အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က နှစ်ဖက်အကြား နက်ရှိုှုင်းစွာ သွေးကွဲနေချိန်တွင် ညီညွတ်ကြ ရန် ဖေဖေါ်ဝါရီ ၅ရက်နေ့ ကွန်ဂရက်လွှတ်တော်တွင် ပြောကြားသည့် ပြည်ထောင်စု အခြေပြမိန့်ခွန်း တွင် ထည့်သွင်းပြောကြား သွားသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် လုံခြုံရေးဆိုင်ရာ စေ့စပ်ညှိနှိုင်းမှု ခေတ်သစ်လိုအပ်ကြောင်းသူ၏ ပြည်ထောင် စု အခြေပြမိန့်ခွန်း တွင် ပြောကြားစဉ် ထိုသို့တောင်းဆိုလိုက်ခြင်းဖြစ်သည်။
“ကျနော်တို့ တွေဟာ ကျနော်တို့အသိုင်းအဝန်းတွေ ပိုမိုလုံခြုံအောင်လုပ်နိုင်တယ်၊ မိသားစုတွေကို ပိုမိုခိုင်မာအောင် လုပ် နိုင်တယ်၊ ကျနော်တို့ ယုံကြည်မှုတွေကို ပိုမို နက်ရှိုင်းအောင် လုပ်နိုင်တယ်၊ ကျနော်တို့ရဲ့လူလတ်တန်းစားကို ပိုမိုကြီးထွား အောင် ပိုမိုကြွယ်ဝအောင်လုပ်နိုင်တယ်” ဟု သမ္မတ ထရမ့်ပြောသည်။
“ဒါပေမယ့် ကျနော်တို့အနေနဲ့ လက်စားချေတဲ့၊ ခုခံတွန်းလှန်တဲ့၊ ဒဏ်ခတ်တဲ့ နိုင်ငံရေးကို ပယ်ချရမှာ ဖြစ်ပြီး ပူးပေါင်း ဆောင်ရွက်မှု၊ အပေးအယူနဲ့ နှစ်ဖက်အကျိုးတို့ရဲ့ အကန့်အသတ်မဲ့ အလားအလာတွေ ကို ထွေးပွေ့ကြိုဆိုရမှာဖြစ်တယ်။ အတူပူးပေါင်းလုပ်ရင် ကျနော်တို့ဟာ ဆယ်စုနှစ်များစွာ ကြာတဲ့ နိုင်ငံရေး အကျပ်အတည်းကို ကျော်လွှားနိုင်မှာဖြစ်တယ်” ဟု သူပြောသည်။
ထိုမိန့်ခွန်းသည် ပြီးခဲ့သော နှစ်က ဒီမိုကရက်တို့ House of Representative အောက်လွှတ်တော်တွင် အပြတ်အသတ် အနိုင်ရပြီးနောက် အထက်နှင့်အောက်လွှတ်တော် ၂ ရပ်ပေါင်းထားသည့် ကွန်ဂရက် လွှတ်တော်တွင် သမ္မတ ထရမ့် ပြောကြားသည့် ပထမဆုံး မိန့်ခွန်းဖြစ်သည်။
ထိုသို့ အောက်လွှတ်တော်တွင် ဒီမိုကရက်တို့ အပြတ်အသတ် အနိုင်ရလိုက်သော်လည်း သမ္မတထရမ့် ၏ ရီပတ် ဗလစ်ကန်များမှာ ဆီးနိတ်အထက်လွှတ်တော်ကို ထိန်းချုပ်ထားနိုင်ဆဲဖြစ်သော်လည်း ကွန်ဂရက်တွင်မူ နှစ်ခြမ်းကွဲ သွားသည်။
၈၅ မိနစ်မျှကြာ မိန့်ခွန်း ပြောကြားစဉ် အတွင်း သမ္မတထရမ့်ကို သူ၏ ရီပတ်ဗလစ်ကန် ဘက်တော် သား များက အကြိမ် ကြိမ် အားပေး ဂုဏ်ပြုကြသော်လည်း လူဝင်မှုကြီးကြပ်ရေးကဲ့သို့သော သဘော ထားကွဲလွဲသည့် ကိစ္စများကို သူပြောကြား သောအခါ အောက်လွှတ်တော် ဥက္ကဌ နန်စီ ပလိုဆီ ဦးဆောင်သည့် ဒီမိုကရက်များက ကျောက်တုံး ကျောက်ခဲများ သဖွယ် တိတ်ဆိတ်နေသည်။
ဒီမိုကရက် လွှတ်တော် ကိုယ်စားလှယ်များက ကန့်ကွက်သော်လည်း သူ၏ အငြင်းပွားဖွယ်ရာ နယ်စပ် တံတိုင်းကို တည် ဆောက်မည်ဟု ကတိပေးပြီး ကွန်ဂရက်လွှတ်တော်တွင် ပူးပေါင်းဆောင်ရွက်ရန်နှင့် နယ်စပ်လုံခြုံရေး တိုးတက် မှုအတွက် သဘောတူညီမှုရှိရန် တိုက်တွန်းသည်။
“အရင်တုန်းက ဒီအခန်းထဲမှာရှိတဲ့ လူအများစုက ဒီတံတိုင်းကြီးကို ထောက်ခံမဲ ပေးခဲ့ကြပေမယ့် စနစ် ကျတဲ့ တံတိုင်းကို မတည်ဆောက်နိုင်ခဲ့ကြဘူး။ ကျနော်ကတော့ ရအောင်ဆောက်မယ်” ဟု သူပြော သည်။ ယခင်က ပါတီ ၂ ခုလုံးမှ လွှတ်တော်ကိုယ်စားလှယ်များသည် ရုပ်ဝတ္တု အကာအရံ တည် ဆောက်ရေးကို ထောက်ခံမဲပေးခဲ့သည်ကို သူ ရည်ညွန်း ခြင်းဖြစ်သည်။
ရွေးကောက်ပွဲ မဲဆွယ်စဉ်က အဓိက ကတိဖြစ်သော နယ်စပ်တံတိုင်းတည်ဆောက်ရေးအတွက် ငွေထုတ်ပေးရန် ကွန်ဂရက်က ခွင့်ပြုရမည့် ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့ နောက်ဆုံးရက်ချိန်း မတိုင်မီ ထရမ့်သည် အထက်ပါ မိန့်ခွန်းကို ပြောကြားခဲ့ခြင်းဖြစ်သည်။
အောက်လွှတ်တော်ကို ထိန်းချုပ်ထားသော ဒီမိုကရက်များကမူ ထိုဘဏ္ဍာငွေတောင်းခံမှုကို အကြိမ် ကြိမ် ပယ်ချခဲ့ကြသည်။ သမ္မထရမ့်သည် ရွေ့ပြောင်း အခြေချများကို မကောင်းဆိုးဝါး ဖြစ်စေရန်နှင့် သူ့ကို ထောက်ခံသူများကျေနပ်စေရန် ထို တံတိုင်း စီမံကိန်းကို နိုင်ငံရေးတိုက်ပွဲဆင်နေသည်ဟု ဒီမိုကရက်များကပြောသည်။
ထရမ့်သည် သူ့အစီအစဉ်ကို ထောက်ခံရန် ဖက်ဒရယ်အစိုးရဒေသများ အတွက် ဘဏ္ဍာငွေ အသုံး စရိတ်ကို လက်မှတ် မထိုးဘဲ ကွန်ဂရက်ကို ဖိအားပေးရန် ယခင်ကလည်း ကြိုးစားခဲ့ဖူးသောကြောင့် အစိုးရအလုပ်အကိုင် ၈ သိန်းအတွက် ၅ ပတ်ကြာ ငွေကြေးပြတ်တောက်ခဲ့သည်။
“ရှင်းရှင်း ပြောရရင် တံတိုင်းတွေဟာ အလုပ်ဖြစ်ပြီး ဘဝတွေကို ကယ်ဆယ်နိုင်တယ်။ ဒါကြောင့် ကျနော်တို့ ပူးပေါင်း ဆောင်ရွက်ရမယ်၊ အပေးအယူ လုပ်ရမယ်။ အမေရိကကို အမှန်တကယ် လုံခြုံစေမယ့် သဘောတူညီမှု ရအောင်လုပ် ရမယ်” ဟု သမ္မတ ထရမ့် ဆက်လက်ပြောကြားသည်။
ဒီမိုကရက်တို့က အောက်လွှတ်တော်ကို ထိန်းချုပ်နိုင်ခြင်းဖြင့် ထရမ့်၏ ပရဟိတဖေါင်ဒေးရှင်းမှ ဝင်ငွေ ခွန် ကြေညာလွှာ နှင့် ၂၀၁၆ ရွေးကောက်ပွဲ အတွင်းက ရုရှားနိုင်ငံ၏ စွက်ဖက်မှုတွင် ပူးပေါင်း ဆောင် ရွက်သည် ဟူသော စွပ်စွဲချက်အထိ စုံစမ်း စစ်ဆေးမှု အများအပြား ပြုလုပ်မည်ဟု ခြိမ်းခြောက်နေစဉ် တွင် ထရမ့်သည် သူ၏ ဒုတိယမြောက် ပြည်ထောင်စု အခြေပြမိန့်ခွန်းကို ပြောကြားခဲ့ခြင်းဖြစ်သည်။
“အမေရိကန်ပြည်ထောင်စုမှာ မဟာစီးပွားရေး တိုးတက်မှု ဖြစ်နေပြီးတော့ အဲဒီတိုးတက်မှုကို တားဆီး နိုင်တဲ့ တခုတည်း သော အရာကတော့ မိုက်မဲတဲ့ စစ်ပွဲတွေ၊ နိုင်ငံရေးတွေ ဒါမှမဟုတ် ကျိုးကြောင်း ဆီလျှော်မှုမရှိတဲ့ တဖက်သတ် စုံစမ်း စစ်ဆေးမှုတွေပဲ” ဟု ထရမ့်ပြောသည်။