သတင်း

ဖမ်းဆီးခံ ရခိုင်တိုင်းရင်းသား ၂၅ ဦးကို ရဲအထူးအမှုစစ် အဖွဲ့ဖြင့် စစ်ဆေးနေ

ရခိုင်ပြည်နယ် ကျောက်တော်မြို့ပေါ်၌ ဖမ်းဆီးခံခဲ့ရသော ရခိုင်တိုင်းရင်းသား ၂၅ ဦးကို စစ်တွေမြို့ အမှတ် (၁) ရဲစခန်းတွင် ရဲအထူးအမှု စစ်အဖွဲ့ ဖွဲ့ကာ စစ်ဆေးနေကြောင်း သတင်း ရရှိသည်။

အဆိုပါ ဖမ်းဆီးခံထားရသော ရခိုင်းတိုင်းရင်းသား ၂၅ ဦးတွင် ချင်းပြည်နယ်၊ ပလဝမြို့နယ် ရှင်လက်ဝ ကျေးရွာမှ အမျိုးသား ၂၃ ဦးနှင့် ကျောက်တော်မြို့ပေါ်မှ လက်ခံထားရှိသူ အိမ်ရှင် ဇနီး မောင်နှံ ၂ ဦးတို့ ဖြစ်ပြီး ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက် ပိုင်းက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ယင်းနေ့မှာပင် အဆိုပါ ၂၅ ဦးကို မတရားအဥပဒေ ပုဒ်မ ၁၇ (၁) ၊ ၁၇ (၂) တို့နှင့် အမှုဖွင့်ပြီး ကျောက်တော်မြို့နယ်  တရားရုံး၌ ရမန်ယူခဲ့ကာ ရဲအချုပ်ကားဖြင့် စစ်တွေမြို့သို့ ပို့ဆောင်ခဲ့သည်။

စစ်တွေမြို့ အမှတ် (၁) စခန်းမှူး ဒုရဲမှူး လှဌေး က “ဒီအမှုနဲ့ ပတ်သက်လို့ ကျနော်တို့ ရဲတပ်ဖွဲ့ဝင်တွေ အနေနဲ့ ကတော့ ရဲအထူး အမှုစစ်အဖွဲ ဖွဲ့ပြီး စစ်ဆေးနေပါတယ်။ သူတို့ကို အမှုဖွင့် ရမန်ယူ ထားတာကတော့ ၁၇ (၁)၊ ၁၇ (၂) နဲ့ပါ။ ကျန်တဲ့ ကိစ္စတွေကိုတော့ ပြောလို့မရ သေးပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။

ကျောက်တော်မြို့နယ်အတွင်းမှ  ဆွေမျိုးသားချင်းများနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းက ယမန်နေ့ ဖေဖော်ဝါရီလ ၆ ရက်နေ့  မွန်းလွဲပိုင်းက ယင်းတို့နှင့် တွေ့ဆုံရန် စစ်တွေမြို့ အမှတ် (၁) ရဲစခန်း သို့ လာရောက်ခဲ့သော်လည်း တွေ့ခွင့် မရရှိခဲ့ကြောင်း ယင်းအမှုနှင့် ပတ်သက်ပြီး လိုက်ပါ ဆောင်ရွက်သူ ရှေနေ့ ဦးထွန်းလှက ပြောသည်။

ရှေ့နေ ဦးထွန်းလှက “မနေ့က သွားတွေ့တာ။ တွေ့ခွင့်မရခဲ့ဘူး။ ကျနော့်က သူတို့ဆွေမျိုးတွေ အကူညီတောင်းထားတဲ့ စာရွက်ကို ပြတယ်။ ကျနော် ရှေ့နေ တယောက် ဖြစ်တယ်ဆိုတာကိုလည်း  ရှေ့နေ လိုင်စင်ကို ပြတယ်။ စခန်းမှူးက တော့ အမှု စစ်ဆေးနေတုန်းမို့ တွေ့ခွင့်မပေး နိုင်တာကို ခွင့်လွတ်ပါလို့သာ ပြောတယ်။ ကျနော်တို့က ဥပဒေအရ တွေ့ခွင့်တောင်းတာ။ တွေ့ခွင့်မပေး တာကတော့ သူတို့ အပိုင်းပဲ” ဟု ဧရာဝတီသို့ ပြောသည်။

ရှေနေ ဦးထွန်းလှကတော့ မြန်မာနိုင်ငံ ရဲလက်စွဲ  အပုဒ် ၇၄ (ဂ) တွင် အချုပ်တရားခံကို ချုပ်ထားစဉ်တွှေ့ခွင့် ရသူများထဲတွင် တရားသူကြီးများ၊ အမှုလိုက်ရှေ့နေများ၊ ရဲအရာရှိများ ပါဝင်သည့်အတွက် ဥပဒေအရ တွေ့ခွင့်တောင်းဆိုခြင်း သားဖြစ်ကြောင်း ပြောသည်။

စစ်တွေအမှတ် (၁) စခန်းမှူး ရဲဒုရမှူးလှဌေး က “လောလောဆယ်  ကျနော်တို့ စစ်ဆေးနေဆဲ ကာလ  ဖြစ်တဲ့အတွက် စစ်ဆေးပြီးလောက်မှ မိသားစုဝင်တွေနဲ့ တွေ့ခွင့်ရပါမယ်” ဟု  ဆိုသည်။

ယင်းအပြင် အဆိုပါ ဖမ်းဆီးခံ ရခိုင်တိုင်းရင်းသား ၂၅ ဦးအမှု ကိစ္စနှင့်ပတ်သက်ပြီး လက်ရှိအချိန်တွင် ရှင်လက်ဝကျေးရွာမှ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင် ရာအိမ်မှူး တဦးကိုလည်း စစ်တွေမြို့ ခေါ်ယူကာ စစ်ဆေးမေးမြန်းလျှက် ရှိကြောင်း လည်း သိရသည်။

ယင်း ပလက်ဝမြို့နယ် ရှင်လက်ဝ ကျေးရွာနေ ဖမ်းဆီးခံ ရခိုင်တိုင်းရင်းသား ၂၃ ဦးသည် ၎င်းမြို့နယ်အတွင်း ရက္ခိုင့်တပ်မတော် ( AA ) နှင့် မြန်မာ့ တပ်မတော်တို့ နှစ်ဘက် တိုက်ပွဲ  ဖြစ်ပွား နေသည့်အတွက် စစ်ဘေးဒုက္ခ ကျရောက်မည်ကို ကြောက်လန့်ကာ ကျောက်တော် မြို့နယ်သို့ ခေတ္တ တိမ်းရှောင် လာကြည်သည်မှာ တပတ်ခန့်ရှနေခဲ့ပြီး ယင်းသို့ တည်ခိုနေစဉ် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး အပါအဝင်  မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့ဝင်များထံတွင်လည်း တရားဝင် သတင်းပို့ နေထိုင်ခဲ့သူများ  ဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။

ကျောက်တော်မြို့နယ် အုပ်ချုပ်ရေးမှူး  ဦးသီဟဇော် ကတော့ ရှင်လက်ဝမှ လာသော ၂၃ ဦးသည် ရက္ခိုင့်တပ်မတော် (AA) နှင့် ပတ်သက် ဆက်နွယ်မှုဖြင့် ဖမ်းဆီးခံထားရသူ ၂ ဦးနှင့် ဆက်စပ်မှုရှိကြောင်း ဧရာဝတီသို့ ပြောထားသည်။

ဆက်စပ်ဖတ်ရှုရန် – ကျောက်တော်တွင် ရခိုင်တိုင်းရင်းသား ၂၆ ဦး ဖမ်းဆီးခံရ

Loading