သတင်း

အခြေခံ ဥပဒေ ပြင်ဆင်ရေးတွင် တပ်မတော် ပါဝင်ပေးရန် အာဏာရပါတီ ဖိတ်ခေါ်

Want create site? Find Free WordPress Themes and plugins.

၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ စောလျင်စွာ ပြင်ဆင်နိုင်ရေး ပြည်ထောင်စု လွှတ်တော်တွင် ပူးပေါင်းကော်မတီတရပ် ဖွဲ့ စည်းရာ၌ တပ်မတော်မှ ပါဝင်ပြီး ပူးပေါင်း ဆောင်ရွက်ပေးရန် အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) ပါတီက ဖိတ်ခေါ်လိုက်သည်။

တပ်မတော်သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကာကွယ်စောင့်ရှောက်ရန် တာဝန် ဆိုသော်လည်း လက်ရှိ နိုင်ငံတော်၏ အခြေအနေ၊ ရှိနေသည့် သမိုင်းပေး အခြေအနေနှင့် ကမ္ဘာ့ အခြေအနေများနှင့် လိုက်လျော ညီထွေဖြစ်အောင် ပြုပြင်ပြောင်းလဲ ပေးလိုက်ပါ က ယခု ဖွဲ့စည်းပုံသည် ရှင်သန်သွားလိ့မ်မည် ဖြစ်ကြောင်း NLD ပါတီ၏ ဗဟို အလုပ်မှုဆောင် အဖွဲ့ ဝင် ဦးအောင်ကြည်ညွှန့်က သတင်းထောက်များကို ပြောသည်။

ဦးအောင်ကြည်ညွှန့် က “ပူးပေါင်း ပါဝင်သင့်တယ်။ အဲလို ပူးပေါင်းပါဝင်တဲ့အခါမှာ ဘယ်ဟာကတော့ မပြင်သင့်သေးဘူးလို့ ထင်တယ်။ ဘယ်ဟာကတော့ ဘယ်လို ပြင်သင့်တယ်လို့ ထင်တယ်ဆိုတဲ့ ပြောဆိုပိုင်ခွင့် တပ်မတော်သား ကိုယ်စားလှယ်တွေမှာ ရလည်း ရထိုက်တယ်။ ရအောင် လည်း ယူထိုက်တယ်လို့ ဒီလိုပဲ သုံးသပ်ပါတယ်” ဟု ပြောသည်။

NLD ပါတီ၏ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဆောင်ရွက်ချက်များသည် လုပ်ထုံးလုပ်နည်း လွဲမှားနေသည်ဟု ဆိုကာ တပ်မတော်က အပြင်းအထန် ကန့်ကွက်ခဲ့သော်လည်း ယနေ့ ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်တွင် စက်ခလုတ်နှိပ် မဲခွဲအတည်ပြုလိုက်ပြီး ပူးပေါင်း ကေ်ာမတီတရပ် ဖွဲ့ စည်းနိုင်ရေး ဆက်လက်ဆောင်ရွက်လျက် ရှိသည်။

ယနေ့ လွှတ်တော်တွင် စက်ခလုတ်နှိပ်၍ မဲခွဲဆုံးဖြတ်ရာတွင် ဆန္ဒမဲပေးခွင့်ရှိသူ စုစုပေါင်း ၆၂၁ ဦးတွင် ထောက်ခံသူ ၄၁၄ ဦး၊ ကန့် ကွက်သူ ၁၉၁ ဦး၊ ကြားနေသူ ၆ ဦးရှိကြောင်း သိရသည်။

အရေးကြီးအဆိုကို ထောက်ခံသူများသဖြင့် လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့ပြီး ပူးပေါင်း ကော်မတီ ဖွဲ့ စည်းရေးကို ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်တို့တွင် ရှိသည့် ပါတီ အဖွဲ့ အစည်းများ၊ တပ်မတော်သား အစုအဖွဲ့ အသီးသီးက ကိုယ် စားလှယ် အချိုးအစားအလိုက် ပါဝင်ခွင့် ပြုမည် ဖြစ်ကြောင်း လွှတ်တော် နာယက ဖြစ်သူ ဦးတီခွန်မြတ်က ကြေညာခဲ့သည်။

ထို့သို့ ပူပေါင်းကော်မတီ ဖွဲ့ စည်းရေးနှင့် ပတ်သက်၍ သက်ဆိုင်သူများကို လွှတ်တော် နာယကဖြစ်သူ ဦးတီခွန်မြတ်က သင့်လျော် သည့် အချိန်တွင် ခေါ်ယူဆွေးနွေးမည် ဖြစ်ကြောင်း၊ လွှတ်တော် ဒုတိယ နာယက ဦးထွန်းထွန်းဟိန်ကို ပူးပေါင်းကော်မတီ အဖွဲ့ ခေါင်းဆောင်အဖြစ် တာဝန်ပေးမည်ဟု သိရသည်။

တပ်မတော်အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန်သဘောတူထားကြောင်း သို့သော်လည်း စံနစ်တကျပြင်ရန်လိုကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇန်နဝါရီ ၃၁ ရက်နေ့က မိတ္ထီလာမြို့နယ်အတွင် ပြုလုပ်သည့် တပ်မတော်၏ စစ်ရေး လေ့ကျင့်မှု အခမ်းအနားသို့ တက်ရောက်လာစဉ် သတင်းမီဒီယာများကို ပြောသည်။

လွှတ်တော်ထဲတွင်တော့ တပ်မတော် အနေဖြင့် ပူးပေါင်းကော်မတီတွင် ပါဝင်ရန် သင့်၊ မသင့်ကို မဆုံးဖြတ်နိုင်သေးဘဲ ကော်မတီတွင် ပါဝင်ရမည့် အခြေ အနေနှင့် ဖွဲ့ စည်းပုံများကို လေ့လာရဦးမည် ဖြစ်ကြောင်း လွှတ်တော်တွင်း တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့၏ ခေါင်း ဆောင် ဗိုလ်မှူးချုပ် မောင်မောင်က ပြောသည်။

ထို့ပြင် ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေနှင့် ပတ်သက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ကိုယ်လုပ်သည့်အလုပ်ကို စနစ် တကျ လုပ်ရန် မှာကြားထားကြောင်း၊ ဖွဲ့စည်းပုံတွင် တိုင်းနှင့် ပြည်နယ်များ လုပ်ပိုင်ခွင့် ပိုရစေမည့် ဇယား ၂ ကို ပြီးခဲ့သည့် လွှတ် တော်က ပြင်ဆင်ပေးခဲ့သော်လည်း သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်း အစိုးရများက ပီပြင်အောင် မလုပ်နိုင်ကြောင်း ၎င်းက ပြောသည်။

ဗိုလ်မှူးချုပ် မောင်မောင်က “ဘာတွေ ဆက်ပြုပြင်မယ် ဆိုတာကလည်း ခေတ်ကာလ အခြေ အနေအထားနဲ့ နိုင်ငံရေး အနေအထားနဲ့ တိုင်းရင်းသားတွေ အနေအထားနဲ့ နိုင်ငံရေး စီးပွားရေး၊ သဘာဝ ပတ်ဝန်းကျင် အနေအထားနဲ့ ပြင်မယ်ပြုမယ် ဆိုတာတွေကို ပြန်ပြီးတော့ လုပ်ကြရလိမ့် မယ်”ဟု ပြောသည်။

တပ်မတော်က ၂၀၀၈ ဖွဲ့ စည်းပုံ ပြင်ဆင်ရေးအတွက် ကော်မတီအရင် မဖွဲ့ဘဲ မည်သည့်အချက်များကို ပြင်ဆင်လိုကြောင်း ဥပဒေ ကြမ်း တခု အရင်တင်ပြီးမှသာ ကော်မတီ၊ ကော်မရှင်များကို ဖွဲ့ စည်းရန် ဆန္ဒရှိနေခြင်း ဖြစ်သည်။

လက်ရှိ လူအင်အားစုဖြင့် လူပေါင်းများစွာ ရေးဆွဲထားသည့် ဥပဒေကြီးကို ပြင်မည်ဆိုပါက စဉ်းစားစရာ များစွာ ရှိကြောင်း၊ နိုင်ငံရေး ပါတီများသည့် ကိုယ့်ပါတီ ရပ်တည်ရေးအတွက် ဦးစားပေးလုပ်နေသည်ဟု မြင်ကြောင်း၊ နိုင်ငံတော် အကျိုးစီးပွားအတွက် ပြင်မည် ဆိုပါက ပြင်ဆင်လိုသည့် အချက်များကို ဦးစွာ ချပြသင့်ကြောင်း ကြံ့ခိုင်ရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးက ပြောသည်။

ဦးသောင်းအေး က “အဲလို မဟုတ်ဘဲ ဒီကော်မတီ ဖွဲ့တယ်ဆိုရင် ဒီကော်မတီက ဘယ်လို အချိုးညီမှာလဲ။ ဥပမာဆိုပါတော့ ပါတီတခုက ၁၀၀ ရှိတယ်။ ပါတီတခု က ၅၀ ရှိတယ်။ အချိုးချလိုက်ရင် ၁ အချိုး ၂ ဖြစ် သွားမယ်။ အဲ့လိုဆို ဖွဲ့လိုက်တဲ့ ကော်မတီမှာလည်း အင်အားများတဲ့ သူ က များနေမှာပဲ။ အဲဒီ ကော်မတီ ကလည်း မျှမျှတတ မှန်မှန်ကန်ကန် ဆုံးဖြတ်လို့ရမလား”ဟု မေးခွန်းထုတ်သည်။

လွှတ်တော်တွင်း ကိုယ်စားလှယ်များ၏ ဖွဲ့ စည်းပုံ ပြင်ဆင်ရေး ဆွေးနွေးချက်များကို နားထောင်ကြည့်သည့်အခါ အခြေခံ ဥပဒေမှာ သုံးမရသည့် ပုံစံမျိုး ဖြစ်နေကြောင်း၊ အယူအဆ မတူသဖြင့် ဝေဖန်စရာ မလိုသော်လည်း လက်တွေ့တွင် ယခု ဖွဲ့ စည်းပုံ ပေါ်ပေါက် လာရန် မည်မျှကြိုးပမ်းခဲ့ရသည် ဆိုသည့် သမိုင်းမှတ်တိုင်ရှိကြောင်း ပျော်ဘွယ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်လည်း ဖြစ်သူ ဦးသောင်းအေးက ပြောသည်။

အမျိုးသား လွှတ်တော် ကိုယ် စားလှယ် ဦးအောင်ကြည်ညွှန့်က ၎င်းတို့အနေဖြင့် ဥပဒေကြမ်းကို အရင်မတင်ဘဲ ပူးပေါင်းကော်မတီ အရင်ဖွဲ့ ရခြင်းမှာ ဥပဒေကြမ်းကို ပါတီတခုခုကပဲ စပြီး မောင်းနှင်မည် ဆိုပါက ဖြစ်နိုင်သော်လည်း နိုင်ငံ့သမိုင်းတွင် ပါတီတခု အစုအဖွဲ့တခုခုက တင်ခဲ့သည် ဆိုသည်ထက် အားလုံး ပူး ပေါင်း ပါဝင်ပြီး ပြုစုထားသည့် ဥပဒေကြမ်းတခု ဖြစ်ပါက သမိုင်း လှမည်ဟု ယုံကြည်၍ ဖြစ်ကြောင်း ပြောသည်။

ဦးအောင်ကြည်ညွန့်က “ဥပဒေ ကြမ်းတင်တဲ့အခါ လွှတ်တော်ထဲကြမှ အကြိတ်အနယ်ကြီး သွားပြီး ငြင်းခုန်နေမယ့်အစား ဒီဥပဒေကြမ်း စဖြစ်လာကတည်း က ပါဝင် သင့် ပါဝင်ထိုက်တဲ့ ကိုယ်စားလှယ်တွေနဲ့ စုစုဝေးဝေး တိုင်ပင်ပြီး လုပ်ရင် လွှတ်တော်ထဲမှာ အလှုပ်အရမ်းနည်းမယ်။ အခု အခံ နည်းမယ်။ ဘယ်သူ့ ဘယ်သူမှ သိက္ခာ မကျဘဲနဲ့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့ဆိုတဲ့ စေတနာနဲ့ လုပ်တာပါ”ဟု ပြောသည်။

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြန်လည် လေ့လာစိစစ် သုံးသပ်ပြီး ဖွဲ့စည်းပုံ ပူးပေါင်း ကော်မတီတရပ်ကို သင့်လျော်သည့် လွှတ်တော် ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး လုပ်ငန်း များကို ဆောလျင်စွာ ဆောင်ရွက်နိုင်ပါရန် အရေးကြီး အဆိုကို ပြည်ထောင်စု လွှတ်တော်သို့ ဦးအောင်ကြည်ညွှန့်က တင်သွင်းခဲ့ သည်။

လက်ရှိ ပြည်ထောင်စု လွှတ်တော်တွင် အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်မှ ကိုယ်စားလှယ် ၅၉ ရာခိုင်နှုန်း၊ တိုင်းရင်းသား ပါတီ အသီးသီးမှ ကိုယ်စားလှယ် ၁၁ ရာခိုင်နှုန်း၊ ကြံ့ခိုင်ရေးပါတီမှ ကိုယ်စားလှယ် ၅ ရာခိုင်နှုန်းနှင့် တပ်မတော်မှ ၂၅ ရာခိုင်နှုန်း ရှိသဖြင့် တပ်မတော်သည် ကိုယ်စားလှယ် အရည်အတွက် ဒုတိယ အများဆုံး ရရှိထားသည့် အဖွဲ့ အစည်း ဖြစ်သည်။

ပထမ အကြိမ် လွှတ်တော် သက်တမ်းတွင်လည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး လေ့လာ သုံးသပ်ရေး ကော်မရှင် ဖွဲ့စည်းနိုင်ရေး အတွက် ထိုစဉ်က အာဏာရ ကြံ့ခိုင်ရေး ပါတီမှ သူရ ဦးအေးမြင့် တင်သွင်းခဲ့သော်လည်း တပ်မတော်က ကန့်ကွက်ခဲ့ခြင်း မရှိခဲ့ပေ။

ထိုစဉ်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး လက်မှတ်များ စုဆောင်းရာ ပြည်သူ လူထုက သန်းနှင့်ချီ၍ ထောက်ခံ အားပေးခဲ့ကြကြောင်း သိရသည်။

ဆက်စပ်ဖတ်ရှုရန် – ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို စနစ်တကျပြင်ရန် တပ်ချုပ်ပြော

Did you find apk for android? You can find new Free Android Games and apps.
Loading