ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေးအတွက် အားလုံးကသဘောတူ လက်ခံသည့် ဖွဲ့စည်းပုံ အခြေခံတခု လိုအပ်ကြောင်း ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ယနေ့ ကျင်းပသည့် ၇၂ နှစ်မြောက်ရှမ်းပြည်နေ့ အခမ်းအနား၌ ဒေါ်အောင်စုကြည်က ပြောသည်။
အစိုးရအနေဖြင့် ပြည်သူအပေါ် ကတိပေးခဲ့သည့်အတိုင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ခြေလှမ်းစနေပြီဖြစ် ကြောင်းနှင့် နိုင်ငံအတွက် အရေးပါပြီး အောင်မြင်ရန် လိုအပ်သည့် ကိစ္စရပ်များတွင် ပြည်သူလူထုက ပါဝင်ရန်လိုအပ် ကြောင်းလည်း ၎င်းကပြောခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် က “ငြိမ်းချမ်းရေးရမှ ပြည်သူလူထုအတွက် တိုးတက်ဖွံ့ဖြိုးရေးတွေ လုပ်နိုင်မယ်၊ ငြိမ်းချမ်းရေးရဖို့ဆိုရင် အများပြည်သူက လက်ခံတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေတခုလဲ လိုအပ်ပါတယ်၊ အားလုံးက အလျော့အတင်း လုပ်ဖို့ ရည်ရွယ်ချက် ရှိတယ်၊ အားလုံးရဲ့ရည်ရွယ်ချက်က ချမ်းသာ၊ ကြွယ်ဝ၊ သာယာငြိမ်းချမ်းတဲ့ ပြည်ထောင်စု ကြီးပဲဖြစ်တယ် ဆိုရင် မတူကွဲပြားတဲ့ စိတ်သဘောထားတွေကို ညှိယူဖို့က အခက်အခဲရှိမှာ မဟုတ်ပါဘူး” ဟုပြောသည်။
ပြည်သူအများစု ပြင်ဆင်ရန်လိုလားသည့် ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ကော်မတီဖွဲ့စည်းရန် ဖေဖော်ဝါရီ ၅ ရက်နေ့က ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးရာ၌ ဥပဒေလုပ်ထုံး လုပ်နည်းနှင့် ညီညွတ်ခြင်း မရှိဟုဆိုကာ ပြည်ခိုင်ဖြိုး ပါတီဝင်များက ကန့်ကွက်ဆွေးနွေးခဲ့ပြီး မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲ အများစုဖြင့် ကော်မတီဖွဲ့စည်းရန် အတည်ပြုခဲ့သည်။
လက်ရှိတွင် စစ်မှန်သည့်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအဆင့်ကို မရောက်သေးသည့်အတွက် အားလုံးအ တူတကွ ကြိုးစားရန် လိုအပ်သကဲ့သို့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီးအား အခိုင်အမာ ရပ်တည်စေမည့် ဖွ့ဲစည်းပုံအခြေခံဥပဒေ တခုရှိရေးသည်လည်း အင်မတန်အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ကလည်း ယနေ့အချိန်အခါတွင် တိုင်းရင်းသားများ မျှော်မှန်းခဲ့ကြသည့် ပင်လုံမြေမှပြည်ထောင်စု အိပ်မက်အား အကောင် အထည်ဖော်ရန် အထူးလိုအပ်ကြောင်း ရှမ်းပြည်နယ်နေ့ အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာတွင် ဆိုထားသည်။
သဝဏ်လွှာတွင် “ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ သာတူညီမျှအခွင့်အရေးရရှိခြင်းနှင့် ကိုယ့်ကြမ္မာ ကိုယ်ဖန်းတီးခွင့် ရှိခြင်းဟူသည့် အနှစ်သာရများဖြင့် ပြည့်ဝသော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး မျှော်မှန်းချက်ပန်းတိုင်းကို မလွဲမသွေ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် တိုင်းရင်းသား ပြည်သူအားလုံး ပြည်ထောင်စုစိတ်ဓာတ် (ဝါ) ပင်လုံစိတ်ဓာတ်အရင်းခံကာ ပြည်နယ်/ပြည်မ စည်းလုံးညီညွတ်စွာ ဥမကွဲသိုက်မပျက် ထာဝရပူးပေါင်း လက်တွဲ ဆောင်ရွက် သွားကြရန် တိုက်တွန်းကြောင်း” ဟု ဖော်ပြထားသည်။
အစိုးရအနေဖြင့်လည်း တရားဥပဒေ စိုးမိုးရေးနှင့် လူမှုဘဝ စီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး၊ စစ်မှန်သည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို ထူထောင်နိုင်စေမည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်ပေါ်လာရေးတို့ကို အဓိကရည်မှန်းချက် ထားကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သည်။