ကယား ပြည်နယ် လွိုင်ကော်မြို့ရှိ ကန္ဒာဟေဝန် ပန်းခြံ အတွင်း ဗိုလ်ချုပ် အောင်ဆန်း မြင်းစီး ကြေးရုပ်တု ထားရှိခြင်းနှင့် ပတ်သက်၍ ထောက်ခံပွဲ ပြုလုပ်ခဲ့သည့် ဦးဆောင်သူ ၅ ဦးကို ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်း လှည့်လည်ခြင်း ဆိုင်ရာ ဥပဒေ (ငြိမ်းစုစီ) ပုဒ်မ ၂၀ နှင့် ဖေဖော်ဝါရီ ၄ ရက် ညက အမှုဖွင့်လိုက်ပြီ ဖြစ်ကြောင်း လွိုင်ကော်မြို့နယ် ရဲစခန်းက သိရ သည်။
လွိုင်ကော် မြို့နယ် ရဲစခန်းမှူး ဒုရဲမှူး ဝင်းဌေးက “ပုဒ်မ ၁၉ အရတော့ ခွင့်ပြုချက် ရပြီးသား။ ခွင့်ပြုချက် ရပြီးတော့လည်း ပုဒ်မ ၄ (စ)မှာ သဘောတူ ညှိနှိုင်းထားတာ ရှိတယ်။ ဒီနေရာ၊ ဒီနေရာ မပါဘူး ဆိုပြီး။ အဲဒါ သူတို့က လူစုခွဲပြီးမှ ထပ်ပြီး အဲဒီနေရာ ဝင်သွားတဲ့ အတွက်ကြောင့် ပုဒ်မ၂၀ နဲ့ တိုင်ထားတာ” ဟု ဧရာဝတီကို ပြောသည်။
ထောက်ခံပွဲ ပြုလုပ်ရာတွင် ဦးဆောင်ခဲ့သည့် ဦးဝင်းအောင် (လောပိတ အုပ်ချုပ်ရေးမှူး) ပါ ၅ ဦးကို အမှုဖွင့်ထားခြင်း ဖြစ်ပြီး ၎င်းတို့အား ခေါ်ယူ စစ်ဆေးမှုများ ပြုလုပ်နေပြီ ဖြစ်ကြောင်း ဒုရဲမှူး ဝင်းဌေးက ပြောဆိုသည်။
ဗိုလ်ချုပ် ကြေးရုပ်တု ထောက်ခံပွဲကို ဖေဖော်ဝါရီ ၂ ရက်က ပြုလုပ်ခဲ့ခြင်း ဖြစ်ကာ ယင်းနေ့တွင် ကန္ဒာဟေဝန် ပန်းခြံ အတွင်း ရုပ်တု ဖွင့်ပွဲကို ကန့်ကွက်မှုများရှိနေသည့်ကြားမှ ပြုလုပ်ခဲ့သည်။
အဆိုပါ ထောက်ခံပွဲ ဦးဆောင်သူများသည် ငြိမ်းစုစီ ဥပဒေဘောင်ထက် ကျော်လွန် ဆောင်ရွက်ခဲ့မှုများ ရှိခဲ့သည်ဟု ဆိုကာ အရေးယူပေးရန် ကရင်နီပြည် လူငယ် အင်အားစုမှ မြို့နယ် ရဲတပ်ဖွဲ့ထံ ဖေဖော်ဝါရီ ၃ ရက်က တိုက်ချက် သွားဖွင့်ခဲ့သည် ဟု လည်း သိရသည်။
တိုက်ချက် ဖွင့်ရာတွင် ပါဝင်သူ ကိုဒီးဒီ က “အဓိကတော့ ငြိမ်းစုစီ ဥပဒေကို ကျော်လွန်ပြီးမှ ဆန္ဒထုတ်ဖော်တာကို ဓာတ်ပုံရယ် ဗီဒီယို အထောက်အထားနဲ့ သွားပြောတယ်။ ထောက်ခံတဲ့သူကျတော့ အရေးမယူဘူး။ ကန့်ကွက်တဲ့သူကျတော့ အရေးယူတဲ့ စသဖြင့် သွားပြီးမှ ပြောကြားခဲ့တယ်” ဟု ရှင်းပြသည်။
၎င်းတို့ တိုင်ကြားထားချက် အရ လွိုင်ကော် မြို့နယ် ရဲတပ်ဖွဲ့မှ ဦးဆောင်သူ ၅ ဦးကို ငြိမ်းစုစီ ပုဒ်မ ၂၀ ဖြင့် အရေးယူ ဆောင်ရွက်နေပြီဟု သိရှိရသော်လည်း ယနေ့ အချိန်ထိ ရဲတပ်ဖွဲ့မှ တရားဝင် ထုတ်ပြန်ခြင်း မရှိသေးဟု ၎င်းက ဆိုသည်။
ကယား ပြည်နယ်တွင် ဗိုလ်ချုပ်ကြေးရုပ်တု ထားရှိသည့် ကိစ္စနှင့် ပတ်သက်၍ ကန့်ကွက်နေကြသည့် ကရင်နီပြည် လူငယ် အင်အားစုသည် လက်ရှိ အချိန် အထိ ပြည်နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးရှေ့၌ သပိတ် စခန်းဖွင့်ပြီး ကန့် ကွက်နေကြဆဲ ဖြစ်သည်။
ကိုဒီးဒီက “သပိတ်စခန်း ဆက်လက် ဖွင့်ထားဆဲပါ။ အခုချိန်ထိ လာတွေ့တာ ညှိနှိုင်းတာတို့ မရှိသေးဘူး။ သပိတ်ကတော့ အခြေနေ အပေါ် မူတည်ပြီးမှ ရက် အကန့်အသတ် မရှိ လုပ်ဆောင်သွားဖို့ ဆုံးဖြတ်ထားပါတယ်။ ဒါ (ရုပ်တု) ကို ရွှေ့ပြောင်း ဖို့ပဲ တောင်းဆိုသွားမှာပါ။ နောက်ပိုင်း လူထု အင်အားနဲ့ ဆက်လက် ဆန့်ကျင်သွားဖို့ ရှိပါတယ်” ဟု ဆိုသည်။
တာဝန်ရှိသူများ အနေဖြင့် ကန့်ကွက် ဆန္ဒ ဖော်ထုတ်နေသူများ၏ သဘောဆန္ဒကို လျစ်လျူရှုကာ တွေ့ဆုံ ညှိနှိုင်းခြင်း မရှိ ဘဲ ဗိုလ်ချုပ် ကြေးရုပ်တုကို ဆက်လက် ထားရှိမည် ဆိုပါက ကရင်နီ လူငယ်များ၏ စိတ်ထဲတွင် နာကျည်းချက်များကြီး ထွားလာမည် ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
လက်ရှိတွင် ဗိုလ်ချုပ် ကြေးရုပ်တုကို ကန့်ကွက်ကြသည့် ကရင်နီ လူငယ်များသည် ကရင်နီ သမိုင်းကြောင်း ဖြန့်ဝေမှု၊ ကန့် ကွက် ဆန္ဒ ထုတ်ဖော်မှုများကြောင့် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(ခ)(ဂ)၊ ငြိမ်းစုစီ ပုဒ်မ ၁၉၊ ၂၀ တို့ဖြင့် တရား ရင်ဆိုင် နေ ကြရသည်။