

စစ်ဘေးရှောင် ဒုက္ခသည် ၁၂၄ ဦးမှာ ကင်းတလင်း ရွာမှ အိမ်ထောင်စု ၁၂ စု၊ လူဦးရေ ၄၈ ဦး၊ ခမောင်းဝရွာမှ အိမ်ထောင် စု ၂၃ စု၊ လူဦးရေ ၇၆ ဦး တို့ ဖြစ်ပြီး ဖေဖော်ဝါရီလ ၃ ရက်က ပလက်ဝ မြို့နယ်၊ မြန်မာ- အိန္ဒိယ နယ်စပ်ရှိ AA ထိန်းချုပ် နယ်မြေ အတွင်း ရောက်ရှိလာခြင်း ဖြစ်သည်ဟု သိရသည်။

အဆိုပါ ၁၂၄ ဦးထဲ၌ အမျိုးသား ၃၂ ဦး၊ အမျိုးသမီး ၃၃ ဦးနှင့် ၁၂ နှစ် အောက် အရွယ် ၅၉ ဦး ပါဝင်သည်ဟု AA ၏ စာရင်း များ အရ သိရသည်။

ဦးခိုင်သုခက“ကျနော်တို့ရဲ့ ထိန်းချုပ်နယ်မြေထဲ ရောက်လာတဲ့ အရပ်သားတွေကို အကောင်းဆုံးတော့ ကူညီစောင့်ရှောက် ထားတယ်။ ရေရှည်မှာ ဆိုရင်တော့ သိပ်တော့ မလွယ်ဘူးပေါ့ဗျာ။ တခြားနည်းလမ်းတွေ ရှာရမှာပါ”ဟုလည်း ဆိုသည်။

ဦးခိုင်သုခက ပလက်ဝမှ ၎င်း၏ တပ်ဖွဲ့ဝင်များ ပေးပို့ထားသည့် စာရင်း အရ ဇန်နဝါရီလ၂၀ ရက်မှ ဖေဖော်ဝါရီလ ၄ ရက် အတွင်း တိုက်ပွဲများကြောင့် ပျက်စီးသွားသည့် ရွာများမှာ ခမောင်းဝရွာ၊ ကင်းတလင်းရွာ၊ ခေါစာချောင်းရွာ၊ ကူချောင်းဖျား ရွာ၊ တဝဂူရွာ၊ ဆာ့တလာဝရွာ၊ ဆာ့လှိုင်ဝရွာတို့ ဖြစ်သည်ဟု ပြောသည်။

ထိုရွာများထဲမှ ခမောင်းဝရွာနှင့် ကင်းတလင်းရွာမှ ဒေသခံများသာ AA ထိန်းချုပ် နယ်မြေ အတွင်းသို့ ရောက်လာခြင်း ဖြစ် ပြီး ကျန်ရွာများမှ ဒေသခံများမှာ မည်သည့် နေရာသို့ တိမ်းရှောင် သွားသည်ကို မသိရှိသေးပါဟု ဦးခိုင်သုခက ဆိုသည်။

ဆက်လက်၍ ၎င်းက“အထူးသဖြင့် ရှင်လက်ဝနဲ့ ကင်းတလင်းချောင်း တလျှောက်ကို မြန်မာ့ တပ်မတော်ဘက်က လက် နက်ကြီးတွေနဲ့ လှမ်းပစ်နေတာတွေ ရှိတယ်။ လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေလို့ အဲဒီမှာ ရခိုင်ရွာတွေ တော်တော်များများ ပြို(ပျက်)ကုန်ပြီ”ဟု ပြောသည်။

ပလက်ဝ မြို့နယ်တွင် စစ်ရေး မတည်မငြိမ် ဖြစ်ပွားနေသဖြင့် တပ်မတော်ဘက်မှ ဒေသခံ ရခိုင်အမျိုးသားအချို့ကို ဖမ်းဆီး စစ်ဆေး မေးမြန်းမှုများလည်း ဇန်နဝါရီလ အတွင်း ပြုလုပ်ထားသည်။

ပလက်ဝမြို့နယ်၊ ရှင်လက်ဝ ရွာတွင်လည်း ရခိုင် အမျိုးသားများကို တပ်မတော်က AA ဟု စွပ်စွဲကာ နှိပ်စက် ညှဉ်းပန်းမှု များ ရှိနေသည်ဟူသည့် သတင်း စကားများလည်း ပျံ့နှံ့နေပြီး ဇန်နဝါရီလ အတွင်း ပလက်ဝမှ ရခိုင်အမျိုးသား၂၄ ဦးသည် ရခိုင် ပြည်နယ်၊ ကျောက်တော်မြို့သို့ တိမ်းရှောင်လာကြောင်း သိရသည်။

ထို ၂၄ ဦးနှင့် လက်ခံထားသည့် အိမ်ရှင် ၂ ဦးကို တပ်မတော်မှ ဗိုလ်မှူး အောင်နိုင်စိုးက မတရား အသင်း ဆက်သွယ်မှု အက် ဥပဒေ ပုဒ်မ ၁၇ (၁ ) (၂) တို့နှင့် အမှုဖွင့် သဖြင့် ဖေဖော်ဝါရီလ ၃ ရက်၊ ညပိုင်းတွင် ဝင်ရောက် ဖမ်းဆီးခံခဲ့ရပြီး စစ်တွေ အကျဉ်းထောင်တွင် ချုပ်ထားသည်။

ရှင်လက်ဝမှ ဒေသခံအချို့ကို ဆက်သွယ် မေးမြန်းချက် အရ ရှင်လက်ဝရွာ အဝင်အထွက်ကို တပ်မတော်က တင်းကျပ် ထားသဖြင့် ဒေသခံများ ထိတ်လန့်နေကြသည်ဟု သိရသည်။

သို့သော် တပ်မတော်၏ ပြောရေး ဆိုခွင့် ရှိသူများကို ဆက်သွယ် မေးမြန်း၍ မရသဖြင့် ဒေသခံများ၏ ပြောဆိုချက် အပေါ် ဧရာဝတီမှ သီးခြား အတည်ပြုနိုင်ခြင်း မရှိပါ။
ဧရာဝတီမှ ပလက်ဝမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များကို ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရပါ။

ပလက်ဝမြို့နယ် အုပ်ချုပ်ရေးမှူးကို မေးမြန်းရာ ၎င်းက ယခု ရက်ပိုင်းအတွင်း ထပ်မံ ပြေးလာသည့် စစ်ဘေးရှောင် ဒုက္ခ သည်များ မရှိပါဟု ပြောဆိုသည်။

AA ထိန်းချုပ် နယ်မြေ အတွင်းသို့ တိမ်းရှောင် သွားသည့် ကင်းတလင်းရွာနှင့် ခမောင်းဝရွာမှ ဒေသခံများ အကြောင်း မေးမြန်းရာတွင် အဆိုပါ အုပ်ချုပ်ရေးမှူးက“အဲဒီ
အနီးအနားမှာ တပ်မတော်က ထိန်းချုပ်ထားတဲ့ ကြီးကြပ် ကွပ်ကဲတဲ့ နယ်မြေမှာ မြို့နယ် အုပ်ချုပ်ရေးမှူး တိုက်ရိုက် ကွပ်ကဲဖို့ တော်တော် လှမ်းပါတယ်။

သောင်းကျန်းသူတွေလည်း ရှိတဲ့ နေရာတွေပါ”ဟု ပြောသည်။

ထို့ပြင် အုပ်ချုပ်ရေးမှူးက သတင်း ရေးသားဖော်ပြရာတွင် ၎င်း၏ အမည်ကို မသုံးရန်၊ ပလက်ဝမြို့နယ် အုပ်ချုပ်ရေးမှူး ဟုသာ သုံးရန်လည်း ဧရာဝတီကို ပြောသည်။
တပ်မတော်နှင့် AA တို့သည် ပလက်ဝမြို့နယ် အတွင်း ၂၀၁၅ ခုနှစ်မှ စ၍ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက် ရှိသည်။

ယခု ဖြစ်ပွားနေသည့် တိုက်ပွဲများမှာ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်မှ စတင်ခဲ့ခြင်း ဖြစ်ပြီး ပလက်ဝမြို့နယ် အပြင် ရခိုင် ပြည်နယ် ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်နှင့် ပုဏ္ဏားကျွန်း မြို့နယ်တို့တွင်လည်း စစ်ရေး တင်းမာမှုများ၊ ပစ်ခတ် တိုက်ခိုက်မှုများ ယနေ့အထိ ရှိနေဆဲ ဖြစ်သည်။

တပ်မတော်နှင့် AA တို့ကြား တိုက်ခိုက်မှုများကြောင့် ရခိုင် ပြည်နယ်တွင် နေရပ်စွန့်ခွာ ထွက်ပြေးရသည့် စစ်ဘေးရှောင် ဒုက္ခသည် ၅၀၀၀ ကျော် ရှိနေသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ AA ပါဝင်သည့် မြောက်ပိုင်း မဟာမိတ် အဖွဲ့များ၊ ပဏာမ အပစ်ရပ် စာချုပ် (Bilateral Agreement ) နှင့် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ဆိုင်ရာ သဘောတူညီမှု စာချုပ် (NCA) မချုပ်ဆို ရ သေး သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို အပစ်အခတ် ရပ်စဲရေး စာချုပ်များ ချုပ်ဆိုနိုင်ရန် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်မှ ၂၀၁၉ ခုနှစ် ဧပြီလ ၃၀ ရက် အထိ စစ်တိုင်း ၅ တိုင်းကို အပစ်ရပ်ဆိုင်း ပေးထားသည်။

သို့သော် အကြမ်းဖက် အဖွဲ့ ရခိုင်-ရိုဟင်ဂျာ ကယ်တင်ရေးတပ် (ARSA) ရှိနေသည် ဟူသည့် အကြောင်းပြချက်ဖြင့် AA လှုပ် ရှားပြီး တိုက်ပွဲများ ဖြစ်နေသည့် ရခိုင်ပြည်နယ် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေ ပါဝင်ခြင်း မရှိပေ။

၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၄ ရက်တွင် AA က ဘူးသီးတောင် မြို့နယ်ရှိ နယ်ခြားစောင့် ရဲစခန်း ၄ ခုကို ဝင်ရောက် တိုက် ခိုက်ပြီး လက်နက် ၄၀ ကျော်နှင့် ကျည်ဆန် ၁၆၀၀၀ ကျော်ကိုလည်း သိမ်းဆည်း သွားသည်။

AA ၏ တိုက်ခိုက်မှုကြောင့် ရဲ ၁၃ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာ ရခဲ့သည်။

နိုင်ငံတော် သမ္မတရုံးက AA ကို အကြမ်းဖက် သောင်းကျန်းသူ အဖြစ် သတ်မှတ်ကာ ရဟတ်ယာဉ်နှင့် တပ်အင်အားများ အသုံးပြု၍ သောင်းကျန်းသူ စစ်ဆင်ရေး ပြုလုပ်ပြီး ချေမှုန်းရန် တပ်မတော်နှင့် သဘောတူ ထားသည်။

တဖက်တွင်လည်း အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) နှင့် AA ပါဝင်သည့် မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့သည် အပစ်အခတ် ရပ်စဲရေး အတွက် ဆွေးနွေးနိုင်ရန် ညှိနှိုင်းလျက် ရှိသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading