တရားရုံးများ၌ အမှုများကို ဆုံးဖြတ်ရန် အတွက် ကျမ်းသစ္စာ ကျိန်ဆိုရာတွင် တိတိကျကျ ကျိန်ဆိုမှု မရှိဘဲ ပေါ့လျော့စွာ ကျိန်ဆိုမှုများ ရှိနေကြောင်း အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ပြောကြားသည်။
ယနေ့ ကျင်းပသည့် အမျိုးသား လွှတ်တော်တွင် ဧရာဝတီတိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ် ၁ မှ ဦးစိုးမိုးက ဇန်နဝါရီ ၂၃ ရက်တွင် တင်သွင်းခဲ့သည့် တရားစီရင်ရေး မဏ္ဍိုင်တွင် ပြည်သူနှင့် တရားရုံးကြား ယုံကြည်မှု ပြန်လည် ရရှိလာစေရန်နှင့် အမိန့်ချသည့် တရားသူကြီး ကိုယ်တိုင် ကျမ်းသစ္စာ ကျိန်ဆိုရန် အတွက် တင်သွင်းသည့် အဆိုကို မန္တလေးတိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ် ၄ မှ ဒေါ်အုန်းကြည် ထောက်ခံ ဆွေးနွေးနေစဉ် မန်းဝင်းခိုင်သန်း က အထက်ပါ အတိုင်း ပြောကြား ခြင်း ဖြစ်သည်။
မန်းဝင်းခိုင်သန်းက“ကျနော်လည်း ရှေ့နေ တယောက် ဖြစ်တယ်။ ကျမ်းကျိန်တဲ့ အခါမှာ တိတိကျကျ မရှိဘဲ ပေါ့ပေါ့ ဆဆ ကျိန်တာ အများကြီး ရှိတယ်။ ဒါကြောင့် အဆိုရှင်ကနေပြီးတော့ တိတိ ကျကျ ခိုင်ခိုင်မာမာ ကျိန်ဖို့ ပြောတာ။ အဲ့ဒါကိုပဲ ဆွေးနွေးပေးပါ”ဟု ပြောသည်။
ယခု ကျမ်းကျိန်ဆိုခြင်း ကိစ္စကို လွှတ်တော် ကိုယ်စားလှယ် တင်သွင်းသည်မှာ တရားခွင်အတွင်း တရားသူကြီး အပါအ ဝင်၊ သက်ဆိုင်ရာ ရှေ့နေများ၊ သက်သေများနှင့် တရားခံများ ကျိန်ဆိုရန် အဆိုပြုထားသည့် အတွက် ယင်းနှင့် သက်ဆိုင် သည့် ကိစ္စရပ်များကိုသာ ဆွေးနွေးလိုကြောင်း မန်းဝင်းခိုင်သန်းက ဆက်လက် ပြောကြားသည်။
လက်ရှိ၌ တရားခွင် အတွင်း ကျမ်းသစ္စာ ကျိန်ဆိုအပြီးတွင် တိုင်တန်းသူများ၏ နောက်၌ မမှန်မကန် ထွက်ဆိုပေးသည့် သူများ ရှိနေကြောင်း၊ ငွေအင်အား ချို့တဲ့ပြီး ဆင်းရဲသည့် ဘက်မှ သက်သေလိုက်ပေးမည့် သူများ ရှားပါးလျက်ရှိကြောင်း ကို ဒေါ်အုန်းကြည်က လွှတ်တော် အတွင်း ထောက်ပြ ဆွေးနွေးသွားသည်။
၎င်းက“တရားသူကြီးများလည်း တရားခွင်ကို စတက်သည့် အချိန်တွင် ကျမ်းသစ္စာကို ကျိန်ဆိုပေးမည် ဆိုပါက ပြည်သူ များ သံသယ ကင်းပြီး တရား စီရင်ရေးကို ပိုမို ယုံကြည်လာနိုင်ပါတယ်”ဟု ပြောသည်။
ဧရာဝတီတိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ် ၄ မှ ကိုယ်စားလှယ် ဦးထိန်ဝင်း ကလည်း“တရားသူကြီးက သူစစ်ဆေးတဲ့ အမှု မှာ မှန်မှန်ကန်ကန် စစ်ဆေးမယ် စီရင်မယ် ဆိုရင် ဒီကျမ်းသစ္စာ ကျိန်ဆိုတာကို ထိတ်လန့် နေစရာ မလိုဘူးလေ။ စစ်ဆေး ပေါ်ပေါက်တဲ့ အချက်ပေါ်မှာ မူတည်ပြီးတော့ တရားသူကြီးက အမှုကို စီရင်ရတာ ဖြစ်တယ်။ တရားဥပဒေနဲ့ အညီ စီရင်တာ ကို ဘာမှ မပြောလိုဘူး။ ငွေများ တရားနိုင်ဖြစ်နေတာမျိုးကို လက်မခံနိုင်လို့ အဲ့ဒီအတွက် ဆွေးနွေးတာပါ”ဟု ပြောဆိုသည်။
လက်ရှိ တရားခွင်များတွင် တရားစီရင်သည့် အခါ၌အနီရောင် ကျမ်းထုပ်ကို ကိုင်၍ ကျမ်းကျိန်ဆိုရာတွင် ဗုဒ္ဓဘာသာဝင် အမျိုးသမီးများနှင့် ရဟန်း သံဃာတော်များ ကိုင်ဆောင်ခြင်း မပြုရသည့် အပြင် တခြား ဘာသာခွဲများလည်း မပြုရကြောင်း ပျဉ်းမနားမြို့မှ တရား လွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော် က ရှင်းပြသည်။
၎င်းက“တရား စီရင်ရေးက အင်မတန်ကို ဆိုးရွားနေတဲ့ အခြေအနေ ဆိုတော့ ကုစားဖို့ ဖြစ်နိုင်သမျှ နည်းလမ်းတွေကို ရှာနေ ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် ထိထိရောက်ရောက် ကုစားနိုင်မယ့် နည်းမဟုတ်ဘူး လို့တော့ မြင်တယ်။ စိတ်ပိုင်း ဆိုင်ရာ ထိန်းချုပ်တဲ့ နည်းတခု ဖြစ်တဲ့ အတွက်ကြောင့် ကျမ်းကျိန်လိုက်လို့ တကယ် သွေးအန်မယ် ဆိုရင်တော့ တမျိုးပေါ့။ ဘာမှ မဖြစ်တာ”ဟု ပြောသည်။
ဆက်လက်၍ ဦးခင်မောင်ဇော်က“ဖောင်ကြီး သင်တန်းတွေမှာ ဘယ်ညာ လုပ်တာတို့၊ ထိုင်ထ လုပ်တာတို့ သင်မယ့် အစား အဲ့ဒီ သင်တန်းတွေမှာ ကိုယ်ကျင့်တရား ဆိုင်ရာ ပညာတွေ၊ တရားသူကြီးတွေ ကျင့်ဝတ်သိက္ခာ အစရှိသဖြင့်၊ ကျောင်းမှာ ကလေးတွေကို ပြည်သူ့ နီတိသင်သလို ၊ တရားသူကြီးတွေရဲ့ လုပ်ငန်းခွင် ဝင်မယ့် သင်တန်းတွေမှာ တရားသူကြီး နီတိတွေ သင်ပေးရင် ပိုကောင်းမယ် ထင်ပါတယ်။ ပတ်ဝန်းကျင် တခုလုံးကို ပြောင်းရမှာ ဖြစ်ပါတယ်”ဟုလည်း ဆိုသည်။
ဇန်နဝါရီ ၂၃ ရက်၌ အဆိုရှင် ဦးစိုးမိုးက လွှတ်တော်တွင် ကျမ်းသစ္စာ အက် ဥပဒေ ပုဒ်မ ၆ အရ ကျမ်းသစ္စာ ကျိန်ဆိုခြင်း မပြုရသော ဟိန္ဒူဘာသာဝင်သူနှင့် မဟာမေဒင် ဘာသာ ဝင်သူ သက်သေများ၊ ဂျူရီလူကြီးများ သို့မဟုတ် စကားပြန်မှ အပ ကျန်ဘာသာဝင် တရားသူကြီးများ ၊ အမှုသည်များ ၊ သက်သေများအား နေ့စဉ် တရားခွင် တက်ရန် စတင် ဆောင် ရွက် သည့် အခါ သို့မဟုတ် အမှုတခု စတင် စစ်ဆေးသည့် အချိန်တွင် ကျမ်းသစ္စာ ကျိန်ဆိုရန် အဆိုကို တင်သွင်း ရခြင်း ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။
ဆက်စပ် ဖတ်ရှုရန်
တရားခွင်တွင် တရားသူကြီးများ ကျမ်းသစ္စာ ကျိမ်ဆိုရေး လွှတ်တော်တွင် ဆွေးနွေးမည်