သယံဇာတ တူးဖော်မှုမှ ရရှိသည့် ဝင်ငွေများ အပါအဝင် ပြည်ထောင်စုအဆင့် ဝန်ကြီးဌာန၊ အဖွဲ့ အစည်းများတွင် ထိန်းသိမ်းထား သည့် Other Account (OA) များကို အစိုးရက ဖျက်သိမ်းသင့်ပြီ ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) မှ လွှတ် တော် ကိုယ်စားလှယ်တဦးက ဧရာဝတီသို့ ပြောသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၇ ရက် နေပြည်တော် ပြည်သူ့လွှတ်တော်တွင် သဘာဝ သယံဇာတ တူးဖော်ခြင်းမှ ရရှိသည့် နိုင်ငံတော်၏ ဝင်ငွေများကို နိုင်ငံသား များသို့ ပွင့်လင်းမြင်သာစွာ ချပြပြီး ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေသို့ အလုံးစုံ ဝင်ရောက်နိုင်ရေး အစီအမံများ မည်သို့ ဆောင်ရွက် ထားသည်ကို သိရှိလိုကြောင်း မေးခွန်းကို NLD ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်သက်သက်ခိုင်က မေးမြန်းခဲ့သည်။
၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလက ပြည်သူ့ လွှတ်တော်တွင် ၎င်းတင်သွင်းသည့် သဘာဝ သယံဇာတ တူးဖော်ခြင်းဆိုင်ရာ လုပ်ငန်းများ ပွင့်လင်း မြင်သာမှုရှိရေး၊ ယင်းကဏ္ဍမှ ရရှိသည့် ဝင်ငွေအားလုံး နိုင်ငံတော် ဘတ်ဂျက်ထဲသို့ ထည့်သွင်းရေးအတွက် အစိုးရအား တိုက်တွန်းကြောင်း အဆိုကို အတည်ပြုနိုင်ခဲ့သော်လည်း သိသာထင်ရှားသည့် ပြောင်းလဲမှု မတွေ့ရ၍ ယခုလို ထပ်မံ မေးခွန်း ထုတ် ရခြင်း ဖြစ်ကြောင်း ဒေါ်သက်သက်ခိုင်က ဧရာဝတီသို့ ပြောသည်။
လွှတ်တော်တွင် အဆိုတခု အောင်မြင်ပါက ကတိကဝတ် ဖြစ်သွားပြီး အစိုးရ မဖြစ်မနေ အကောင်အထည်ဖော်ရမည်ဟု လွှတ်တော် ဥပဒေများတွင် ရှိကြောင်း၊ ယခု ယင်းအဆို အောင်မြင်ခဲ့သည်မှာ ၁၄ လ ကြာပြီ ဖြစ်သော်လည်း သိသာ ထင်ရှားသည့် ပြောင်းလဲမှု မတွေ့ ရသေးဟု သိရသည်။
“ဘာလုပ်ရမှာလဲဆိုရင် OA လို့ ခေါ်တဲ့ Other Account တွေက နိုင်ငံတကာမှာလည်း မရှိဘူး။ အရင်ကလည်း မရှိခဲ့ဘူး။ ၂၀၁၃-၁၄ ခုနှစ်ကျမှ စပြီး ရှိခဲ့တာ။ ဒီ Other Account တွေကို ဖျက်သိမ်းသင့်တယ်လို့ ကျမက ယူဆပါတယ်”ဟု ဒေါ်သက်သက်ခိုင်က ပြော သည်။
၎င်းအဆို တင်ခဲ့စဉ်က မေးခွန်းဖြစ်သည့် သယံဇာတ ဝင်ငွေများအားလုံး နိုင်ငံတော် ဘတ်ဂျက်ထဲသို့ အကုန်ရောက်သွားပြီလား၊ ကျန်နေသေးလားဆိုသည့် ကိစ္စမှာ ယနေ့အချိန်ထိ မရှင်းလင်းသေးဟု ဆိုသည်။
ဒေါ်သက်သက်ခိုင်က“အဲဒါ မရှင်း၊ မရှင်း ဖြစ်နေတာ။ ဝန်ကြီးကတော့ သဘာဝ သယံဇာတတွေကနေ တူးဖော်ထုတ်လုပ်ပြီး ရရှိတဲ့ နိုင်ငံတော်ရဲ့ စီးပွား ရေး လုပ်ငန်းတွေကနေပြီးတော့ ဝင်နေတယ်လို့တော့ ပြောတယ်။ ဘယ်လောက်ဝင်တာလဲ။ ဘယ်လောက်ကျန်တာလဲ။ ဒါကို စာရင်းအင်းနဲ့တကွ အတိအကျ သိချင်တာ”ဟု ဆက်လက် ပြောကြားသည်။
၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အစိုးရက ပြည်ထောင်စု လွှတ်တော်ကို တင်သွင်းသည့် ၂၀၁၈၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေ ရသုံး ဆိုင်ရာ ဥပဒေကြမ်းအရ မြန်မာနိုင်ငံတွင် Other Account (OA) ထားရှိ အသုံးပြုခွင့်ရသည့် နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်း (SOEs) ၂၅ ခု ရှိပြီး ၎င်းတို့တွင် ကျပ်သန်းပေါင်း ၁၁,၅၇၇,၆၀၀ ရှိနေသေးကြောင်း သိရသည်။
ယင်းငွေများသည် အမေရိကန် ဒေါ်လာ ၉ ဘီလီယံခန့်နှင့် ညီမျှပြီး ယခင်က သဘာဝ သယံဇာတ တူးဖော်ခြင်းလုပ်ငန်း အပါအဝင် ကျန်လုပ်ငန်းမှ ဝင်ငွေ အားလုံးကို တိုင်းပြည်ဘဏ္ဍာထဲသို့ တိုက်ရိုက်မထည့်သွင်းဘဲ Other Account များ ဖွင့်လှစ်၍ ထားရှိခဲ့ရာမှ ပြည်သူ့လွှတ်တော်၏ တိုက်တွန်းမှုဖြင့် နိုင်ငံတော် ဘတ်ဂျက်ထဲသို့ ပြန်ရောက်ရှိမည့် အခြေအနေမျိုး ဖြစ်လာခဲ့သည်။
ပြည်သူ့လွှတ်တော် ရင်းနှီးမြုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ ဖြိုးတိုးတက်ရေး ကော်မတီ အတွင်းရေးမှူး ဦးအောင်ကျော်ကျော်ဦးက “တချို့ လုပ်ငန်းတွေက OA အကောင့်ဖွင့်ပြီး သီးခြား ထားထားတာ။ ကိုယ့်ဘာသာကိုယ် လည်ပတ်နေတာတွေ ရှိတယ်။ နိုင်ငံတော် မထောက်ပံ့ဘူး။ သူတို့ဟာ သူတို့ ရတဲ့အမြတ်ကို ပြန်စုပြီး ပြန်လုပ်ရတာ။ အဲဒါကို အကောင့်တခု ဖွင့်ထားတာ။ အဲလို လုပ်ငန်းမျိုးက ကုန်ကြမ်း ပြန်ရင်းနှီးရမယ်ဆိုရင် ထားသင့်တယ်။ သယံဇာတက ရတဲ့ ဝင်ငွေကတော့ OA မထားသင့်ဘူး”ဟု ပြောသည်။
သယံဇာတ တူးဖော်ခြင်း လုပ်ငန်းမှ ရရှိသည့် နိုင်ငံတော်၏ ဝင်ငွေများကို နိုင်ငံသားများကို ပွင့်လင်းမြင်သာစွာ ချပြလျက်ရှိကြောင်း နှင့် ထိုဝင်ငွေများသည် ပြည်ထောင်စု ဘဏ္ဍာ ရန်ပုံငွေသို့ အလုံးစုံ ဝင်ရောက်ပြီး ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဒုဝန်ကြီး ဦး မောင်မောင်ဝင်းက ယနေ့ လွှတ်တော်တွင် ပြန်လည် ရှင်းလင်းခဲ့သည်။
“နိုင်ငံပိုင် စီးပွားရေး အဖွဲ့ အစည်းတွေရဲ့ Other Account (OA) စာရင်းတွေနဲ့ ပတ်သက်တဲ့ စာရင်းသဘောအရ လက်ကျန်ငွေများ ကို မည်သို့ ဆက်လက်ဆောင်ရွက်သင့်သည်ကို နိုင်ငံတော် စီးပွားရေးရာ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီမှာ ဆွေးနွေးသုံးသပ်လျက် ရှိပါတယ်”ဟု ၎င်းက ပြောသည်။
နိုင်ငံတော် စီးပွားရေးရာ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီဆိုသည်မှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင်နေသည့် ကော်မတီတခု ဖြစ်သည်။ OA စာရင်းများသည် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေအောက်တွင်သာ ရှိကြောင်း၊ Budget Law နှင့်အညီသာ သုံးရကြောင်း စီမံ/ဘဏ္ဍာ ဝန်ကြီးဌာနမှ သိရသည်။
“Other Account ထဲက ပိုက်ဆံတွေက ပြည်ထောင်စု ဘဏ္ဍာ ရန်ပုံငွေထဲကို ဝင်တယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ ဘာမှ သိပ်မလုပ်ဘူး ဖြစ်နေတာ။ တကယ်တော့ မှားနေတာက Other Account ရှိခြင်းကိုက မှားနေတာ။ ဒီ Other Account တွေ ပိတ်သိမ်းချင်ရင် လွယ်ပါတယ်။ ဒီ ၁၄ လ စောင့်စရာ မလိုပါဘူး။ ကျမ အခု မေးတဲ့အထိကို Other Account ပိတ်သိမ်းဖို့ စီစဉ် ဆောင်ရွက်နေပါတယ် ဆိုတဲ့ အဖြေကို မရဘူးပေါ့နော်”ဟု ဒေါ်သက်သက်ခိုင်က ပြောသည်။
Other Account တွေကို ပိတ်သိမ်းလိုက်ပြီးပါက လိုအပ်သည့် အမိန့် ညွှန်ကြားချက်များ ထုတ်ရမည် ဖြစ်ပြီး သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက် ၂၀၁၃ ခုနှစ်က အမိန့်ညွှန်ကြားချက်များ ထုတ်ပြန်ပြီး Other Account များ ပေါ်ပေါက်လာခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။
အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ခွန်ဝင်းသောင်းက “တချို့ နိုင်ငံပိုင် အဖွဲ့ တွေက Other Account နဲ့ လည်ပတ်နေ ရတာ ရှိတယ်။ အကုန် နားမလည်တော့ ဖျက်သိမ်းဖို့ အထိတော့ မပြောချင်ဘူး။ လိုအပ်လို့ လုပ်ရတာတွေလည်း ရှိတယ်။ OA နဲ့ ပတ်သက်ပြီး အစိုးရက ထပ်ရှင်းလင်းရမှာတွေ အများကြီး ရှိသေးတယ်။ တခုပဲ ကျနော်တို့ စာရင်းစစ်ချုပ်ကိုတော့ အားကိုးမှ ရမယ်”ဟု ပြောသည်။
Other Account ရှိနေသည့် နိုင်ငံပိုင် အဖွဲ့အစည်းများအနက် ကိုယ်ပိုင်ရန်ပုံငွေဖြင့် လည်ပတ်နေသည့် လုပ်ငန်များမှာ သတင်းနှင့် စာနယ်ဇင်း လုပ်ငန်း၊ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း၊ မြန်မာ့ သစ်လုပ်ငန်း၊ အမှတ် ၁ သတ္တုတွင်းလုပ်ငန်း၊ အမှတ် ၂ သတ္တုတွင်း လုပ်ငန်း၊ မြန်မာ့ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊ မြန်မာ့ ပုလဲ ထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေး လုပ်ငန်းနှင့် မြန်မာ့ ရေနံ နှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်းတို့ ဖြစ်ကြောင်း ငွေစာရင်း ကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထို့ပြင် အခြား လုပ်ငန်း ၁၁ ခု ဖြစ်သည့် ပြည်တွင်း ရေကြောင်းပို့ဆောင်ရေး၊ မြန်မာ့ မီးရထား၊ ကုန်လမ်း ပို့ဆောင်ရေး၊ မြန်မာ့ စာ တိုက်လုပ်ငန်း၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ မြန်မာ့ရေနံ ဓာတုဗေဒလုပ်ငန်း၊ မြန်မာ့ ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်း၊ အမှတ် ၃ အကြီးစား စက်မှုလုပ်ငန်း၊ အမှတ် ၂ အကြီးစား စက်မှု လုပ်ငန်း၊ အမှတ် ၃ အကြီးစား စက်မှုလုပ်ငန်းနှင့် မြန်မာ့ ဆေးဝါး လုပ်ငန်းတို့မှာ ပြည်ထောင်စု ရန်ပုံငွေကို ရရှိအသုံးပြုနေသလို Other Account ရှိသည့် လုပ်ငန်းများ ဖြစ်သည်။
အထက်ပါ Other Account များ အားလုံးကို မြန်မာ့ စီးပွားရေးဘဏ်တွင် အပ်နှံ ဖွင့်လှစ်ထားခြင်း ဖြစ်ရာ မြန်မာ့ စီးပွားရေးဘဏ်၏ ဘဏ္ဍာရေး ရှင်းတမ်းကိုလည်း ထုတ်ပြန်ပေးရန် လွှတ်တော်ကိုယ်စားလှယ်က ဆက်စပ်မေးခွန်းမေး၍ တောင်းဆိုသည့်အခါ စီမံ ကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနက ယင်းဘဏ်များကို ဗဟိုဘဏ်က ထိန်းကျောင်းနေခြင်း ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
“ကျမတို့ကို Citizen Budget မှာ ပါတယ်တို့ ဘာတို့ ဆိုပြီး ပေးတာကတော့ နည်းနည်းတော့ လုံးသုတ်ထားတာပေါ့။ ဘယ် နိုင်ငံတော် အဖွဲ့ အစည်းကနေ ဘယ်လောက်ရတယ်။ ဘယ်သူ့အကောင့်မှာ ဘယ်လောက်ကျန်သေးတယ် ဆိုတာကို စာရင်းချုပ်ကို ကျမတို့ မသိရဘူး။ ပြည်ထောင်စု လွှတ်တော်ကို တင်ပြလို့ ရှိရင် ပြည်သူကို တင်ပြတာနဲ့ အတူတူပဲလေ။ အဲဒီ စာရင်းချုပ်ကို သိချင်တယ်”ဟု ဒေါ်သက်သက်ခိုင်က ပြောသည်။