တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) တို့အကြား ပြင်းထန်သော တိုက်ပွဲများကြောင့် ချင်းပြည်နယ် ပလက်ဝ မြို့နယ်အတွင်းမှ ချင်းနှင့် ရခိုင်တိုင်းရင်းသား နေရပ်စွန့်ခွာသူ ၂၅၀ ခန့် ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းသို့ လွန်ခဲ့သော တပတ်က ထွက်ပြေးရသည်။
စစ်ဘေးရှောင်များသည် ထိုဒေသ၏ အလွန်အေးလှသော ရာသီဥတုတွင် အစားအစာ၊ အဝတ်အထည်၊ နေရာ ထိုင်ခင်းမရှိဘဲ ကလေးတချို့မှာ အပြင်းအထန် ဖျားနာနေကြောင်း လူ့အခွင့်အရေး လုပ်သားတဦးက ပြောသည်။
ဆေးဝါးနှင့် တခြား အကူအညီပေးရေး လုပ်သားများသည် ထိုသူများထံ သွားရောက်ရန် ကြိုးစားနေသော်လည်း ထိုနေရာသည် ရောက်ရှိရန် လွန်စွာ ခက်ခဲသောနေရာဖြစ်သည်။ လွန်ခဲ့သော ရက်သတ္တပတ်ကုန်အတွင်းက ရီမာခရီ နယ်ခြားစောင့်တပ်စခန်းမှ ၁၁ ကီလိုမီတာ အကွာရှိ သူရစ်စာပရာခေါ် သစ်တောထူထပ်သည့် နေရာမှ ကျေးရွာတရွာတွင် ထိုစစ်ဘေးရှောင်များကို တွေ့ခဲ့ကြောင်း ရူမာအပ်ပါဇီလာ ခရိုင်ခွဲတွင် အခြေစိုက်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘန်ဒါဘန် ခရိုင် လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဦးဝင်းသိန်းက ဧရာဝတီသို့ ပြောသည်။
စစ်ဘေးရှောင်များ၏ အဆိုအရ တပ်မတော်သည် လွန်ခဲ့သော တပတ်အတွင်း ပလက်ဝအထက်ပိုင်းရှိ ခမောင်းဝ ကျေးရွာနှင့် ခင်သလင် ကျေးရွာများမှ နေအိမ်များကို မီးရှို့ခဲ့သည်ဟု သိရသည်။ ချင်းတိုင်းရင်းသား ၁၂၄ ဦး ပါသောအဖွဲ့သည် ဘန်ဒါဘန် ခရိုင် ရူမာမြို့နယ်သို့ တနင်္ဂနွေနေ့တွင် ရောက်ရှိလာသည်။ နောက်တနေ့တွင် ရွာများစွာမှ ရခိုင်တိုင်းရင်းသား ၁၂၆ ဦးပါဝင်သောအဖွဲ့သည် ထိုနေရာသို့ပင် ထပ်မံ ဝင်ရောက်လာသည်။
“အဲဒီနေရာကို ကားတွေ၊ လှေတွေနဲ့ သွားလို့မရဘူး။ တောကြမ်းလျှောက်တဲ့ နည်းနဲ့ပဲ သွားလို့ရတယ်။ ရူမာ မြို့နယ်ကနေ သွားရင် တနေ့နီးပါး ကြာတယ်” ဟု ဦးဝင်းသိန်းက ပြောသည်။
ရူမာဒေသခံများ၏ ကနဦးသတင်းများအရ စစ်ဘေးရှောင်များသည် မြန်မာနိုင်ငံ အနောက်ဖက်နယ်စပ်မှ ရီမာခရီသို့ ရောက်ရန် နှစ်ရက်ခန့် တောကြမ်းလျှောက်ခဲ့သည်ဟု သိရသည်။ ကယ်ဆယ်ရေး အဖွဲ့များသည် ရီမာခရီသို့ ကားဖြင့်မသွားနိုင်ဘဲ ရူမာမှ လှေဖြင့်သွားကာ သူရစ်စာသို့ ၆ နာရီအကြာ ခြေလျင် သွားကြရသည်။ ထားရန်နေရာ မရှိသောကြောင့် စစ်ဘေးရှောင်များကို ဒေသခံများက ဝင်ခွင့်မပေးပေ။
ထို့ကြောင့် စစ်ဘေးရှောင်များ အားလုံးသည် စမ်းချောင်းတခု အနီးတွင် အစားအစာ၊ တာပေါ်လင် သို့မဟုတ် စောင် လုံလောက်စွာ မရှိဘဲ နေထိုင်နေကြသည်။
ထိုအုပ်စုတွင် မွေးကင်းစ အနည်းငယ်အပါအဝင် ကလေးငယ် ၆၀ ခန့် ပါကြောင်း ဦးဝင်းသိန်းက ပြောသည်။ ဒုက္ခသည် များတွင် စောင်နှင့် အနွေးထည်လည်း မရှိကြပေ။ အနွေးထည် မရှိသောကြောင့် ကလေးများ နမိုးနီးယား ဖြစ်နိုင်ကြောင်းနှင့် ကလေး ၅ ဦးမှာ တနင်္လာနေ့မှ စတင်၍ သတိလစ်နေကြောင်း ဦးဝင်းသိန်းက ပြောသည်။
ရီမာခရီမှ ရူမာသို့ ပြန်ရောက်သောအခါ ကလေးများကိုကယ်ရန်နှင့် တခြား ဒုက္ခသည်များကို အရေးပေါ် ကုသမှုပေးရန် ဆရာဝန်များနှင့် အခြား ကယ်ဆယ်ရေး လုပ်သားများကို စေလွှတ်ခဲ့ကြောင်းလည်း သူက ဆက်ပြောသည်။
ထိုဒေသရှိ တောင်များတွင် ရာသီဥတု လွန်စွာအေးကြောင်း၊ မြန်မာနိုင်ငံ မြောက်ပိုင်းမှ ရှမ်းပြည်နယ်နှင့် မတူကြောင်း သူက ရှင်းပြသည်။
အကာအရံ လုံလောက်စွာ မရှိသောကြောင့် ဒုက္ခသည်များကို သူရစ်စာ ရွာအတွင်း ဝင်ခွင့်မပေးကြောင်းနှင့် ထိုတရွာလုံးသည် ရွှေ့ပြောင်း တောင်ယာနှင့် ရာသီစာ သစ်သီးစိုက်ပျိုးရေးကို မှီခိုနေရကြောင်း သူကပြောသည်။
“သူတို့မှာ ပိုင်ဆိုင်တာဆိုလို့ ဓားမနဲ့ ဝါးခြင်းတောင်းတွေပဲ ရှိတာတွေ့ရတယ်” ဟု သူက ဆိုသည်။
“အဲဒီနေရာမှာ ဆက်သွယ်ရေး ကွန်ရက်မရှိလို့ အခုဘာဖြစ်နေမယ် ဆိုတာ ကျနော်မသိဘူး” ဟု ဦးဝင်းသိန်းက ရှင်းပြသည်။
ရူမာမှ တခြား တက်ကြွလှုပ်ရှားသူ ဦးအေးထွန်းသည် ရခိုင်နှင့် ချင်း စစ်ဘေးရှောင်များကို တွေ့ရန် ရီမာခရီသို့ သွားရောက် ခဲ့သည်။ ဒုက္ခသည်များအတွက် စမ်းချောင်းအနီးတွင် သင့်တင့်သော ယာယီ အကာအရံ တည်ဆောက်ရန် တာပေါ်လင်များ ပို့ဆောင်နိုင်ရေးအတွက် စီစဉ်နေသည်ဟု သူက ဆိုသည်။
ထိုဒေသမှ မရမာတချို့က ဒုက္ခသည်များကို စားစရာပေးပြီး ကူညီနေသည်ဟု သိရသည်။ အာဏာပိုင်များသည် ဗုဒ္ဓဟူးနေ့အထိ ဒုက္ခသည်များ အတွက် လူသားချင်း စာနာမှုအကူအညီနှင့် အထောက်အပံ့ မပေးသေးပေ။ ထိုဒေသတွင် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်များ ရှိသော်လည်း ဒုက္ခသည်များကို မြန်မာဘက်သို့ ပြန်ပို့ခြင်းမရှိပေ။ ဒေသခံ မရမာနှင့် တောင်ပေါ်လူမျိုးစု များသည် ရခိုင်နှင့် ချင်းတိုင်ရင်းသားများကို မစိမ်းလှဘဲ ကူညီလိုကြသည်ဟု ဦးအေးထွန်းက ပြောသည်။
“အဲဒီလို တောထူတဲ့နေရာမှာ လူကြီးတွေတောင် အနွေးထည် မရှိရင် ကြာကြာနေလို့မရဘူး။ ကလေးတွေ စောင်မရှဘဲ မြေကြီးပေါ်အိပ်ရင် ဘာဖြစ်မလဲ စဉ်းစားကြည့်” ဟုလည်း ဦးအေးထွန်းက ပြောသည်။
မိသားစု ၄၀ ခန့်ရှိသော ကင်သလင်နှင့် အိမ်ခြေ ၆၀ ခန့်ရှိသော ခမောင်းဝ ကျေးရွာတို့ကို တပ်မတော် စစ်သားများက မီးရှို့ခဲ့ကြောင်း ဒုက္ခသည်များက သူ့ကို ပြောသည်ဟု ခရိုင်လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင် ဦးအေးသိန်းက ပြန်ပြောပြသည်။ ရွာများအနေဖြင့် ရွာလုံးကျွတ် မီးလောင်ခြင်းရှိမရှိ ဗုဒ္ဓဟူးနေ့အထိ မသိရသေးပေ။
စစ်ဘေးရှောင် ရခိုင်ရွာသားများသည် အနီးရှိ ကျောက်တော်နှင့် ပလက်ဝသို့ ပြေးလိုသော်လည်း တိုက်ပွဲများ ကြာရှည်လာသောကြောင့် နယ်စပ်ဖြတ်ကျော်ကာ ဘင်္ဂလားဒေ့ရှ်သို့ပြေးပြီး ၂ ရက်ကြာ တောကြမ်း ခရီးနှင် ခဲ့သည်ဟု ဆိုသည်။ ဘန်ဒါဘန် ခရိုင်သို့အလာ မြန်မာနယ်စပ်တွင် AA စစ်သားများကိုတွေ့ခဲ့ပြီး ထို စစ်သားများက သူတို့ကို ဆန်အနည်းငယ် ပေးခဲ့သည်ဟုဆိုသည်။
ဘင်္ဂလားဒေ့ရှ် အခြေစိုက် လူ့အခွင့်အရေးအဖွဲ့များ၏ ပြောကြားချက်များကို ဧရာဝတီ သတင်းဌာနက သီးခြား အတည်ပြုနိုင်ခြင်းမရှိခဲ့ပေ။ ရွာသားများ၏ စွပ်စွဲချက်များနှင့် ပတ်သက်ပြီး ဧရာဝတီက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ဗိုလ်မှူးချုပ်တဦးကို ဗုဒ္ဓဟူးနေ့က ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဖုန်းကိုင်ခြင်း မရှိပေ။
မြန်မာနယ်စပ်ရှိ ၎င်းတို့ထိန်းချုပ်ဒေသတွင် ပလက်ဝမှ စစ်ဘေးရှောင် ၁၂၀ ခန့်ကို စောင့်ရှောက်ထားကြောင်း AA ပြောခွင့်ရသူ ခိုင်သုခက ဧရာဝတီသို့ပြောသည်။ ထိုရွာသားများ၏ ပြောဆိုချက်များအရ တိုက်ပွဲများ ဖြစ်ပွားချိန်မှ စတင်ပြီး စစ်ဘေးရှောင်များသည် ဖရိုဖရဲဖြစ်နေပြီး မိသားစုများလည်း ကွဲနေကြောင်း သူက ပြောသည်။
မကြာသေးမီ ရက်များအတွင်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များသည် မြန်မာသံအမတ်ကို အနည်းဆုံး ၂ ကြိမ် ဆင့်ခေါ်ပြီး ဘန်ဒါဘန်ခရိုင်သို့ ဒုက္ခသည်သစ်များ ရောက်ရှိမှုကို ဆွေးနွေးခဲ့သည်ဟု ဦးအေးသိန်းက ပြောသည်။
မြန်မာနိုင်ငံသည် ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာ ဒုက္ခသည် ၈ သိန်းခန့်ကို ပြည်လည်လက်ခံခြင်း မရှိသေးဘဲ တိုင်းရင်းသား များကို ထပ်မံမောင်းထုတ်နေကြောင်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက မြန်မာသံအမတ်ကို သတိပေးခဲ့သည်ဟု သူက ပြောသည်။
“မြန်မာစစ်တပ်က ဘင်္ဂလားဒေ့ရှ်အတွက် ပြဿနာတွေ ထပ်ဖန်တီးလို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက မြန်မာစစ်တပ်ကို တော်တော် ဒေါသထွက်နေပြီ” ဟု သူကပြောသည်။
လူ့အခွင့်အရေး ကာကွယ်သူ တဦးအနေဖြင့် ထိုဒေသသို့ ပေးပို့သည့် အကူအညီများကို မပိတ်ဆို့ရန် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များကို တိုက်တွန်းထားကြောင်း သူက ပြောသည်။ ဒုက္ခသည်များထံ ဆေးနှင့် အစားအစာ ပေးပို့နိုင်ခြင်းမရှိပါက အပူပိုင်း ရာသီဒေသမှ အအေးပိုင်း ရာသီဒေသသို့ မကြာမီကမှ ရောက်လာသည့် ကလေးများသည် သေနိုင်သော နမိုးနီးယား ရောဂါရနိုင်ကြောင်း သူက ပြောသည်။
(Moe Myint Hundreds of Arakanese, Chin Flee to Bangladesh as Army, AA Clash in Paletwa ကို ဆီလျော်အောင် ဘာသာပြန်သည်။)