သတင်း

မိဘမဲ့ မြန်မာ ကလေးငယ် ၄၆ ဦးကို ထိုင်းက မှတ်ပုံတင် ပေး

Want create site? Find Free WordPress Themes and plugins.

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း နေထိုင်သူများက မွေးဖွားလာပြီး ယခုအခါ မိဘမဲ့ ကလေးဂေဟာတွင် နေထိုင်လျှက် ကျောင်းတက်နေကြသူ ကလေးသူငယ် ၄၆ ဦးကို ထိုင်း မှတ်ပုံတင် ကတ်ပြားများ ထုတ်ပေး ခဲ့ကြောင်း Social Action for Children and Women (SAW) ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထိုင်းနိုင်ငံ တာ့ခ်ပြည်နယ် မဲဆောက်ခရိုင်ရှိ ကျောင်းသား ၄၆ ဦးစလုံးကို ဖေဖော်ဝါရီလ ၄ ရက်၌ မှတ်ပုံတင် ကတ်ပြားများ ထုတ်ပေးခဲ့ကြောင်း ထိုင်း လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်များက ပြောသည်။ အဆိုပါ မှတ်ပုံတင် ကတ်ပြားများ ရရှိခြင်းသည် ၎င်းတို့ဘဝကို ပြောင်းလဲရန်ဖြစ်ကြောင်း SAW အဖွဲ့၏ ဒါရိုက်တာ ဒေါ်အေးအေးမာက ပြောသည်။

“လက်မှတ်ရဖို့က ကျမ အမြဲတမ်းစဉ်းစားတယ်။ လက်မှတ်က ဘဝမှာ အရေးကြီးဆုံးပဲပေါ့နော်။ အထောက်အထား မရှိနေရတဲ့ဘဝက မလွယ်ဘူးလေ” သူက ပြောသည်။

အဆိုပါကလေးသူငယ် ၄၆ ဦးသည် မယ်တော်ဆေးခန်း (သို့မဟုတ်) မဲဆောက်ရှိ ထိုင်းပြည်သူ့ဆေးရုံမှ မွေးစာရင်း ထုတ်ပေးထားသူ ဖြစ်ကြောင်း ပြသနိုင်ခဲ့ကြသည်။ ၎င်းတို့အဖွဲ့သည် ယင်း ကလေးငယ်များ၏ စာရွက်စာတမ်းများ အားလုံးကို ပြုစုစောင့်ရှောက်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန်အတွက် သိမ်းဆည်း ထားပေးခဲ့ကြောင်း ဒေါ်အေးအေးမာက ပြောသည်။

“သူတို့အားလုံးရဲ့ စာရွက်စာတမ်းတွေကို ကျမဖိုင်ထဲမှာ သိမ်းထားပါတယ်။ ဒါတွေဟာ တနေ့နေ့မှာ အသုံးဝင် လာမယ် ဆိုတာ ကျမသိပါတယ်” ဟု သူက ပြောသည်။

ယခင်က ထိုင်းသက်သေခံ ကတ်ပြားမရှိသည့် ရွှေ့ပြောင်း ကလေးသူငယ်များမှာ ထိုင်းနိုင်ငံရှိ စာသင်ကျောင်း များသို့ တက်ရောက်ခွင့် မရှိခဲ့ပေ။ သို့သော် ၂၀၀၈ ခုနှစ်က ထိုင်းအစိုးရက ရွှေ့ပြောင်း ကလေးသူငယ်များ အတွက် ယင်း ကန့်သတ်ချက်ကို ဖြေလျှော့ပေးခဲ့သည်။

“အဲဒါနဲ့ပတ်သက်လို့ ကျမတို့ သိရပြီးတဲ့နောက်မှာ ကျမတို့ ကလေးတွေကို ထိုင်းစာသင်ကျောင်းပို့ဖို့ ကြိုးစား ကြည့်ပါတယ်။ ဒါပေမယ့် စစချင်းမှာ ကျမတို့ မအောင်မြင်လိုက်ဘူး” ဟု ၎င်းက ပြောသည်။

ကလေးသူငယ်တချို့ကို ပုဂ္ဂလိက ကျောင်းပို့ရန် ကြိုးစားပြန်သော်လည်း စရိတ်ကြီးမြင့်ကြောင်း သူက ဖြည့်စွက်ပြောသည်။

“ထိုင်းအစိုးရက လုပ်ပေးလိုက်တဲ့ အပြောင်းအလဲနဲ့ ပတ်သက်လို့ ထိုင်းကျောင်း အာဏာပိုင်တွေဆီကို ကျမတို့ ပြောပြဖြစ်ပါတယ်။ ထိုင်းကျောင်း အာဏာပိုင်များကလည်း အနှစ်လိုက် အနှစ်လိုက်ပေါ့။ ကျောင်းသားဦးရေ တဖြည်းဖြည်းတိုးပြီး လက်ခံပေးခဲ့ပါတယ်။ ကျောင်းတကျောင်းဆိုရင် ကျမတို့ ကလေးက ပိုများလာတယ်” ဟု သူက ပြောသည်။

“ကျမ ရည်ရွယ်ချက်ကတော့ တချိန်ချိန်မှာ ထိုင်းကျောင်း တက်ခွင့်ရတဲ့ ကလေးတွေဟာ ကျောင်းသားကတ် ရလာမှာ ဖြစ်ပါတယ်။ သူတို့ ကျောင်းသားကတ်တွေက မဲဆောက်မှာ ဘာအထောက်အထားမှ မရှိဘဲ နေရတာထက် စာရင် သူတို့အတွက် ပိုမိုလုံခြုံ စိတ်ချစေပါတယ်” ဟု သူက ပြောသည်။

ထိုင်းကျောင်းများတွင် ၅ နှစ်တက်ပြီးသည့် ကလေးများကို ကျောင်းအာဏာပိုင်များက ဒေသခံ ထိုင်း မှတ်ပုံတင် ကတ်ပြား (၁၀ နှစ်သက်တမ်းရှိ ကတ်ပြား) များကို ထုတ်ပေးကြောင်း သူက ရှင်းပြသည်။ အဆိုပါ ကတ်ပြား ရရှိထားသူများသည် နာမကျန်းဖြစ်သည့်အခါ ထိုင်းနိုင်ငံတွင် အခမဲ့ ဆေးဝါးကုသခွင့် ရှိသလို ပညာရေး အတွက်လည်း အခမဲ့သင်ကြားပေးသည်။ ယင်းကလေးငယ်များသည် ချင်းမိုင်မြို့သို့လည်း လေ့လာရေး ခရီးကို လွတ်လပ်စွာ သွားလာနိုင်ကြောင်း ၎င်းက ဆိုသည်။

မှတ်ပုံတင် ရသော အဆိုပါ ကလေးသူငယ် ၄၆ ဦးမှာ အသက် ၁၀ နှစ်မှ ၁၈ နှစ်ကြားရှိကြပြီး စတုတ္ထတန်းမှ ဒဿမတန်းအထိ တက်နေကြသည်။

နောက်ထပ် ကျောင်းသား ၆ ဦးလည်း မကြာမီ ထိုင်း မှတ်ပုံတင် ကတ်ပြားများ ရရန် မျှော်လင့်ထားကြောင်း သူက ပြောပြသည်။ ကတ်လျှောက်နိုင်သည့် အငယ်ဆုံး အသက်အရွယ်မှာ ၁၀ နှစ်ဖြစ်သည်။

ဒေါ်အေးအေးမာသည် SAW အဖွဲ့ တည်ထောင်သူ တဦးဖြစ်သည်။ ၎င်းအဖွဲ့က မိဘမဲ့ကလေးများ ဂေဟာကို ထူထောင်ထားရာ မကြာသေးမီ နှစ်များက ထိုင်း-မြန်မာ နယ်စပ်မှ နိုင်ငံတကာ NGO အဖွဲ့များ ရုပ်သိမ်းသွားပြီးနောက် ရန်ပုံငွေရှာဖွေရန် မနည်း ရုန်းကန်နေရကြောင်း သူက ဆိုသည်။

မိဘမဲ့ ကလေးသူငယ် အများစု၏ မိဘများမှာ HIV/ AIDS ရောဂါကြောင့် ကွယ်လွန်ကုန်ကြပြီ ဖြစ်သည်။ မဲဆောက်ရှိ မယ်တော်ဆေးခန်းသည် စွန့်ပစ်ခံရသည့် မွေးကင်းစ ကလေးအများအပြားကို စောင့်ရှောက် ပေးနေသည်။ ဆေးခန်းရှိ သူနာပြုများမှာ မွေးကင်းစ ကလေးများကို စောင့်ရှောက် ပေးနိုင်သော်လည်း ၎င်းကလေးငယ်များကို အမြဲတမ်း စောင့်ရှောက် ပေးနိုင်ရေးအတွက် အခက်အခဲတွေ့ရသည်။

“သူတို့ကို စောင့်ရှောက်နိုင်မယ့်သူ ရှာဖို့ အခက်တွေ့လာတယ်။ အဲဒါနဲ့ပဲ ကျမတို့က မိဘမဲ့ ကလေးများဂေဟာ ဖွင့်လိုက်တာပါ” ဟု သူက ရှင်းပြသည်။

မဲဆောက်ရှိ ထိုင်း ပြည်သူ့ဆေးရုံတွင် မြန်မာရွှေ့ပြောင်း နေထိုင်သူများထံမှ စွန့်ပစ်ကလေးများလည်း ရှိနေသည်။ ထို့ကြောင့် ၎င်းကလေးများကိုလည်း စောင့်ရှောက်ထားပေးရန် SAW အဖွဲ့ထံ ကမ်းလှမ်း လာခဲ့ကြောင်း ဒေါ်အေးအေးမာက ဆက်လက် ပြောကြားသည်။

မိဘမဲ့ကလေးများဂေဟာ ရောက်သည့်အခါ အဆိုပါ ကလေးငယ်များကို မွေးကင်းစမှ ၃ လ အထိ စနစ်တကျ အသက်အရွယ် ခွဲခြားထားလိုက်သည်။ အစပိုင်းက SAW အဖွဲ့သည် မိန်းကလေးငယ်များကိုသာ မွေးစားထားရန် ကြံရွယ်သော်လည်း စွန့်ပစ်ယောက်ျားလေး အရေအတွက် များပြားလာ၍ ကျားရော၊ မပါ လက်ခံရန် ဆုံးဖြတ်ခဲ့သည်။

တချို့ကလေးတွေက ပထွေးဖြစ်သူ မုဒိမ်းကျင့်ခံရ၍ ကလေး၏ ဘဝလုံခြုံရေးအတွက် မိဘမဲ့ဂေဟာသို့ လာအပ်ခဲ့ကြောင်း သူက ပြောပြသည်။

“ကလေးဦးရေ တိုးလာတဲ့အတွက် သူငယ်တန်းနဲ့ မူလတန်းလောက် တက်နိုင်မယ့် ကျမတို့ကိုယ်ပိုင် ကျောင်းဖွင့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမယ့် အဲဒါဖွင့်နိုင်ဖို့က ထိုင်းအာဏာပိုင်တွေ ဆီကနေ အရင်ဆုံး ခွင့်ပြုချက်ရဖို့ လိုတယ်ရှင့်။ ကျမတို့ကလည်း သူတို့လေးတွေ ကြီးလာရင် ထိုင်းစာသင်ကျောင်းတွေဆီ ပို့ပေး ချင်တယ်လေ။ ဒါပေမယ့် ကျမတို့ ကလေးတွေမှာ မှတ်ပုံတင် ကတ်ပြား မရှိတော့ အစပိုင်းက ထိုင်းကျောင်း မတက်နိုင်ကြပါဘူး” ဟု သူက ရှင်းပြသည်။

မြန်မာပြည်တွင်း၌ နိုင်ငံရေး အလှည့်အပြောင်းက ထိုင်း-မြန်မာနယ်စပ်ရှိ နိုင်ငံတကာ NGO များကို ရုပ်သိမ်းစေခဲ့သဖြင့် SAW အဖွဲ့သည် ၂၀၁၅ ခုနှစ် ကတည်းက ဘတ်ဂျက်ငွေ ပြဿနာနှင့် ရင်ဆိုင် လာခဲ့ရသည်။ ထိုနေရာမှ နိုင်ငံတကာ NGO အများအပြားသည် မြန်မာပြည်တွင်းသို့ ရွှေ့ပြောင်း လုပ်ကိုင် သွားကြသည်။

အကယ်၍ Saw အနေဖြင့် ပြည်တွင်းသို့ ပြောင်းရွှေ့အခြေစိုက်ဖြစ်လျှင် NGO တချို့က ဆက်လက် ထောက်ပံ့သွားမည် ဖြစ်ကြောင်း SAW အဖွဲ့ကို ကတိပြုခဲ့သည်ဟု ဒေါ်အေးအေးမာက ဆိုသည်။

သို့ရာတွင် ကလေးအားလုံးမှာ ထိုင်းတွင် ပညာသင်ကြားနေကြပြီး အဖွဲ့ကို မြန်မာပြည်တွင်း ပြောင်းမိပါက အစစအရာရာ သုညမှ ပြန်စရကိန်း ရှိသဖြင့် ပြောင်းရန် မဖြစ်နိုင်ကြောင်း သူက ရှင်းပြသည်။

“ကျမတို့ ကလေးတွေက ၉ တန်းနဲ့ ၁၀ တန်းအထိ တက်နေကြပြီဆိုတော့ ပြောင်းဖို့ မဖြစ်နိုင်ပါဘူး။ သူတို့တွေက ထိုင်းအသိုင်းအဝိုင်း ကြားမှာပဲ ကြီးပြင်းလာကြပြီး ဒီမှာနေရတာ ပျော်ကြတယ်။ ကျမတို့ မြန်မာပြည်ထဲ ရွှေ့ပြီး မူလတန်းကနေ ပြန်စဖို့ ဘယ်လိုမှမဖြစ်နိုင်ဘူး” ဟု သူက ပြောသည်။

SAW အဖွဲ့၏ ဘဏ္ဍာရေးပြဿနာကြောင့် ၎င်းတို့ ကိုယ်ပိုင်ကျောင်းတွင် ပထမတန်းမှ စတုတ္ထတန်းအထိ ဦးစွာ ပိတ်ရန် ဖြစ်လာခဲ့သည်။ ယခုနှစ်တွင် ပဉ္စမတန်းမှ သတ္တမတန်းအထိ သင်ကြားနေခြင်း ရပ်တန့်ခဲ့သည်။

“SAW ကိုယ်ပိုင်ကျောင်းမှာ ဒီနှစ်အတွက် ၈ တန်းနဲ့ ၁၀ တန်းကလေးတွေပဲ ကျမတို့ သင်ပေးနိုင်တော့တယ်” ဟု သူက ပြောသည်။

ရင်ဆိုင်ရသည့် ပြဿနာအများစုမှာ မြန်မာပြည်တွင် ဖြစ်ပေါ်နေသော အခြေအနေများ၏ ရိုက်ခတ်မှုများအပေါ် အရင်းခံကြောင်း ဒေါ်အေးအေးမာက ပြောသည်။

မိသားစု အများအပြားမှာ ၎င်းတို့ကိုယ်ကို ဖူလုံစေသည့် အလုပ်မရှိခြင်း (သို့မဟုတ်) ၎င်းတို့ပိုင် မြေယာများကို အာဏာပိုင်များက သိမ်းဆည်းသဖြင့် အသက်မွေး ဝမ်းကျောင်းပြုစရာ လက်မဲ့ဖြင့် ထွက်ခွာလာရသည်။ အများစုမှာ ရွေးချယ်စရာ မရှိကြသော်လည်း အိမ်နီးချင်းနိုင်ငံများ၊ အထူးသဖြင့် ထိုင်းနိုင်ငံတွင် အလုပ် ရှာဖွေကြသည်။

ကရင်ပြည်နယ်၊ မြဝတီနှင့် မဲဆောက်ကြားရှိ နယ်စပ် စစ်ဆေးရေးဂိတ်များမှာ လွယ်လင့်တကူ ဖြတ်ကျော် သွားလာနိုင်ရန် ထိစပ်နေသည်။ ထို့ကြောင့် မြန်မာနိုင်ငံမှ လူအများအပြားသည် ထိုင်းနိုင်ငံတွင်းသို့ ဝင်ရန် ရွေးချယ်လိုက်ကြကြောင်း သူက ရှင်းပြသည်။

“မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ ကျမတို့တိုင်းပြည်မှာ အလုပ်မရှိတာ ကြာလာတော့ ထိုင်းဘက် ရောက်လာကြဖို့ ဖြစ်လာတယ်။ ရွှေ့ပြောင်း လုပ်သားတွေ နယ်စပ်လာနေကြတာ ကြာလာတဲ့အမျှ ကလေးတွေလည်း ဆက်ပြီး ဒုက္ခရောက်နေဦးမှာပဲ” ဟု သူက ပြောသည်။

“နိုင်ငံတကာ NGO တွေက မြန်မာနိုင်ငံကို နိုင်ငံရေးအရ ပြောင်းလဲပြီလို့ ထင်နေတယ်။ တကယ်တော့ မဟုတ်ပါဘူး။ ပြောင်းသွားတယ် ဆိုရင်လည်း ဘယ်သူမှ ထိုင်းဘက်လာပြီး အလုပ်မရှာကြပါဘူး” ဟု ဒေါ်အေးအေးမာက မှတ်ချက်ချသည်။

(Lawi Weng ၏  Scores of Orphaned Migrant Children Granted Thai ID Cards ကို ဘာသာပြန်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading