မန္တလေးတိုင်း ကျောက်ဆည် ခရိုင် စဉ့်ကိုင်မြို့နယ် ပလိပ်အင်း အတွင်း လာရောက်သော ဆောင်းခို ငှက်များအား အဆိပ်ချ ဖမ်းဆီးခြင်း အပေါ် ဥပဒေ အရ အရေးယူသွားရန် အစီအစဉ် ရှိကြောင်း ကျောက်ဆည် ခရိုင် သစ်တော ဦးစီးမှူး ဦးချစ်ဦးက ဧရာဝတီကို ပြောသည်။
ယခု အပတ်အတွင်း ပလိပ်အင်း၌ ဆောင်းခိုငှက်များအား ပိုတက်ဆေး (လည်ပြတ် အဆိပ်ဆေး) ဟု ခေါ်သော ပိုတက်ဆီယမ် ဆိုင်ယမ်နိုက်(Potassium Cyanide)ကို ငှက်အစာများနှင့် ရောနှော၍ ငှက်များ နားခိုရာ လမ်းတ လျှောက် ချထားပြီး ဖမ်းဆီးမှုများကြောင့် အဆိပ်မိ သေဆုံးသည့် ငှက်ကောင်ရေ အနည်းဆုံး ၅၀ ကျော်ရှိကြောင်း သိရသည်။
ဦးချစ်ဦးက “လောလောဆယ်တော့ ဒေသခံတွေကို ဒီလို မပြုလုပ်ကြဖို့ အသိပညာ ပေးတာမျိုးပဲ ဦးစားပေး လုပ်နေပါတယ်။ ဒီလို အသိပညာ ပေးတာကိုမှ မလိုက်နာဘဲ ဆက်လက် ဖမ်းဆီးတာမျိုး လုပ်မယ် ဆိုရင်တော့ ဥပဒေကြောင်း အရ ထိထိ ရောက်ရောက် အရေးယူသွားဖို့ ရှိပါတယ်” ဟု ပြောသည်။
ဖေဖော်ဝါရီ ၆ ရက်တွင် စဉ့်ကိုင် မြို့နယ် ပလိပ်အင်း အနီးရှိ ရွာများအား သစ်တော ဦးစီးဌာနက ဦးဆောင်၍ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး၊ ရဲတပ်ဖွဲ့၊ ရပ်ရွာ အုပ်ချုပ်ရေး တို့က ပူးပေါင်း၍ သားငှက် ထိန်းသိမ်းရေး ပညာပေး ဟော ပြော ခြင်း ဆောင်ရွက်ခဲ့ပြီး နီးစပ်ရာ ရွာများတွင်လည်း ကွင်းဆင်း ဆောင်ရွက်သွားရန် အစီအစဉ်ရှိသည်ဟု ၎င်းက ဆို သည်။
ထိုသို့ အဆိပ်မိ သေဆုံးသည့် ဆောင်းခိုငှက်များတွင် ကမ္ဘာ၌ အကောင်ရေ ရာဂဏန်းခန့်သာ ကျန်တော့သည့် ရှားပါး မျိုးစိတ် ငှက်မျိုး တချို့လည်း ပါဝင်ရာ အဆိုပါ ငှက်များ အဆိပ်ချ အဖမ်းခံရခြင်း အပေါ် သက်ဆိုင်ရာ တာဝန်ရှိ ဌာန များက ထိထိရောက်ရောက် ကိုင်တွယ် အရေးယူရန် လိုကြောင်း သားငှက်တရိစ္ဆာန် လေ့လာသူများက ပြောဆိုသည်။
သားငှက် ထိန်းသိမ်းရေး အဖွဲ့ (WCS) မှ ဦးသက်ဇော်နိုင်က “ရှားပါး မျိုးစိတ် သားငှက်တွေကို မျိုးသုဉ်း ပျောက်ကွယ် မှာ စိုးလို့ တကမ္ဘာလုံးက ထိန်းသိမ်းနေကြပါပြီ။ ကျနော်တို့ဆီမှာ ဒီသားငှက် တွေကို အကာအကွယ် ပေးထားတဲ့ ဥပဒေ တွေလည်း ရှိပြီးသားပါ။ ဒါကို တာဝန်ရှိသူတွေက ကြပ်ကြပ်မတ်မတ် ဆောင်ရွက်မယ်ဆိုရင် လုံးဝ မပျောက်ကွယ် ဘူး ဆိုရင်တောင် အခုလို ဖမ်းဆီးမှုတွေ တော်တော်တော့ လျော့ကျသွားမှာပါ” ဟု ဧရာဝတီကို ပြောသည်။
မြန်မာနိုင်ငံတွင် သစ်တော ဥပဒေ အရ ရှားပါး မျိုးစိတ် အဖြစ် သတ်မှတ်ထားသော ငှက်မျိုးပေါင်း ၁၀၀ ကျော် ရှိရာ ၎င်းတို့ကို ခွင့်ပြုချက် မရှိဘဲ အမဲလိုက်ပါက ပြစ်ဒဏ်အားဖြင့် ထောင်ဒဏ် ၃ နှစ် အထိ ကျခံနိုင်သည် ဟု ၁၉၉၄ ခုနှစ် သစ်တော ဥပဒေတွင် ပြဋ္ဌာန်းထားသည်။
သားငှက်လေ့လာသူများ၏ ပြောပြချက် အရ ထိုသို့ ငှက်များအား အဆိပ်ချ ဖမ်းဆီးသူ အများစုသည် စားဝတ် နေရေး အတွက် မရှိမဖြစ် လုပ်ကိုင်ခြင်း မဟုတ်ဘဲ အလေ့အထ အရသော်လည်းကောင်း၊ ဈေးကွက်အတွင်း ငှက်စားသုံးမှု များ ရှိခြင်းကြောင့် ယာယီ ဝင်ရောက် လုပ်ကိုင်သူများ ဖြစ်သည် ဟု ဆိုသည်။
ယခင်က ငှက်များအား ပိုက်ဖြင့် ဖမ်းဆီး သတ်ဖြတ်ပြီး ဈေးကွက်သို့ ရောင်းချကြသော်လည်း ယခုနှစ်ပိုင်း အတွင်း အဆိပ်ချ ဖမ်းဆီးခြင်း၊ စားသုံးမည့် ဈေးကွက်သို့ ရောင်းချခြင်းမှာ ပို၍ များလာခြင်းနှင့် ယခင်က ညအချိန်မှသာ ပြု လုပ်ကြသော်လည်း ယခုအခါ နေ့အချိန်များတွင်ပါ အင်းအတွင်း လာရောက် အဆိပ်ချ ဖမ်းဆီးမှုများ ပြုလာကြောင်း သိရသည်။
ပလိပ်အင်း အတွင်း ငှက်များကို ဓာတ်ပုံရိုက် လေ့လာသူ တဦးက “သံသယရှိလို့ တာဝန်ရှိတဲ့သူက ခေါ်မေးရင် တောင် ပြန်ရန်လိုတဲ့ အပြုအမူတွေ တွေ့လာရတယ်။ အင်းအစောင့်ကလည်း သူ့ လုံခြုံရေး အရ မပြောရဲတာတွေ ရှိတော့ ပို အတင့် ရဲလာတဲ့ သဘော ဖြစ်လာတယ်” ဟု ဧရာဝတီကို ပြောသည်။
ရှားပါးမျိုးစိတ် ငှက်များ အပါအဝင် ဆောင်းခိုငှက်များအား အဆိပ်ချ ဖမ်းဆီးခြင်း၊ သတ်ဖြတ် ရောင်းချခြင်းအား တာဝန်ရှိ ဌာနက ရှောင်တခင် စစ်ဆေးခြင်း၊ အဖြစ်များသည့် နေရာများတွင် ပုံမှန် စစ်ဆေးခြင်း စသည့် ရေတို ရေရှည် နည်းလမ်းများနှင့်သာ ကိုင်တွယ်သင့်ကြောင်း ၎င်းက ဆိုသည်။
သစ်တောဦးစီးမှူး ဦးချစ်ဦးက “ကျနော်တို့ဆီက ဒေသခံ အချို့က ငှက်ဆိုရင် ဖမ်းဆီး သတ်ဖြတ်ပြီး စားရမယ် ဆိုတဲ့ အလေ့အကျင့်က အခုထိ မပြောင်းကြသေးဘူး။ ဒါတွေကို ပြောင်းနိုင်ဖို့ အတွက် လည်း ပညာပေး လုပ်ငန်းကို ဦးစား ပေး လုပ်ရတာ ဖြစ်သလို ကျနော်တို့ ဌာနတွေ အနေနဲ့ကျတော့ စီမံခန့်ခွဲခွင့် အပိုင်းမှာ အခက်အခဲ ကိစ္စလေးတွေ ရှိနေတော့ ထင်သလောက် သွားလို့ မရတာလေးတွေ ရှိနေပါတယ်” ဟု ပြောဆိုသည်။
ပလိပ်အင်းသည် ပုဂ္ဂလိကသို့ ငါးဖမ်းခွင့် လေလံပေးထားသည့် အင်းတခုလည်း ဖြစ်ကာ ယင်းအင်းကို ငါးလုပ်ငန်း ဦးစီး ဌာနက စီမံခန့်ခွဲပြီး သဘာဝ ထိန်းသိမ်းရေး နယ်မြေ အဖြစ် သတ်မှတ်ထားသည့် အင်းများကိုသာ သစ်တော ဦးစီး ဌာနက စောင့်ရှောက် ကွပ်ကဲရကြောင်း ၎င်းက ဆိုသည်။
သို့ရာတွင် ယခု ကိစ္စသည် ငှက်များ အစုလိုက် သေဆုံးခြင်း ဖြစ်သည့် အတွက် သစ်တော ဦးစီးဌာနက ဦးဆောင်၍ ပညာပေး လုပ်ငန်းများ ဆောင်ရွက်ခြင်း ဖြစ်သည်ဟု ဦးချစ်ဦးက ပြောသည်။
သားငှက်စောင့်ကြည့် လေ့လာသူများ အဆိုအရ အဆိပ်ချ သတ်ဖြတ်ခံရသည့် ငှက်များတွင် Ferruginous Duck လည်း ပါဝင်သလို ကမ္ဘာတွင် အကောင်အား ဖြင့် ၁၅၀မှ ၅၀၀ အကြားသာ ရှိတော့သည့် Baer Pochard ဆိုသည့် ငှက်တမျိုးလည်း ပါဝင်ကြောင်း သိရသည်။