အစိုးရ အနေဖြင့် ပြည်သူများထံမှ အခွန် ကောက်ခံပြီး ရပ်တည်မည် ဆိုပါက ပြည်သူ့ ဘဏ္ဍာငွေများကို ပရမ်းပတာ သုံး စွဲရန် မသင့်ကြောင်း ယမန်နေ့က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ (NLD) ကိုယ်စားလှယ် တဦး က ဆွေးနွေးသည်။
ပြည်ထောင်စု အစိုးရ အဖွဲ့မှ ပေးပို့သော ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလ အထိ ၆ လပတ် အခွန်အကောက် ရရှိမှု အခြေအနေနှင့် ယင်း အပေါ် ပြည်သူ့ ငွေစာရင်း ပူးပေါင်း ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘာထား မှတ်ချက် အစီ ရင်ခံစာ ( ၂/ ၂၀၁၉ ) နှင့် ပတ်သက်၍ ဆွေးနွေးစဉ် NLD ပါတီ၏ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဝင်း က ဆွေးနွေးခြင်း ဖြစ်သည်။
ဦးမျိုးဝင်း က“အစိုးရ တရပ် အနေဖြင့် ပြည်သူဆီက အခွန်တွေကောက်ပြီး ရပ်တည်ရတော့မယ် ဆိုရင် ဘဏ္ဍာငွေတွေကို ပရမ်းပတာ သုံးစွဲနေလို့ မရပါဘူး။ အခွန်ထမ်း ပြည်သူတွေရဲ့ မျက်နှာ ကြည့်ရပါတော့မယ်။ ဘတ်ဂျက် ဖြုန်းတီးမှု မဖြစ် အောင် စိစစ်ရပါမယ်။ ဘတ်ဂျက်နဲ့ သူဌေးဖြစ် ကြံနေသူတွေ အနေနဲ ကြံရာပါ တွေကို ဖော်ထုတ် အရေးယူတာတွေ လုပ် ရပါလိမ့်မယ်။ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု တာဝန်ခံမှု ရှိရပါမယ်။ ဒါဟာ ဒီမိုကရေစီရဲ့ ပြယုဂ် ဖြစ်ပါတယ်”ဟု လွှတ်တော်တွင် ဆွေးနွေးခဲ့သည်။
ရင်းနှီးမြှုုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA) ၏ နောက်ဆုံး ထုတ်ပြန်ထားသည့် စာရင်းတွင် မြန်မာ နိုင်ငံ၌ မှတ်ပုံတင်ထားသည့် ကုမ္ပဏီပေါင်း ၈ သောင်းကျော် ရှိသော်လည်း ကုမ္ပဏီ ၃၆၀၀၀ လောက်သာ အခွန်ဆောင်နေ ကြောင်း ဖော်ပြထားသည်။
ထို့အတူ လူဦးရေ ၅၂ သန်းကျော်တွင် အခွန်ထမ်း ၆ သိန်း ကျော်သာ ရှိသည့် အတွက်ကြောင့် လူဦးရေ ၁၀၀ မှာ ၁ ယောက်ခန့်သာ အခွန်ထမ်းဆောင်နေသည့် သဘော ဖြစ်ကြောင်း ဦးမျိုးဝင်းက ဆိုသည်။
မြန်မာနိုင်ငံတွင် အခွန်ဆောင်သည့် ဦးရေ စာရင်းမှာ ကုမ္ပဏီ ၃၆၀၀၀ နိုင်ငံပိုင်နှင့် သမဝါယမပိုင်က ၂၅၀၀ ကျော်နှင့် တဦးချင်း အခွန်ထမ်းမှာ ၆ သိန်း ၁ သောင်းကျော် ရှိကြောင်းလည်း ဦးမျိုးဝင်း က ဆိုသည်။
ပြည်သူ့ လွှတ်တော် စီးပွားရေးနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးခင်အေးက လူတဦး တနှစ်လျှင် ဝင်ငွေ ကျပ် ၄၈ သိန်းနှင့် အထက် ဝင်ငွေ ရရှိနေသူများ အခွန် ထမ်းဆောင်ရမည် ဖြစ်ကြောင်း ပြောသည်။
တနှစ် ကျပ်သိန်း ၁၀၀ ဝင်ငွေ ရှိသူသည် အခွန် ထမ်းဆောင်မည် ဆိုပါက ဝင်ငွေထဲမှ၂၀ ရာခိုင်နှုန်းကို ကင်းလွတ်ခွင့် ပေး ပြီး အိမ်ထောင်ဖက် ရှိပါက ၁၀ ရာခိုင်နှုန်း နှင့် ၁၈ နှစ်အောက် သားသမီး ရှိပါက တဦးကို ၅ ရာခိုင်နှုန်း ကင်းလွတ်ခွင့် ထပ် ပေးထားကြောင်း ၎င်းက ပြောဆိုသည်။
တနှစ်ကို ကျပ်သိန်း ၁၀၀ ဝင်ငွေ ရှိသူ အခွန် ထမ်းဆောင်မည် ဆိုပါက ၅ နှစ်ကြာလျှင် သိန်း ၅၀၀ အတွက် ဝင်ငွေခွန် ဆောင် ထားသဖြင့် ငွေဖြူ သိန်း ၅၀၀ ရှိသွားပြီ ဖြစ်ကာ ထိုသိန်း ၅၀၀ ဖြင့် ပစ္စည်းတခု ဝယ်သည့်အခါ အခွန်ပေးစရာ မလိုတော့ကာ အခွန် မဆောင်ထားဘဲ သိန်း ၅၀၀ တန် ပစ္စည်းဝယ်မည် ဆိုပါက ၇၅ သိန်း အခွန် ဆောင်ရမည် ဖြစ် ကြောင်း ဦးခင်အေးက ရှင်းပြသည်။
“အခွန်ကောက်တာ ဘယ်လို ကောက်တာလဲ မသိတော့ အများကြီး ပေးရမယ် ထင်နေတာ။ ဒီအခွန်ဆောင်ထားတဲ့ သူ တွေဟာ အခွန်မဆောင်သူတွေထက် အခွင့်အရေး အများကြီး ရပါတယ်။ တရားဝင် လုပ်ငန်း လုပ်လို့ ရတယ်။ အခွန် သဘောကို မသိတော့ အများကြီးပေးရမယ် ထင်နေကြတာ”ဟု ၎င်းက ပြောသည်။
LASER မိုဘိုင်းဖုန်းဆိုင်မှ စီးပွားရေး လုပ်ငန်းရှင် တဦး ဖြစ်သူ ဦးကျော်ဇေမင်းကလည်း“အခွန်ဆောင်တယ်။ ဆောင်ထား တဲ့ အခွန်တွေကို ဘယ်လို နေရာတွေမှာ သုံးတယ် ဆိုတာတော့ ချပြစေချင်တာပေါ့။ တကယ် လိုအပ်တဲ့ နေရာ သုံးနေ တယ် ဆိုပေမယ့် ဘယ်လို နေရာတွေ သုံးတယ် ဆိုတာတော့ တိတိကျကျ မသိရဘူးလေ”ဟု ပြောသည်။
တနှစ် ကောက်ခံရရှိသည့် ဝင်ငွေခွန် လျာထားချက်ကို ကျပ် ဘီလီယံ ၂၃၀၀ ခန့်သာ ရရှိနေသဖြင့် လျာထားချက်ကို မပြည့်မီကြောင်း ဦးမျိုးဝင်းက ပြောဆိုသည်။
အခွန်စနစ်ကို မှီခိုမှသာလျှင် တိုင်းပြည် တည်ငြိမ် တိုးတက်မည် ဖြစ်ကြောင်း၊ စီးပွားရေး လုပ်ငန်းရှင်များ၏ အခွန်သည် တိုင်းပြည် အတွက် အင်အားတရပ် ဖြစ်ကြောင်း၊ အစိုးရ၏ အသုံးစရိတ် အတွက်သာ အခွန်ကောက်ခံခြင်း မဟုတ်ဘဲ ညီညွတ် မျှတသည့် အရသုံးငွေကြေး စနစ်ကို ဖော်ဆောင်ပြီး ငွေကြေး လည်ပတ်မှု မှန်ကန်စေရန် မူဝါဒများ ချမှတ် ဆောင်ရွက်လျက် ရှိကြောင်းနှင့် ဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံတော် တရပ် ထူထောင်နိုင်ရေးမှာ ဘဏ္ဍာငွေကြေးသည် အဓိက လိုအပ်ချက် တရပ် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ပြောဆိုထားသည်။
ဇန်နဝါရီလ ၂၄ ရက်က နိုင်ငံတော် သမ္မတ အိမ်တော်တွင် ကျင်းပခဲ့သည့် ၂၀၁၇-၁၈ စည်းကြပ်နှစ် အတွက် ဝင်ငွေခွန်၊ ကုန်သွယ် လုပ်ငန်းခွန်နှင့် အထူးကုန်စည်ခွန် အများဆုံး ပေးဆောင်ခဲ့သူများအား ဂုဏ်ထူးဆောင်နှင့် ဂုဏ်ပြု မှတ်တမ်းလွှာ ပေး အပ်သည့် အခမ်းအနားတွင် သမ္မတ ဦးဝင်းမြင့်က အထက်ပါ အတိုင်း ပြောကြားခြင်း ဖြစ်သည်။