သတင်း

အတိုင်ပင်ခံပုဂ္ဂိုလ်၏ ရဟတ်ယာဉ် ဆီယိုသဖြင့် အရေးပေါ် ပြန်ဆင်းခဲ့ရ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လိုက်ပါလာသည့် တပ်မတော် ရဟတ်ယာဉ်သည် ဟိုက်ဒရောလစ် ဆီယိုသဖြင့် မိုင်းတုံမြို့ မှ အတက် ပြန်ဆင်းခဲ့ရသော်လည်း အခြားရဟတ်ယာဉ်တစီးဖြင့် အစားထိုး ထွက်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ် အရှေ့ ပိုင်းရှိ မိုင်းတုံ တာဆန်း တံတားကို ပန္နက်ရိုက်ပွဲ အခမ်းအနားသို့ တက်ရောက်အပြီး မိုးဆတ်မြို့သို့ တပ်မတော် ရဟတ်ယာဉ်ဖြင့် ဆက်လက် ထွက်ခွာစဉ် ယခုလို ဖြစ်စဉ် ဖြစ်ပွားခြင်း ဖြစ်ကြောင်း မိုင်းတုံမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) ဥက္ကဌ ဦးတင်ခိုင်က ဧရာဝတီသို့ ပြောသည်။

ဦးတင်ခိုင်က“ရဟတ်ယာဉ် တက်ပြီး မကြာဘူး၊ ဟိုက်ဒရောလစ်ဆီယိုလို့ ခနတော့ ပြန်ဆင်းလိုက်ရတယ်။ ပြီးရင် နောက်တစီး ပြောင်းစီးပြီးတော့ ပြန်ထွက်သွားတော့ အဆင်ပြေသွားတယ်”ဟု ပြောသည်။

အတိုင်ပင်ခံပုဂ္ဂိုလ်သည် ယခုအခါ မိုင်းဆတ်မြို့သို့ လုံခြုံစွာ ရောက်ရှိသွားပြီး လူထု တွေ့ဆုံပွဲ ဆက်လက် ပြုလုပ်လျက်ရှိသည်ကို နိုင်ငံတော် အတိုင်ပင်ခံရုံးက Facebook မှ တိုက်ရိုက်ထုတ်လွင့်ပြသခဲ့သည်။

လက်ရှိ အချိန်တွင် အစိုးရတွင် ကိုယ်ပိုင် ရဟတ်ယာဉ် မရှိဘဲ လိုအပ်ပါက တပ်မတော်မှ ငှားရမ်း အသုံးပြုနေရသဖြင့် စိတ်သွားတိုင်း ကိုယ်ပါရန် အစိုးရပိုင် ရဟတ်ယာဉ်တစီး လိုချင်ကြောင်း အစိုးရဝန်ကြီးတဦးဖြစ်သူ ဒေါက်တာ ဝင်းမြတ်အေးက မီဒီယာများသို့ ထုတ်ဖော်ပြောဆိုဖူးသည်။

၂၀၁၈ ခုနှစ် သြဂုတ်လက အတိုင်ပင်ခံပုဂ္ဂိုလ်သည် ၎င်း၏ ပခုက္ကူ ခရီးစဉ်တွင် တပ်မတော် ရဟတ်ယာဉ် မသုံးဘဲ ထူးကုမ္ပဏီမှ ရဟတ်ယာဉ်များကို ငှားရမ်းသုံးစွဲခဲ့ဖူးပြီး တပ်မတော် ရဟတ်ယာဉ် မသုံးခြင်းမှာ ပုဂ္ဂိုလ်ရေး ကိစ္စများ ပါနေ၍ဟု သမ္မတရုံး အရာရှိက ပြောဆိုခဲ့ဖူးသည်။

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ရှမ်းပြည်နယ်အတွင်းသို့ လှည့်လည် သွားလာလျက်ရှိပြီး မကြာမီတွင် တနင်္သာရီ တိုင်းသို့ သွားရောက်ရန် ရှိကြောင်း နေပြည်တော် သတင်းရပ်ကွက်မှ သိရသည်။

Loading