ယနေ့မနက်ပိုင်းက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် မြစ်ဆုံစီမံကိန်းအပြီးသတ်ဖျက်သိမ်းပေးရေး ဆန္ဒပြ ရာတွင် ဦးဆောင်သူ ကချင်အမျိုးသမီး ဒေါ်ဂျာခေါန်ကို ငြိမ်းစုစီ ဥပဒေ ပုဒ်မ ၂၀ ဖြင့် တရားစွဲထားကြောင်း မြစ်ကြီးနားမြို့နယ် ရဲတပ်ဖွဲ့၊ ရဲမှူး မြင့်မိုးက ပြောသည်။
ဒေါ်ဂျာခေါန်သည် မြစ်ဆုံစီမံကိန်းအပြီးသတ်ဖျက်သိမ်းပေးရေး ဆန္ဒထုတ်ဖော်ရန် ဦးဆောင်သူများထဲမှ တဦး ဖြစ်သည်။
ရဲမှူးမြင့်မိုးက “သတ်မှတ်ထားတဲ့ စည်းကမ်းချက် အခန်း (၅) ပုဒ်မ ၁၀ မှာ ပြဌာန်းထားတဲ့ စည်းကမ်းချက်ရယ်၊ အခန်း (၄) မှာ ပုဒ်မ ၄ မှာ ငြိမ်းစုစီ တင်ပြီး ထည့်သွင်း မဖော်ပြထားတဲ့ အချက်တွေ စည်းကမ်းဖောက်ဖျက်တာ ၃ ချက် ရှိပါတယ်။ စည်းကမ်းနဲ့ မညီညွတ်လို့ ကျနော်တို့ က ငြိမ်းစုစီ ဥပဒေပုဒ်မ ၂၀ နဲ့ အရေးယူဖို့ လုပ်ထား ပါတယ်” ဟု ပြောသည်။
မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်မိုး ကိုယ်တိုင် တရားလိုလုပ်ကာ အမှုဖွင့်ထားသည်ဟု ဆိုသည်။
ငြိမ်းစုစီ ဥပဒေ၏ ပုဒ်မ (၄) တွင် ဆန္ဒထုတ်ဖော်ရန် ခွင့်ပြုမိန့်တောင်းခံပါက လျှောက်လွှာထဲတွင် ဟောပြောလိုသည့် အကြောင်းအရာ၊ ကြွေးကြော်သံများ၊ အချိန်အပိုင်းအခြား၊ ဟောပြောမည့် သူများ၏ ကိုယ်ရေးအချက်အလက်နှင့် ခွင့်ပြုမိန့်ပါ စည်းကမ်းများကို လိုက်နာမည်ဖြစ်ကြောင်း ခံဝန်ချက် ရေးရမည်ဟု ပြဌာန်းထားသည်။
ဆန္ဒထုတ်ဖော်ရန် ရဲတပ်ဖွဲ့ထံသို့ ခွင့်ပြုမိန့် တင်ရာတွင် မနောကွင်းအတွင်း ၉ နာရီမှ ၁၀ နာရီကြားတွင် လူစုမည်ဟု ရေးသားထား သော်လည်း လက်တွေ့တွင် ဟောပြောခြင်း၊ စသည့် အခမ်းအနား အစီအစဉ် ၁၀ ခုကို လုပ်ဆောင်ခဲ့သည်ဟု ရဲမှူးမြင့်မိုးက ပြောသည်။
ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၂ (ဇ) အရ စီတန်းလှည့်လည်ရာတွင် လက်ကိုင် အသံချဲ့စက်မှအပ အခြားအသံချဲ့စက်များ သုံးခြင်း မပြုလုပ်ရဟု ပါရှိသည်ကိုလည်း ဖောက်ဖျက်သည့်အပြင် ခွင့်ပြုတောင်းခံရာတွင် မပါသည့် “No Myitsone Dam” စာသားပါ ပိတ်စနဖူးစည်းများကို အသုံးပြုခဲ့ခြင်းကြောင့် ဖြစ်သည်ဟုလည်း သိရသည်။
ရဲမှူးမြင့်မိုးက “ကျနော် သူတို့ကိုလည်း အသိပေးထားပြီးပြီ။ သူတို့လည်း နားလည်ပါတယ်။ အသံချဲ့စက်တို့က သုံးမယ်ဆိုတဲ့ အနေအထားကို သိလို့ ခေါ်ပြောတယ်။ သူတို့ကလည်း သူတို့အခက်အခဲကို ပြောပြတယ်။ ကျနော်တို့ကလည်း ဥပဒေမှာ တားမြစ်ချက်တွေ ရှိတဲ့အတွက် ခွင့်ပြုပေးလို့ မရဘူးလို့ ခေါ်ပြောပြီးသားပါ” ဟုလည်း ပြောသည်။
ဒေါ်ဂျာခေါန်သည် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေနှင့်အညီ ဆန္ဒထုတ်ဖော်ခွင့် ပြုရန် ရဲစခန်းသို့ ခွင့်ပြုချက်တောင်းရာတွင် ဦးဆောင်သူ နေရာမှစာ တင်ထားသဖြင့် ၎င်းကို အမှုဖွင့်ရခြင်း ဖြစ်သည်ဟု သိရသည်။
ဒေါ်ဂျာခေါန်က “အကြောင်းကြားစာတော့ ရောက်တယ်ရှင့်။ ကျမတို့က လူအများနဲ့ဆိုတော့ လော်စပီကာကိုင်တာ အသံချဲ့စက် သုံးတာက လူအများကို ထိန်းဖို့က သုံးရမှာ။ No Myitsone Dam ခေါင်းစည်းက ခွင့်ပြုချက် တင်ထားတဲ့ စာသားနဲ့ အတူတူပဲ အဓိပ္ပာယ်လည်း တူတယ်ဆိုပြီး ကျမတို့က သုံးတာပါ” ဟု ပြောသည်။
ယခုဆန္ဒထုတ်ဖော်သည့် အကြောင်းရင်းမှာလည်း နိုင်ငံနှင့် ကချင်လူမျိုးများ အတွက် အရေးကြီးသည့် မြစ်ဆုံစီမံကိန်းကိစ္စ ဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့ဘက်မှ အမှုဖွင့်သည့် အကြောင်းပြချက်များမှာလည်း ထွေထွေထူးထူး အချက်များ မဟုတ်ဟု ဒေါ်ဂျာခေါန်က ဆိုသည်။
မြစ်ကြီးနားမြို့နယ်၊ ရဲတပ်ဖွဲ့မှူး ရဲမှူး မြင့်မိုးမှ တရားစွဲဆိုလိုက်သည့် ငြိမ်းစုစီ ဥပဒေပုဒ်မ ၂၀ သည် အပြစ်ကျူးလွန်ကြောင်း ထင်ရှားပါက ၁ လထက် မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ကျပ်တသောင်းထက် မပိုသော ငွေဒဏ်ဖြစ်စေ ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဌာန်းထားသည်။
ယနေ့ မနက်ပိုင်းက ဆန္ဒထုတ်ဖော်ရာတွင် ကချင်ဘာသာရေး ခေါင်းဆောင်များ၊ ဗုဒ္ဒဘာသာဘုန်းတော်ကြီးများ၊ ကချင်နိုင်ငံရေးပါတီ ခေါင်းဆောင်များ၊ ကချင်အရပ်ဘက်အဖွဲ့အစည်းများ၊ တတ်ကြွလှုပ်ရှားသူများ၊ မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့မှ ဒေသခံများ ထောင်နဲ့ချီ ပါဝင်ခဲ့ကြသည်။
ဆန္ဒထုတ်ဖော်ကြသူများက မနက် ၈ နာရီတွင် မြစ်ကြီးနားမြို့၊ စီတာပူ ရပ်ကွက်ရှိ မနောင်ကွင်းတွင်စုဝေးကာ ဘာသာရေးခေါင်းဆောင်များ၊ တတ်ကြွလှုပ်ရှားသူများက ဟောပြောပွဲ ပြုလုပ်ပြီး မြို့ကို စီတန်းလှည့်လည် လမ်းလျှောက်ခဲ့သည်။
ဆန္ဒထုတ်ဖော်သူများက မြန်မာ၊ အင်္ဂလိပ်၊ တရုတ် ၃ ဘာသာဖြင့် ရေးသားထားသည့် မြစ်ဆုံစီမံကိန်းကို ကန့်ကွက်ကြောင်း ဆိုင်းဘုတ်များ၊ “မြန်မာနိုင်ငံ၏ အသက်သွေးကြော ဧရာဝတီမြစ်ကို ရေကာတာ ဆောက်လုပ်ခြင်း အလိုမရှိ”၊ “မြစ်ဆုံမြစ်ညှာ မြစ်ဝှမ်းရေကာတာ စီမံကိန်းများ အပြီးအပိုင် ဖျက်သိမ်းရေး ဒို့အရေး”၊ “ဧရာဝတီမြစ်ကို လွတ်လပ်စွာ စီးဆင်းခွင့်ပေးပါ”၊ “ဧရာဝတီမြစ်ကြောင့် ရွေ့ပြောင်းနေရသူများကို နေရပ်ပြန်ခွင့်ပေးပါ” ဟူသည့် ဆိုင်းဘုတ်များကိုင်ကာ နဖူးတွင်လည်း “No Myitsone Dam”ဟူသည့် စာသားပါ ပိတ်စများ စည်းထား ကြသည်။
ဆန္ဒပြပွဲ ကျင်းပနေစဉ် ရဲမှူးမြတ်မိုးက အလျား ၄ လေ၊ အနံ ၃ လက်မရှိ “No Myitsone Dam” နဖူးစည်းပါ စာတမ်းများကို သုံးရန် ခွင့်မပြုထား သဖြင့် ကန့်ကွက်ကြောင်းလည်း စာပို့ခဲ့သည်။
ဆက်စပ်ဖတ်ရှုရန် – မြစ်ဆုံစီမံကိန်း အပြီးဖျက်သိမ်းပေးရန် မြစ်ကြီးနားတွင် ဆန္ဒပြ