ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်တွင် ဧရာဝတီ မြစ်ဆုံစီမံကိန်းကို အပြီးဖျက်သိမ်းရန် အတွက် ထောင်နှင့်ချီသော လူထုက ယနေ့မနက်ပိုင်းတွင် လမ်းလျှောက်၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ဆန္ဒပြပွဲကို ဦးဆောင်သူ တဦးဖြစ်သည့် ဦးစတီဗင်နော်အောင်က မြစ်ဆုံစီမံကိန်းကြောင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ဆုံးရှုံးနစ်နာမှုများမှာ ကြီးကြီးမားမား ကြုံတွေ့ရမည် ဖြစ်ပြီး ရလာမည့် ရေအားလျှပ်စစ်ပဏာမ၏ ၉၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံက ယူမည်ဖြစ်သဖြင့် ယခုကဲ့သို့ စုဝေးကာ ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်သည်ဟု ဆိုသည်။
ဦးစတီဗင်နော်အောင် က “ဧရာမရေကာတာ တည်ဆောက်ခြင်းက ကျနော်တို့အတွက် မဟုတ်ဘူး။ ကျနော်တို့ အသက်အိုးအိမ် ဆုံးရှုံးရမှာ။ ဒါ့ကြောင့် ကျနော်တို့ ဝိုင်းဝန်းကန့်ကွက်ပြီး ထာဝရရပ်ဆိုင်းဖို့ ဧရာဝတီကို လွတ်လပ်စွာ စီးဆင်းနိုင်ဖို့ (ဆန္ဒထုတ်ဖော်ပွဲ) ပြုလုပ်ပါတယ်” ဟု ဆိုသည်။
တရုတ်နိုင်ငံ၏ အကျိုးစီးပွား ၉၀ ရာခိုင်နှုန်းရှိသည့် မြစ်ဆုံစီမံကိန်းကြောင့် မိမိတို့ ဌာနေတိုင်းရင်းသားများ၊ ဒေသခံများ၏ အသက် အိုးအိမ်များကို စတေးမခံနိုင်ဟုလည်း ဦးစတီဗင်နော်အောင် က ပြောသည်။
ဆန္ဒထုတ်ဖော်ကြသူများထဲတွင် ကချင်ဘာသာရေးခေါင်းဆောင်များ၊ ဗုဒ္ဒဘာသာ ဘုန်းတော်ကြီးများ၊ ကချင်နိုင်ငံရေး ပါတီခေါင်းဆောင်များ၊ ကချင်အရပ်ဘက်အဖွဲ့အစည်းများ၊ တတ်ကြွလှုပ်ရှားသူများ၊ မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့မှ ဒေသခံများ ပါဝင်ခဲ့ကြသည်။
လူဦးရေ တသောင်းခန့်ဖြင့် ဆန္ဒထုတ်ဖော်ခြင်းကို ခွင့်ပြုပေးရန်လည်း ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်း လှည့်လည်ခွင့် ဥပဒေအတိုင်း သက်ဆိုင်ရာ ရဲတပ်ဖွဲ့နှင့် အာဏာပိုင်များထံ ခွင့်ပြုချက် တောင်းခံရယူပြီး ဆောင်ရွက်ခြင်း ဖြစ်သည်ဟု သိရသည်။
မြစ်ဆုံစီမံကိန်း အပြီးသတ်ရပ်တန့်ရေး ဆန္ဒထုတ်ဖော်ကြသူများက မနက် ၈ နာရီတွင် မြစ်ကြီးနားမြို့၊ စီတာပူ ရပ်ကွက်ရှိ မနောင်ကွင်းတွင် စုဝေးကာ ဘာသာရေးခေါင်းဆောင်များ၊ တတ်ကြွလှုပ်ရှားသူများက ဟောပြောပွဲ ပြုလုပ်ပြီး မြို့ကို စီတန်းလှည့်လည် လမ်းလျှေက်ခဲ့ကြသည်။
စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်သူများ၏ လက်ထဲတွင် မြန်မာ၊ အင်္ဂလိပ်၊ တရုတ် ၃ ဘာသာဖြင့် ရေးသားထားသည့် “မြန်မာနိုင်ငံ၏ အသက်သွေးကြော ဧရာဝတီမြစ်ကို ရေကာတာဆောက်လုပ်ခြင်း အလိုမရှိ”၊ “မြစ်ဆုံမြစ်ညှာမြစ်ဝှမ်းရေကာတာ စီမံကိန်းများ အပြီးအပိုင် ဖျက်သိမ်းရေး ဒို့အရေး”၊ “ဧရာဝတီမြစ်ကို လွတ်လပ်စွာ စီးဆင်းခွင့်ပေးပါ”၊ “ဧရာဝတီမြစ်ကြောင့် ရွေ့ပြောင်းနေရသူများကို နေရပ်ပြန်ခွင့်ပေးပါ” ဟူသည့် ဆိုင်းဘုတ်များကိုင်ကာ နဖူးတွင်လည်း “No Myitsone Dam”ဟူသည့် စာသားပါ ပိတ်စများ စည်းထား ကြသည်။
မြစ်ဆုံစီမံကိန်း ဧရိယာတွင် နေအိမ် ပါဝင်သဖြင့် စီမံကိန်းအပြီးသတ် ရပ်ဆိုင်းရေးကို တတ်ကြွလှုပ်ရှားနေ သည့် တန်ဖရဲ ကျေးရွာ ဒေသခံ ဒေါ်လုရာက ” အခုလိုပြောနေတာ ကျမတို့ တရုတ်ကို မုန်းလို့ ပြောနေတာ မဟုတ်ပါဘူး။ တရုတ်ကို မမုန်းပါဘူး။ ဒီစီမံကိန်းကို လုပ်ဖို့ ကျမတို့ အလိုမရှိလို့ ပြောနေတာပါ” ဟု ပြောသည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာဟုန်လျန်သည် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် မြစ်ကြီးနားမြို့သို့ သွားရောက်ပြိး ကချင်ပြည်နယ်ဒီမိုကရေစီ ပါတီ (KSDP) ၊ ကချင် ဒီမိုကရက်တစ်ပါတီ (KDP) ၊ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ-ကချင်ပြည်နယ် (UDPKS)မှ ခေါင်းဆောင်များ၊ ကချင်ဘာသာရေး ခေါင်းဆောင်များနှင့် သီးသန့်စီ တွေ့ဆုံခဲ့သည် ။
တွေ့ဆုံမှုကို ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်တွင် မြန်မာဘာသာဖြင့် ထုတ်ပြန်ခဲ့ပြီး ထိုထဲတွင် မြစ်ဆုံစီမံကိန်းကို ဒေသခံများက ဆန့်ကျင်ကန့်ကွက်မှု မရှိကြောင်း၊ စီမံကိန်းကို ဆန့်ကျင်ကန့်ကွက်သည်မှာ ပြင်ပမှ လူနှင့် အဖွဲ့အစည်းများသာ ဖြစ်ကြောင်း ကချင်နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများနှင့် တွေ့စဉ် ပြောဆိုသည်ဟု ရေးသားဖော်ပြထားသည်။
ထိုထုတ်ပြန်ချက်အပေါ် ကချင်နိုင်ငံရေးပါတီ ၃ ပါတီလုံးက လုံးဝပြောဆိုခြင်းမရှိသည်ဟု ထည့်သွင်းထုတ်ပြန် ထားကြောင်း၊ မြစ်ဆုံစီမံကိန်းကိုလည်း ထာဝရဖျက်သိမ်းရန်သာ အလိုရှိကြောင်း တုန့်ပြန်ခဲ့ကြသည်။
ဆန္ဒထုတ်ဖော်ပွဲသို့ ပါဝင်ခဲ့သည့် KDP ဥက္ကဋ္ဌ ဦးကွမ်ဂရောင်အောင်ခမ်း က “ဒေါ်အောင်ဆန်းစုကြည်က မဲဆွယ်စည်းရုံးတုန်းက လူထုကို စီမံကိန်းအချက်အလက်တွေကို ချပြမယ်လို့ ပြောထားတဲ့ ကတိကဝတ်တွေ ရှိပါတယ်။ အခုချိန်ထိ ၃ နှစ်ရှိသွားပြီ။ အကောင်အထည် မဖော်တာတွေလည်း ရှိတယ်။ ပြည်သူလူထုကို ပွင့်ပွင်လင်းလင်း တင်ပြဖို့ ပြောလိုပါတယ်” ဟု ဆိုသည်။
အစိုးရအနေဖြင့် လူထုဘက်မှ ပြတ်ပြတ်သားသား ရပ်တည်ရန် လိုအပ်သည်ဟုလည်း ဆန္ဒထုတ်ဖော်ကြသူများ က ပြောသည်။
ဆန္ဒထုတ်ဖော်ခြင်းများ ပြုလုပ်နေစဉ် မြစ်ကြီးနားမြို့၊ အမှတ် (၁) ရဲစခန်းမှ စခန်းမှူး ရဲမှူးမြင့်မိုးက ဆန္ဒထုတ်ဖော်သူများကို ဥပဒေနှင့် မညီဟုဆိုကာ ကန့်ကွက်စာ တစောင်ပို့ခဲ့သည်။
စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခွင့် တောင်းစဉ် လက်ကိုင်အသံချဲ့စက်မှ အပ အခြားအသံချဲ့စက် မသုံးရဟူသည်ကို အသုံးပြုခြင်း၊ အလျား ၄ ပေ အနံ ၃ လက်မရှိ “No Myitsone Dam” ဟူသည့် နဖူးစည်းကို ခွင့်ပြုချက် မရှိဘဲ သုံးခြင်း၊ ၉ နာရီနှင့် ၁၀ နာရီကြား လူစုမည်ဟု ခွင့်ပြုချက်တောင်းခံ ထားပြီး ခွင့်ပြုချက်တွင် မပါသည့် အခမ်းအနားအစီအစဉ် ၁၀ ခု လုပ်ဆောင်ခြင်းကြောင့် ဖြစ်သည်ဟု ရဲတပ်ဖွဲ့ဝင်များထံမှ သိရသည်။
ရဲမှူးမြတ်မိုး က “ကျနော်တို့က ငြိမ်းစုစီ ဥပဒေပုဒ်မ အခန်း (၅) ၊ ပုဒ်မ ၁၀ထဲမှာ စည်းကမ်းချက် ၁၁ချက်ထဲက ချိုးဖောက်တဲ့အတွက် ဥပဒေနဲ့အညီ ဆောင်ရွက်ဖို့ ဆက်လုပ်သွားပါမယ်”ဟုလည်း ဆိုသည်။
မြစ်ဆုံစီမံကိန်းသည် စစ်အစိုးရလက်ထက်တွင် တရုတ်နိုင်ငံနှင့် စာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး နိုင်ငံအနှံ့မှ လူထုက ကန့်ကွက် ခဲ့သဖြင့် သမ္မတဦးသိန်းစိန် လက်ထက်၊ ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ က စီမံကိန်းကို ရပ်ဆိုင်းရန် အမိန့်ပေးခဲ့သည်။
မြစ်ဆုံစီမံကိန်းကြောင့် ဒေသခံ တထောင်ကျော်မှာ ဘိုးဘွားပိုင် မြေနှင့် စိုက်ပျိုးမြေများ ဆုံးရှုံးကာ တရုတ်ကုမ္ပဏီမှ အသစ်ဆောက်ပေးသည့် အိမ်ရာများသို့ ပြောင်းရွှေ့ခဲ့ရပြိး အလုပ်အကိုင် မရှိသဖြင့် တရုတ်ဘက်မှ ထောက်ပံ့သည့် စားနပ်ရိက္ခာကိုသာ မှီခိုနေကြရသည်။
အိမ်များ ရွှေ့ပြောင်းခြင်းမခံရသော်လည်း စီမံကိန်းတွင်း ပါဝင်နေသည့် ဧရာဝတီမြစ် တဖက်ကမ်းမှ မလိယမ်ရွာ ဒေသခံများ၏ လယ်ယာမြေများ၊ သဘာဝပေါက်သည့် ဝါးပင်များပျက်စီးမှုများရှိပြီး စားဝတ်နေရေး ကျပ်တည်းနေကြသည်။
ယခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်သည့် အစိုးရလက်ထက်တွင် တရုတ်နိုင်ငံဘက်မှ စီမံကိန်း ပြန်စရန် ကချင်လူမှု အသိုင်းအဝိုင်းမှ ခေါင်းဆောင်များကို စည်းရုံးပြောဆိုမှုများ ရှိလာသည်။
ဖေဖော်ဝါရီလ ၅ရက်ကလည်း မြစ်ကြီးနားမြို့သို့ ရောက်နေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ကချင်ဘာသာရေးခေါင်းဆောင်များ တွေ့ဆုံကြရာ ကတ်သလစ် အသင်းတော်က မြစ်ဆုံစီမံကိန်းကို အပြီးသတ်ရပ်ဆိုင်းပေးရန် ပြောဆိုခဲ့သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လူထုဆန္ဒကို ကျော်လွန်ရန် ခက်သဖြင့် အကောင်းဆုံးဖြစ်အောင် ညှိနှိုင်းပေး ပါမည်ဟု ပြန်လည်ပြောဆိုသွားသည်။