အမေရိကန်နှင့် မြောက်ကိုရီးယားတို့ ဒုတိယအကြိမ် ထိပ်သီးအစည်းအဝေး ဗီယက်နမ်၌ ကျင်းပခြင်း ကြောင့် အိမ်ရှင် အတွက် တောင်တရုတ်ပင်လယ်၌ ၎င်း၏ ရေပိုင်နက် ခိုင်မာစေရေး အင်အားကြီး အိမ်နီးချင်း တရုတ်ကို ဆန့်ကျင်၍ နိုင်ငံ တကာသံတမန် ဆက်ဆံရေးကဏ္ဍ မြှင့်တင်ရန် မျှော်မှန်း ထားကြောင်း သိရသည်။
လာမည့် ဖေဖေါ်ဝါရီ ၂၇ရက်နှင့် ၂၈ရက်နေ့ ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့တွင် ကျင်းပမည့် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် နှင့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းတို့ တွေ့ဆုံမှုတွင် အမေရိကန် က မြောက်ကိုရီးယားဘက်မှ နျူကလီးယား စွန့်လွှတ်ရန် သဘောတူညီမှု ရရန်လိုလား သကဲ့သို့ မြောက်ကိုရီးယားကလည်း တောင်ကိုရီးယားရှိ အမေရိကန်တပ်များ ထံမှ နျူကလီးယားဖယ်ရှား ပေးရန်လည်း အာသီသရှိနေသည်။
ဗီယက်နမ်အတွက်မူ သမိုင်းနောက်ခံအရ အမေရိကန်နှင့် ထိပ်တိုက်တွေ့ခဲ့ပြီး ကွန်မြူနစ် နိုင်ငံရေး စနစ်အောက်တွင် ရှင် သန်နေသည့် လွတ်လပ်သော ဈေးကွက်စီးပွားရေးကို ၎င်းကိုယ်ပိုင်ဟန်ဖြင့် အသွင်ကူးပြောင်းနိုင်ခဲ့သည့်အချင်းအရာက ယခု ထိပ်သီး အစည်းအဝေး လက်ခံကျင်းပနိုင်ရေး အတွက် ကြီးစွာသောအဓိပ္ပါယ်ဖော်ဆောင်ခဲ့လေသည်။
“ဗီယက်နမ်ကို ရွေးခြင်းဟာ အခု ခေါင်းဆောင် နှစ်ဦးတို့ ရန်သူကို မိတ်ဆွေအဖြစ်ပြောင်းပြီး ကမ္ဘာကြီးကို ပိုကောင်းတဲ့ နေရာတခု အတူ လက်တွဲ တည်ဆောက်ကြဖို့ ဆိုတဲ့ အားကောင်းတဲ့ မဟာဗျူဟာ သတင်းစကား ကမ္ဘာကို ချပြလိုက်တာ ပဲဖြစ်ပါတယ်။ ဒီနေရာမှာ ခေါင်းဆောင်တွေက အမေရိကန်-ဗီယက်နမ်ဆက်ဆံရေးကို နမူနာယူဖို့ ပြလိုက်တာလည်း ဖြစ်ပါ တယ်” ဟု စင်ကာပူ လီကွမ်ယူကျောင်းမှ ပြည်သူ့ရေးရာမူဝါဒ တွဲဖက်ပါမောက္ခ ဗူမင်ခေါင်က မှတ်ချက်ချသည်။
မည်သို့ပင်ဖြစ်စေ အတိတ်က ဗီယက်နမ်နိုင်ငံတွင် အမေရိကန် စစ်ရေးအရ ဝင်ရောက်စွက်ဖက် ခဲ့မှု သည် ယခုအခါ ထရမ့်၏ နိုင်ငံခြားရေး မူဝါဒ အောင်မြင်စေရေးအတွက် အစဉ်အလာကြီးသည့် စင်မြင့်တခုအဖြစ် တဖန်အာရုံစိုက်လာရပြန်သည်။
တပါတီစနစ် ကျင့်သုံးသည့် ကွန်မြူနစ် ဗီယက်နမ်သည် နိုင်ငံရေး ထိန်းချုပ်မှုနှင့် ထိရောက်သော လုံခြုံရေးယန္တရားတို့ကို ကျစ်လစ်စွာ ချဲ့ထွင်ခဲ့ပြီး နိုင်ငံအလယ်ပိုင်းကမ်းရိုးတန်းမြို့ဖြစ်သည့် ဒါနန်း တွင် အာရှ-ပစိဖိတ်စီးပွားရေးပူးပေါင်း အစည်း အဝေး(APEC)နှင့် မြို့တော်ဟနွိုင်းတွင် ကမ္ဘာ့စီးပွား ရေး ဖိုရမ်တို့်ကို ဒေသတွင်းအဆင့်အဖြစ် ယမန်နှစ်က အောင်မြင်စွာ လက်ခံကျင်းပပေးနိုင်ခဲ့သည်။
“စင်ကာပူလိုမျိုး သူတို့ နောက်ထပ် တွေ့လိုက်တဲ့နေရာကတော့ ဗီယက်နမ်ဖြစ်ပြီး အင်မတန်လုံခြုံတဲ့ နေရာဖြစ်နေတာပါပဲ” ဟု ဝါရှင်တန်ရှိ မဟာဗျူဟာနှင့်နိုင်ငံတကာလေ့လာရေးဌာနမှ အရှေ့တောင် အာရှ အစီအစဉ် ဝါရင့်တွဲဖက်ပညာရှင် မော်ရေးဟီးဘတ်က ပြောသည်။
“ဗီယက်နမ်ရဲ့လုံခြုံရေးရဲတွေက စပ်စုတတ်တဲ့ လူအုပ်ကြီးကို ရှင်းနိုင်တယ်။ သတင်းထောက်တွေကို စနစ်တကျ ကန့်သတ်ဧရိယာမှာ ထိန်းထားနိုင်တယ်” ဟု သူက ဆိုသည်။
၂၀၁၇ ခုနှစ် APEC အစည်းအဝေးသို့ သမ္မတထရမ့် တက်ရောက်ခဲ့သည့် အဓိပ္ပါယ်မှာ “ဗီယက်နမ်နှင့် သူနှင့် အကျွမ်းတဝင် ဖြစ်ကြောင်းနှင့် ဗီယက်နမ်ခေါင်းဆောင်များနှင့်ဆက်ဆံရေးကောင်းမွန်ကြောင်း” ပြသလိုက်ခြင်းဖြစ်သည်ဟု ဟီးဘတ်က ပြောသည်။
ဗီယက်နမ်သည် ကင်မ်ဂျုံအန်းအတွက်လည်း ရင်းနှီးဖော်ရွေသောအခင်းအကျင်းရှိပြီး၊ မြောက်ကိုရီး ယားက စစ်အေး ကာလက အထီးကျန်နေခဲ့မှုဖြင့် စိုးရွံ့နေခဲ့လင့်ကစား ဗီယက်နမ်ကတော့ စစ်အေး ခေတ်အပြီး ကမ္ဘာ့စီးပွားရေးနှင့် ကူးလူး ဆက်ဆံနိုင်အောင် လမ်းကြောင်းဦးတည်ခဲ့သည်။
၎င်းတို့ ကွန်မြူနစ် နှစ်နိုင်စလုံးသည် အရင်းရှင်ဆန့်ကျင်ရေးကြိုးပမ်းမှုရှိပြီး အိမ်နီးချင်းဖြစ်နေသည့် တရုတ်အပေါ်တွင်မူ မတင်မကျဆက်ဆံရေးရှိခဲ့သည်။
“ဗီယက်နမ်နဲ့ မြောက်ကိုရီးယားဟာ ကွန်မြူနစ ညီနောင်ချင်း ဆက်ဆံရေးမျိုးနဲ့ နေခဲ့တာကြာပါပြီ။ ဒါကြောင့် မြောက်ကိုရီး ယား ဟာ ဒီတိုင်းပြည်၊ ဒီခေါင်းဆောင်တွေနဲ့ တရင်းတနှီးပါပဲ။ ကင်ရဲ့ လုံခြုံရေးအတွက် ဗီယက်နမ်အနေနဲ့ လုံခြုံရေး ယန္တရား စိတ်ချရမယ်ဆိုတာ မြောက်ကိုရီးယား ယုံကြည်ပြီးသားလည်း ဖြစ်ပါလိမ့်မယ်” ဟု ဟီးဘတ်က ဆိုသည်။
“စီးပွားရေး ပြုပြင် ပြောင်းလဲမှုကို တစိုက်မတ်မတ်လုပ်နိုင်ခဲ့တယ်။ ကမ္ဘာ့စီးပွားရေး ထဲကိုလည်း တက်တက်ကြွကြွ ပေါင်း စည်းနိုင်တယ်။ ဗီယက်နမ်အတွက် အရေးကြီးဆုံးနိုင်ငံတွေထဲက မဟာဗျူ ဟာ မိတ်ဖက်တွေဖြစ်တဲ့ အမေရိကန်နဲ့ တောင် ကိုရီးယားတို့ကို အကောင်းဆုံး လက်တွဲနိုင်ခဲ့တယ်” ဟု ခူအွန်က ပြောသည်။ ထိုသာဓကများသည် ဗီယက်နမ်၏ အထင် ကြီးစရာ စီးပွားရေး ဖွံ့ဖြိုးမှုများအဖြစ် ရှုမြင်၍ မြောက်ကိုရီးယားအတွက် လေ့လာသင်ခန်းယူစရာကောင်းသည်။
အလားတူရှုမြင်သုံးသပ်ချက်မျိုးကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုကလည်း ပြီးခဲ့သည့် ဇူလိုင်လ၌ ဟနွိုင်သို့ ရောက်ရှိစဉ်က သုံးသပ်ပြောကြားခဲ့ဖူးသည်။ မိုက်ပွန်ပီယိုက မြောက်ကိုရီးယား၌ နှစ်ရက်ကြာ ဆွေးနွေးခဲ့ပြီးအပြန်တွင် ဟနွိုင်မြို့သို့ ခရီးတထောက်ဝင်ခဲ့ခြင်းဖြစ်သည်။
“ဗီယက်နမ် ခေါင်းဆောင်တွေဟာ သူတို့ တိုင်းပြည်ကို ပြုပြင် ပြောင်းလဲရေး လုပ်နိုင်တယ်၊ သူတို့ အချုပ်အခြာအာဏာ၊ လွတ်လပ်ရေးနဲ့ အစိုးရပုံစံကို ခြိမ်းခြောက်မှု မရှိဘဲနဲ့ တံခါးဖွင့် မူဝါဒ ကျင့်သုံး ပြီး ဆက်ဆံရေးလုပ်လို့ရတယ်ဆိုတာ ကောင်း ကောင်း သဘောပေါက်ခဲ့ကြပါတယ်” ဟု မိုက်ပွန်ပီယို က ဟနွိုင်းရှိ စီးပွားရေးသမားအသိုင်းအဝိုင်းသို့ ပြောကြားသည့် မိန့်ခွန်း၌ ထည့်သွင်းပြောကြား ခဲ့သည်။
“ဥက္ကဋ္ဌကြီး ကင်ဂျုံအန်းအတွက် သမ္မတ ထရမ့်ဆီက သတင်းစကားလက်ဆောင်ဟာ ကျနော်နဲ့အတူ ယူလာခဲ့ပါတယ်။ ခင်ဗျားတို့(မြောက်ကိုရီးယား)ကလည်း ဗီယက်နမ်လျှောက်ခဲ့တဲ့လမ်းမျိုး ပုံတူပွားနိုင်တယ်ဆိုတာ သမ္မတထရမ့်က ယုံကြည်ပါတယ်တဲ့။ လက်ရှိအနေအထားမှာ ခင်ဗျားတို့ ဒီအချက်ကို မြင်ရင် ခင်ဗျားတို့အတွက်ပဲ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။