ထရမ့်နှင့်ကင် ယခုလကုန် ဗီယက်နမ်တွင် တွေ့မည်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းနှင့် ယခုလကုန်တွင် ဗီယက်နမ်နိုင်ငံ၌ တွေ့ဆုံရန် စီစဉ်ထားကြောင်း ဖေဖေါ်ဝါရီလ ၅ ရက်နေ့က ပြောကြားသော ပြည်ထောင်စု အခြေပြမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
ထိုထိပ်သီးဆွေးနွေးပွဲကို ဖေဖေါ်ဝါရီလ ၂၇ နှင့် ၂၈ ရက်နေ့များတွင် ကျင်းပရန် စီစဉ်ထားသည်ဟု ထရမ့်ပြောသည်။ အစီအစဉ်အတိုင်း ကျင်းပဖြစ်ပါက ထရမ့်နှင့် ကင်တို့ ဒုတိယအကြိမ် တွေ့ဆုံခြင်းဖြစ်သည်။ ခေါင်းဆောင်နှစ်ဦးတို့သည် လွန်ခဲ့သော ဇွန်လက စင်္ကာပူနိုင်ငံတွင် သမိုင်းဝင်တွေ့ဆုံခဲ့ပြီး မြောက်ကိုရီးယား နိုင်ငံသည် ညူကလီးယား အပြီးအပိုင် ဖျက်သိမ်းရေးအတွက် စတင်လုပ်ကိုင်မည်ဖြစ်ကြောင်း အကြမ်းဖျင်း သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။
ထရမ့်သည် သူနှင့် ကင်အကြားဆက်ဆံရေးကို ပြည်ထောင်စုအခြေပြမိန့်ခွန်းတွင် ဂုဏ်ယူပြောကြားခဲ့ရာတွင် “မိမိတို့ ဓါးစာခံများ အိမ်ပြန်လာနိုင်ကြပြီ၊ ညူကလီးယား စမ်းသပ်မှုများရပ်ဆိုင်းသွားပြီး ၁၅ လကျော်ကာလအတွင်း မည်သည့် ဒုံးကျည်ကိုမျှ ပစ်ခတ်ခြင်းမရှိတော့” ဟုပြောခဲ့သည်။
သို့သော်လက်တွေ့တွင် ခေါင်းဆောင် ၂ ဦးတွေ့ပြီးနောက်ပိုင်း ညူကလီးယား ညှိနှိုင်းမှု လုပ်ဆောင်ခြင် းမရှိသလောက်ပင် ဖြစ်သည်။ လက်တွေ့တွင် လွန်ခဲ့သော လများအတွင်း မြောက်ကိုရီးယားသည် ၎င်း၏ ညူကလီးယား လက်နက်များကို ပိုမိုကောင်းမွန်အောင် ဆက်လက်လုပ်ဆောင်နေသည်ဟု သတင်းများက ဆိုသည်။
ခေါင်းဆောင် ၂ ဦးတွေ့ဆုံပြီးနောက် အမေရိကန်နှင့် မြောက်ကိုရီးယား အရာရှိများ တွေ့ဆုံမှုများရှိခဲ့သော်လည်း ကင်သည် သူ၏ ညူကလီးယား အစီအစဉ်ကို အပြီးအပြတ် မဖျက်သိမ်းနိုင်ကြောင်း အမေရိကန်ထောက်လှမ်းရေးအရာရှိများက ကွန်ဂရက်အမတ်များကို ပြောခဲ့သည်။
ထရမ့်ကိုယ်တိုင်ကမူ မြောက်ကိုရီးယားနှင့် အနာဂတ်ဆွေးနွေးပွဲများအပေါ် အမြင်နှင့်ပတ်သက်ပြီး ပြတ်သားသော ထင်မြင်ချက် မပေးပေ။ ကင်သည် ညူကလီးယားလက်နက်များကို မဖျက်သိမ်းဘဲ ထားရန် ဖြစ်နိုင်ခြေ ရှိသော်လည်း အမေရိကန် အစိုးရအနေဖြင့် အပေးအယူလုပ်နိုင်ရန် အလားအလာကောင်းများရှိကြောင်း ဖေဖေါ်ဝါရီလ ၁ ရက်နေ့က CBS သတင်းဌာနနှင့် ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်းတွင် ထရမ့်ပြောသည်။
သို့သော် ပြည်ထောင်စု အခြေပြမိန့်ခွန်းတွင်မူ ထရမ့်သည် ယုံကြည်မှု များစွာ ပိုမိုရှိနေသည်။
“ကျနော်သာ အမေရိကန် ပြည်ထောင်စု ရဲ့ သမ္မတမဖြစ်ခဲ့ရင် အခုလောက်ဆို မြောက်ကိုရီးယားနဲ့ကျနော်တို့ အဓိက စစ်ပွဲကြီးဖြစ်နေလောက်ပြီလို့ ကျနော်ထင်တယ်” ဟု ပြည်ထောင်စု အခြေပြမိန့်ခွန်းတွင် သူပြောသည်။ “လုပ်စရာတွေ အများကြီးလိုသေးပေမယ့် ကင်ဂျုံအွန်းနဲ့ ကျနော့်ဆက်ဆံရေးက ကောင်းမွန်ပါတယ်” ဟုလည်း သူပြောသည်။