သတင်း

ဧရာဝတီ မြစ်ဆုံအရေး ကော်မရှင် အစီရင်ခံစာ သမ္မတရုံးသို့ တင်ပြထား

Want create site? Find Free WordPress Themes and plugins.

ကချင်ပြည်နယ် မြစ်ဆုံဒေသတွင် ပြုလုပ်ရန် ရှိသည့် ရေအား လျှပ်စစ် စီမံကိန်းများကို ဆက်လက် ဆောင်ရွက်ရန် သင့်၊ မသင့်နှင့် ပတ်သက်၍ ဖွဲ့ စည်းထားသည့် ဧရာဝတီ မြစ်ဆုံ၊ မြစ်ညာ၊ မြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများ လေ့လာသုံးသပ်ရေး ကော်မရှင်၏ အစီရင်ခံစာကို နိုင်ငံတော် သမ္မတရုံးသို့ တင်ပြထားသည်မှာ တနှစ်ကျော်ရှိပြီ ဖြစ်ကြောင်း သိရသည်။

ယင်းအဖွဲ့ တွင် လက်ရှိ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ကော်မရှင် ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားပြီး နိုင်ငံတော် အတိုင် ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေ က ဒုတိယ ဥက္ကဋ္ဌနှင့် အစိုးရ ဝန်ကြီးများ၊ ကချင်ပြည်နယ် ဝန်ကြီးချုပ်တို့မှာ အဖွဲ့ ဝင်များ ဖြစ်ကြပြီး ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းသိမ်းက အတွင်းရေးမှူးအဖြစ် တာဝန်ယူထားသည်။

အထက်ပါ ကော်မရှင်မှ အဖွဲ့ဝင်တဦး ဖြစ်သူ မိကွန်ချမ်း က “ကျမတို့က သုံးသပ်ချက်ကိုတော့ ပေးပြီးသွားပြီ။ သုံးသပ်ချက်ကို ပေးပြီးသွားပြီ ဆိုတော့ ကျန်တာက ကျမတို့ဆီ Reply ပြန်မလာဘူး။ ဘာလုပ်ရမယ်၊ ဘာညာပေါ့။ ကျမတို့ကတော့ အားလုံးတွေ့ရှိပြီး သုံးသပ်ချက်ကို တင်လိုက်ပြီ။ ကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်လည်း ဒါပဲရှိသေးတာကိုး” ဟု ယနေ့ လွှတ်တော်တွင် သတင်းထောက်များကို ပြောသည်။

သမ္မတရုံးသို့ တင်ပြထားသည်မှာ ၁ နှစ်ကျော်ပြီ ဖြစ်သော်လည်း အစီရင်ခံစာ အပေါ်တွင် ပြန်လည် စိစစ်ရန် ညွှန်ကြားပါက ထပ်မံ စိစစ်ရဦးမည် ဖြစ်ကြောင်း၊ မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ တရုတ်-မြန်မာ ကြား ချုပ်ဆိုခဲ့သည့် စာချုပ်ကို ကော်မရှင်က လေ့လာခဲ့ ပြီး ဖြစ်ကြောင်း ယင်းကော်မရှင်ထံမှ သိရသည်။

“သမ္မတရုံးကိုပဲ တင်ထားတာ ၁ နှစ် ကျော်သွားပြီ၊ နိုင်ငံတော်ကပဲ ဆုံးဖြတ်ရမှာ၊ ပညာရှင်တွေ အများကြီး ပါဝင်တဲ့ အတွက် တဦးချင်းစီသွားတာ မဟုတ်ဘူး၊ အဲတော့ မှတ်ချက် မပြောလိုဘူး၊ ကျန်ရှိတဲ့ သက်တမ်း ၂ နှစ် အတွင်း ထွက်မလား ဆိုတာလည်း မပြောတတ်သေးဘူး”ဟု မိကွန်ချမ်းက ဆက်၍ ပြောဆိုသည်။

ကချင် ပြည်နယ်တွင် အငြင်းပွားဖွယ်ရာ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း အပါအဝင် စီမံကိန်းများ၌ တရုတ်နိုင်ငံက အနည်းဆုံး အမေရိကန် ဒေါ်လာ ၆ ဘီလီယံ ရင်းနှီး မြှုပ်နှံထားကြောင်း သိရသည်။

အမေရိကန် ဒေါ်လာ ၃.၆ ဘီလီယံတန်သည့် စီမံကိန်းကို ဆည်၏ လူမှုဘဝနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုများနှင့် ပတ်သက်၍ စိုးရိမ်သည့် ပြည်သူ လူထု၏ ဆန့်ကျင် ကန့်ကွက်မှု များကြောင့် ၂၀၁၁ ခုနှစ်တွင် သမ္မတ ဦးသိန်းစိန်က ရွှေ့ဆိုင်းခဲ့သည်။

ယင်းစီမံကိန်းကို တရုတ်နိုင်ငံဖြင့် ဆောင်ရွက်ရန် တပ်မတော် အစိုးရလက်ထက်က သဘောတူညီခဲ့ခြင်း ဖြစ်သော်လည်း ယခင် အစိုးရများ လက်ထက်က ပြုလုပ်ခဲ့သည့် စီမံကိန်းများကို မိမိတို့ မူဝါဒနှင့် မကိုက်ညီဟုဆိုကာ ဖျက်သိမ်းမည် ဆိုပါက မိမိတို့နိုင်ငံကို မည်သူကမျှ အယုံအကြည် ရှိတော့မည် မဟုတ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စစ်ကိုင်းတိုင်း ခရီးစဉ်တခုအတွင်း ပြောဆိုထားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဖြေကြားချက်သည် လက်ရှိ ကချင်ပြည်နယ် မြစ်ဆုံ ဒေသရှိ တရုတ်နိုင်ငံ၏ ရေအားလျှပ်စစ် စီမံကိန်းကို ပြည်သူ လူထုက ပြင်းထန်စွာ ကန့်ကွက်နေချိန်နှင့်လည်း တိုက်ဆိုင်လျက် ရှိသည်။

တပ်မတော် အစိုးရ လက်ထက်က စတင်ခဲ့သည့် မြစ်ဆုံ စီမံကိန်းကို ပြည်သူလူထု၏ ကန့်ကွက်မှုကြောင့် ယခင် သမ္မတ ဦးသိန်းစိန် အစိုးရက ယာယီ ရပ်ဆိုင်းပေးခဲ့သော်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ လက်ထက် တွင် ပြည်သူက ပို၍ ပြောဆိုမှုများ ရှိလာပြီး လုံးဝ ရပ်ဆိုင်းပေးရန် သဘောထား ရှိကြောင်း ထုတ်ဖော်မှု တချို့လည်း ရှိနေသည်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် “ကချင်ပြည်နယ်မှ အခြေအနေများကို ဆွေးနွေးရေး အတွက်” ဆိုသည့် ခေါင်းစဉ်ဖြင့် ကချင် တိုင်း ရင်းသား ခေါင်းဆောင်တချို့ကို မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး Hong Liang ဟုန်လျံက တွေ့ ဆုံပြီးနောက် ကချင် ခေါင်းဆောင်များက မြစ်ဆုံစီမံကိန်းကို ထောက်ခံကြောင်း တရုတ် သံရုံးက ကြေညာချက် တစောင် ထုတ်ပြန်ခဲ့ရာ ပြည်သူ လူထုကြား ဝေဖန်မှုများ ပြင်းထန်ခဲ့ကြသည်။

ထို့နောက် တရုတ်သံအမတ်နှင့် တွေ့ဆုံခဲ့သည့် ကချင် နိုင်ငံရေးပါတီ ခေါင်းဆောင်များ ကလည်း ၎င်းတို့ အနေဖြင့် မြစ်ဆုံ စီမံကိန်း ကို မထောက်ခံကြောင်း ထုတ်ပြန်ကြေညာခဲ့ရသည်။

ဗန်းမော်မြို့ နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းက “ဒီနေရာမှာ ဆည်ကြီးကို ဆောက်လိုက်မယ်ဆိုရင် ရွာတွေ ရေဖုံးမယ်။ ဗုဒ္ဓဘာသာ စေတီတွေ တော်တော် နစ်မြုပ်သွားမယ်။ အဲဒီ စိုးရိမ်ဖို့ ကောင်းတာက စစ်ကိုင်းပြတ်ရွေ့ ကြောကြီးလည်း ရှိတော့ တခုခုဖြစ်ရင် မြစ်ကြီးနားမြို့က စက္ကန့်ပိုင်းပေါ့၊ ကျနော်တို့ ဗန်းမော် ဆိုရင် မိနစ်ပိုင်းအတွင်း ရေလွှမ်းသွားနိုင်တယ်”ဟု ပြော သည်။

ထို့ပြင် မြန်မာနိုင်ငံရှိ တရုတ် စီမံကိန်းများကို လေ့လာကြည့်ရာတွင် မြန်မာပြည်သူလူထုအတွက် အကျိုးရှိသည့် စီမံကိန်းမျိုးကို မတွေ့ ရဘဲ ကချင်ဒေသရှိ တရုတ်စီမံကိန်းများမှာလည်း ထို့အတူပင် ဖြစ်ကြောင်း ၎င်းက သုံးသပ်ခဲ့သည်။

ဧရာဝတီ မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်း ရေးအားလျှပ်စစ် စီမံကိန်းများကို လေ့လာသုံးသပ်သည့် ကော်မရှင်သည် ၂၀၁၆ ခုနှစ်၊ သြဂုတ် လမှ နိုဝင်ဘာလအထိ ကော်မရှင် အစည်းအဝေးများကို ၁၁ ကြိမ် ကျင်းပပြုလုပ်နိုင်ခဲ့ပြီး စီမံကိန်းနှင့် စပ်လျဉ်းသည့် စာရွက်စာတမ်း များနှင့် အချက်အလက်များကို ဘက်စုံ ထောင့်စုံမှ လေ့လာစိစစ် သုံးသပ်နိုင်ရန် စုပေါင်းဆွေးနွေးခဲ့ကြောင်း ယင်းကော်မရှင်၏ ပထမ အစီရင်ခံစာတွင် ဖော်ပြထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading