လက်ရှိ ဘဏ္ဍာနှစ် အတွင်း၌ စစ်ကိုင်းတိုင်း ဒေသကြီး၊ စစ်ကိုင်းမြို့ မြို့ပြ ဖွံ့ဖြိုးရေး ဆိုင်ရာ လုပ်ငန်းများနှင့် စည်ပင်သာ ယာရေး လုပ်ငန်းများ အတွက် ငွေကျပ်သိန်း ၁ သောင်းခွဲ သုံးစွဲသွားမည်ဟု သိရသည်။
စစ်ကိုင်းမြို့ စည်ပင် သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးဝင်းနိုင်က “တိုင်းအစိုးရ ချထားပေးတဲ့ ဘတ်ဂျက်က စစ်ကိုင်းမြို့ အတွက် ကျပ်သိန်း တသောင်းခွဲ ရထားပါတယ်။ ရပ်ကွက်ပေါင်း ၂၃ ရပ်ကွက် အတွက် တင်ပြ တောင်းခံထားတဲ့ လုပ်ငန်း စဉ်တွေ အတိုင်း အကောင်အထည် ဖော် ဆောင်ရွက်ပေးသွားမှာပါ။ လုပ်ငန်းစဉ် အားလုံး အတွက် တင်ဒါခေါ်ပြီး ဆောင် ရွက်မှာပါ” ဟု ပြောသည်။
ယခု ဘဏ္ဍာနှစ် အတွင်း၌ စစ်ကိုင်းမြို့ပေါ် ၂၃ ရပ်ကွက်၌ ကွန်ကရစ် လမ်းခင်းခြင်း၊ စစ်ကိုင်းမြို့ အဝင် ၉ ပေ တံတား အောက် ရေဝပ်မှု မရှိစေရန် ဆောင်ရွက်ခြင်း၊ ရတနာပုံ တံတား(ဧရာဝတီ) မှ စစ်ကိုင်းမြို့ အဝင် အတက်/အဆင်း ကတ္တရာ လမ်းသစ် ခင်းခြင်း၊ အေးငြိမ်းမြေ သုသာန်သွားသည့် လမ်းခင်းခြင်း၊ ရေနုတ်မြောင်းများ ဖောက်လုပ် ပြုပြင်ခြင်း၊ ရေဆိုး ထုတ် စက်ရုံများ တည်ဆောက်ခြင်းများကို လုပ်ဆောင် ပေးသွားမည်ဟု သိရသည်။
ဦးဝင်းနိုင်က “တင်ဒါတွေ ခေါ်ပြီး ဆောင်ရွက်သွားမှာပါ။ တချို့ လုပ်ငန်းတွေက တင်ဒါတွေ ခေါ်ထားတယ်။ အချို့ကို ဆောင်ရွက်နေပါပြီ။ စစ်ကိုင်းမြို့ အဝင်လမ်း၂ ခု ပါတယ်။ နောက် မြို့အဝင်က ၉ ပေ အနီး ရပ်ကွက်တွေ မိုးရေ နစ်မြုပ်မှု ဒဏ်ကို ကာကွယ်နိုင်ဖို့ အတွက် လုပ်ဆောင်ပေးသွားမယ်။ ကျန်တာတွေကတော့ ရပ်ကွက် အလိုက် လုပ်ငန်းတွေပါ တယ်” ဟု ဆိုသည်။
အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန် အတွက် မြို့ပေါ် ရပ်ကွက်များကို ကွင်းဆင်း၍ စစ်ဆေးမှုများနှင့် ရပ်ကွက်နေ ပြည်သူများအား အသိပေး ရှင်းလင်းခြင်းများကိုလည်း လုပ်ဆောင်ခဲ့ပြီး ၉ ပေ တံတားအောက်တွင် ရေဝပ်မှု မရှိစေရန် အတွက် ကျပ်သိန်း ၅၀၀ အကုန်အကျခံ ပြုလုပ် ဆောင်ရွက်သွားမည်ဟု သိရသည်။
စစ်ကိုင်းမြို့ အဝင်ရှိ ၉ ပေ တံတားအောက်တွင် နှစ်စဉ် မိုးတွင်း ကာလ ရေဝပ်ခြင်းများ ဖြစ်ပေါ်နေပြီး အချိန်ကြာမြင့်စွာ ရေဝပ်နေသဖြင့် မြို့နေ လူထုနှင့် ခရီးသွားများ ဖြတ်သန်းသွားလာရာတွင် အခက် အခဲများ ဖြစ်ပေါ်နေရကြောင်း သိရ သည်။
အဆိုပါ ၉ ပေ တံတားအောက်တွင် ရေဝပ်မှုကို ပြုပြင်ပေးရန် အတွက် စစ်ကိုင် ဒေသခံများကလည်း စည်ပင် သာယာရေး ကော်မတီသို့ တင်ပြ တောင်းဆိုမှုများလည်း ပြုလုပ်ထားကြောင်း စစ်ကိုင်းမြို့ မြို့မိမြို့ဖအဖွဲ့မှ ဦးဇော်ဝင်းက ပြောသည်။
“စစ်ကိုင်းမှာ ၉ ပေက အမြဲတမ်း ရေလွှမ်းတယ်။ မိုးရွာလို့ ရေဝင်ရင် အနည်းဆုံး ၃ နာရီလောက်နေမှ ရေကျတယ်။ ဒါကြောင့် အဲဒီကိစ္စကို အဆင်ပြေအောင် လုပ်ပေးဖို့ အတွက် စည်ပင်ကို ပြောထားပါ တယ်။ အဲဒီနေရာမှာ အဆင်ပြေ သွားမယ် ဆိုရင် မြို့အတွက် အများကြီး ကောင်းလာမယ်” ဟု ၎င်းက ပြောဆိုသည်။
စစ်ကိုင်း မြို့အဝင် ၉ ပေ တံတားအောက်သည် အနိမ့်ပိုင်း ဖြစ်သည့် အတွက် မိုးရွာသွန်းလျှင် စစ်ကိုင်း တောင်ရိုးနှင့် မြို့ ပေါ် အမြင့်ပိုင်း ရပ်ကွက်မှ စီးဆင်းသော ရေများသည် တံတားအောက်သို့ ကျရောက်ပြီး စြင်္ကန်ချောင်းမှ တဆင့် ဧရာ ဝတီမြစ် အတွင်း စီးဆင်းကြောင်း သိရသည်။
ယခုကဲ့သို့ စစ်ကိုင်းမြို့ မြို့ပြဖွံ့ဖြိုးရေး ဆိုင်ရာ ဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် စည်ပင် သာယာရေး လုပ်ငန်းများ လုပ်ဆောင် ရာတွင် ကဏ္ဍအလိုက် တတ်သိ ပညာရှင်များ ပါဝင်ကာ စနစ်တကျ ပြုလုပ် ဆောင်ရွက်ပေးရန် လိုအပ်သည် ဟု စစ်ကိုင်း မြို့မိမြို့ဖအဖွဲ့က အကြံပြု ပြောထားသည်။
ဦးဇော်ဝင်းက ဆက်လက်၍ “လမ်းတွေ၊ တူးမြောင်းတွေကို လုပ်တဲ့အခါမှာလည်း တတ်သိ နားလည်တဲ့ ပညာရှင်တွေ ပါဝင်ပြီးတော့ စနစ်တကျ လုပ်ဖို့ လိုပါတယ်။ ဘာကြောင့်လဲဆိုရင် တချို့မြောင်းတွေကို အကြီးကြီးတွေ လုပ်ထားပေမယ့် စနစ်မကျတဲ့ အခါ ရေကမစီးတော့ဘဲ ရေဝပ်တာမျိုးတွေ ဖြစ်နေတာကြောင့်ပါ။ ရေဝပ်တော့ ခြင်တွေ ပေါက်ဖွားလာပြီး ကျန်းမာရေး အတွက်ပါ ထိခိုက် လာနိုင်တယ်လေ” ဟု ပြောသည်။
စစ်ကိုင်းမြို့တွင် ယခင်က ၁၈ ရပ်ကွက်သာ ရှိရာမှ တင်းတိပ်၊ စီတီး၊ ပဲကတိုး၊ သောတပန်၊ ပြူကံ ကျေးရွာများအား ၂၀၁၆ ခုနှစ် အောက်တိုဘာလက ရပ်ကွက် အဖြစ် တိုးချဲ့ ဖွဲ့စည်းပေးခဲ့ကာ စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေး ကော်မတီ နယ်နိမိတ် အတွင်း ထည့်သွင်းခဲ့ခြင်းကြောင့် မြို့ပေါ် ရပ်ကွက် ၂၃ ရပ်ကွက် အထိ ရှိလာခြင်း ဖြစ်ကြောင်း သိရသည်။