အဂတိလိုက်စားမှုကြောင့် တိုင်ကြားစာ အများဆုံးပေးပို့ခံရသည့် ဝန်ကြီးဌာန ၁၄ ခုကို အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အဖွဲ့ (CPU) က နည်းပညာ သင်တန်းများ ပေးပို့သွားမည်ဟု သတင်းရရှိသည်။
အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုးက “သူတို့ဌာနတွေက တိုင်စာတွေကလည်း အများကြီး ရောက်တယ်။ ပြည်သူနဲ့ များများ တွေ့ထိလေ၊ လုပ်ထုံး လုပ်နည်းမှားယွင်းတာလည်း ရှိချင်ရှိမှာပေါ့။ မှန်ကန်ပေမယ့်လည်း ပြည်သူက အလိုမကျတဲ့ အခါ တိုင်စာတွေ အများကြီး ပို့တဲ့ ကိစ္စတွေလည်း ရှိတာပေါ့” ဟု ပြောသည်။
ဖေဖော်ဝါရီ ၅ ရက်နေ့က နေပြည်တော်ရှိ Kempinski ဟိုတယ်တွင် အဂတိတားဆီးကာကွယ်ရေး အဖွဲ့ Corruption Prevention Unit (CPU )နည်းပညာ သင်တန်း အမှတ်စဉ် ၁/ ၂၀၁၉ သင်တန်း ဖွင့်ပွဲ ုအခမ်းအနား အပြီးတွင် အထက်ပါ အတိုင်း မီဒီယာများကို ပြော သည်။
အဂတိ အမှုဖြင့် အများဆုံး တိုင်ကြားခံရသည့် ဝန်ကြီး ဌာန ၁၄ ခုမှာ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင် စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည် သူ့ အင် အားဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာ ရေး ဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင် စုရှေ့နေချုပ်ရုံး ဝန်ကြီးဌာန တို့ ဖြစ်သည်။
ကော်မရှင်သို့ တိုင်ကြားစာ ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၄ ရက်မှ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့အထိ တိုင်စာ အမှုပေါင်း ၁၀၇၄၇ အစောင်ရေရှိပြီး တိုင်ကြားစာ အရေအတွက် အများဆုံးရောက်ရှိမှုမှာ ရန်ကုန်တိုင်းဒေသကြီးမှ ၂ထောင်ကျော်နှင့် မန္တလေးတိုင်း ဒေသကြီးမှာ ၁၈၃၇ စောင်ရေ ရှိကြောင်း ကော်မရှင်၏ ဝက်ဒ်ဆိုဒ်တွင် ဖော်ပြ ထားသည်။
အဂတိ လိုက်စားမှု အမြင့်ဆုံး ဖြစ်နေသည့် ဝန်ကြီးဌာန ၁၄ ခုမှာပြည်သူ လူထုနှင့် အမြဲတမ်း တွေ့ထိရသည့် ဌာနများဖြစ်ခြင်းကြောင့် ထိုသို့ သင်တန်းပို့ချ၍ အသိပညာ ပေးခြင်းဖြင့် ပြည်သူလူထုနှင့် အစိုးရကြား ယုံကြည်မှု ပြန်လည်တည်ဆောက် နိုင်မည်ဖြစ်ကြောင်း ဦးကျော်စိုးက ပြောသည်။
အဆိုပါအဖွဲ့များ ဖွဲ့စည်းခြင်းသည် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၁၆ (ဋ) နှင့်အညီဖြစ်သည့်အပြင် အဂတိလိုက်စား မှုတိုက်ဖျက်ရေး မဟာဗျူဟာ စီမံချက်၏ အစိတ်အပိုင်း တရပ်ဖြစ်ပြီး အဆိုပါ သင်တန်းကို ၃ ရက်ပို့ချ သွားမည်ဟုလည်း သိရသည်။
ထိုကဲ့သို့ ဝန်ကြီးဌာနများမှ ဝန်ထမ်းများ သင်တန်းပို့ချပေးရခြင်း၏ ရည်ရွယ်ချက်မှာ ဝန်ထမ်းများ အဂတိလိုက်စားမှု ပြစ်မှုကျူးလွန်ပြီးမှ အရေးယူခြင်းသည် ကျူးလွန်ခဲ့သူများ၌ ကြီးမားသည့် ထိခိုက်နစ်နာ ဆုံးရှုံးမှုများ ဖြစ်စေနိုင်ခြင်း၊ ထို့ကြောင့် အဂတိ လိုက်စားမှု ဖြစ်မှု လုံးဝ မကျူးလွန်မိစေရန်၊ ဌာနအတွင်း အဂတိလိုက်စားမှု ပေါ်ပေါက်နိုင်သော အခြေအနေများကို ကြိုတင် စီစစ်ဖော်ထုတ်ရန် နှင့် ဝန်ထမ်း များကိုအနာဂတ် ကာလတွင် အဂတိလိုက်စားမှု ဆက်လက် မဖြစ်ပေါ်စေရန် အတွက် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးဌာနအချို့တွင် ယခု ဖွဲ့စည်းမည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်း တာဝန်သည် ဌာန ဆိုင်ရာ ဝန်ထမ်းများ၏ ဂုဏ်သိက္ခာနှင့် လူထု၏ ယုံကြည်မှုတို့ကို ပြန်လည် မြင့်မားလာအောင် ဆယ်တင်ပေးနိုင်သည်ဖြစ်၍ အောင်မြင်စွာ အကောင် အထည် ဖော်နိုင်ရန် အလွန်အရေးကြီးသည် ဟုလည်း ဥက္ကဋ္ဌ က ပြောသည်။
သက်ဆိုင်ရာ ဝန်ကြီးဌာနအတွင်း အဂတိ လိုက်စားမှု ဖြစ်ပွားခဲ့ပါက ဝန်ကြီးဆီ တင်ပြသွားရမည် ဖြစ်ပြီး ပြည်ထောင်စုဝန်ကြီး၏ အဆုံး အဖြတ်ကို ရယူကာ ဆောင်ရွက်သွားမည်ဖြစ်သည်။
တိုင်ကြားခံရသည့် ဝန်ကြီး ဌာနများထဲမှ အများဆုံး တိုင်ကြားခံရသည့် ဌာနမှာ ပြည်ထဲရေး ဝန်ကြီးဌာနမှ ဖြစ်သည်ဟုလည်း ၂၀၁၈ ခုနှစ် မတ်လ အတွင်းက ပြုလုပ်ခဲ့ သည့် သတင်းစာရှင်းလင်းပွဲတွင် ကော်မရှင်မှ အဖွဲ့ဝင် ဒေါ်လဲ့လဲ့သွင် က ပြောကြားဖူးသည်။
နောက်ပိုင်းတွင် ဝန်ကြီးဌာန အားလုံး ထိုကဲ့သို့ CPU သင်တန်းများ ပို့ချရန် အစီအစဉ်ရှိကြောင်း၊ ထိုကဲ့သို့ ပြု လုပ်ရခြင်းမှာ ဝန်ထမ်းများ အဂတိလိုက်စားမှုကို လျော့ချရန်အတွက် ပို့ချခြင်း ဖြစ်ကြောင်း ဦးကျော်စိုးက ပြောသည်။
မြန်မာနိုင်ငံ လွှတ်လပ်သော ရှေ့နေများ အသင်းမှ အထွေထွေ အတွင်းရေးမှူး ဦးသိန်းသန်းဦးကလည်း ယခုကဲ့သို့ ဝန်ထမ်းများကို သင် တန်း ပို့ချပေးခြင်းမှာ နည်းလမ်း တခု အနေဖြင့် ကြည့်ပါက မှန်ကန်ကြောင်း၊ အဂတိ အမှုများကို ကျူးလွန်ပါက မည်ကဲ့သို့ အပြစ်ရှိ နိုင် ကြောင်းကို သိရှိသဖြင့် ရှောင်ရှားနိုင်မည်ဖြစ်ကြောင်း မှတ်ချက်ပြုသည်။
ဆက်စပ်ဖတ်ရှုရန်
နေပြည်တော် စည်ပင် ဌာနမှူးအား အဂတိမှုဖြင့် ထောင် ၃ နှစ် ချမှတ်