တနင်္သာရီ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်အား ပြည်သူများ၏ တိုင်ကြားမှုများနှင့် ပတ်သက်၍ တိုင်း လွှတ်တော်၏ စိစစ်တွေ့ရှိချက်များ ပါရှိသည့် အစီရင်ခံစာ တစောင်ကို တိုင်းလွှတ်တော် ဥက္ကဋ္ဌ အပါအဝင် ကိုယ်စားလှယ် ၁၄ ဦး က လက်မှတ်ရေးထိုး၍ နိုင်ငံတော် သမ္မတထံ ပေးပို့ကြောင်း သိရသည်။
အဆိုပါ တိုင်းလွှတ်တော်၏ အစီရင်ခံစာကို သက်သေ အထောက်အထားများနှင့်တကွ ပြီးခဲ့သည့် ဇန်နဝါရီ ၂၈ ရက်က ပေး ပို့ခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော် အတိုင်ပင်ခံနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဗဟို အလုပ်မှုဆောင် အဖွဲ့ထံသို့လည်း ပေးပို့ ခဲ့ကြောင်း တိုင်းလွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်အေးက ဧရာဝတီကို အတည်ပြု ပြောဆိုသည်။
“ကျနော်တို့ လွှတ်တော်က ပြည်သူတွေရဲ့ကိုယ်စားဖြစ်တယ်လေ။ ဒီတော့ ပြည်သူတွေပြောတဲ့ အချက်အလက်တွေ၊ လွှတ် တော်မှာ စာရင်းစစ်ချုပ်နဲ့ တွေ့ဆုံပြီး ကြားနာပွဲလုပ်ထားတဲ့ အချက်အလက်တွေနဲ့ ပူးတွဲပြီးတော့ အစီရင်ခံစာ ပေးလိုက်တဲ့ သဘောပဲ”ဟု ၎င်းက ရှင်းပြသည်။
ဆက်လက်၍ ဦးခင်မောင်အေးက အစီရင်ခံစာတွင် ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်က ဆွေမျိုးတော်သူအား ကိုယ်ရေး အရာရှိ ခန့်ထားခြင်း၊ ဆွေမျိုးနီးစပ်သူများကို တင်ဒါခေါ်ယူခြင်း မရှိဘဲ လုပ်ငန်းများ ချထားပေးခြင်း၊ ထားဝယ် လေယာဉ် ကွင်း ခြုံရှင်းလင်းခ ကျပ် သိန်း ၄၀၀၀ ချထားပေးခြင်း စသည့် ကိစ္စရပ်များလည်း ပါဝင်ကြောင်း ပြောသည်။
အဆိုပါ အစီရင်ခံစာကို ဇန်နဝါရီ ၂၈ ရက်ကတည်းက ပေးပို့ထားခြင်း ဖြစ်သော်လည်း ဖေဖော်ဝါရီ ၇ ရက်နေ့အထိ အစီရင် ခံစာနှင့် ပတ်သက်၍ မည်သူ့ထံကမှ တစုံတရာ အကြောင်းပြန်ကြားမှု မရှိသေးဟုလည်း ဆိုသည်။
“ပြည်သူတွေက တိုင်ထား ပြောထားတာတွေ ရှိတယ်။ ကျနော်တို့က ပြည်သူ့ ကိုယ်စားလှယ်တွေဖြစ်လို့ ပြည်သူ့အသံနဲ့ ပတ်သက်ပြီး တာဝန်ရှိတယ်။ ပြည်သူ့အသံကို မှန်တယ်မှားတယ် အဆုံးအဖြတ် မပေးဘူး။ ဒါပေမယ့် ကျနော်တို့ သိထား တဲ့ အချက်အလက်တွေကို သမ္မတတို့ အတိုင်ပင်ခံတို့ကို ပေးလိုက်တယ်။ အဲဒါတွေ ဖတ်ပြီး မှားလားမှန်လား ထုတ်ပြန်ရ မယ့် တာဝန်က သူတို့တာဝန်။ သက်ဆိုင်ရာက လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်မှာကိုပဲ ကျနော်တို့ မျှော်လင့်ပါတယ်” ဟု ဦးခင်မောင်အေးက ပြောသည်။
ထားဝယ်နှင့် မြိတ်ဒေသခံများကလည်း တနင်္သာရီတိုင်း ဝန်ကြီးချုပ်သည် လုပ်ပိုင်ခွင့်ကို အသုံးချ၍ အဂတိလိုက်စားမှု ရှိ သည်ဟုဆိုကာ NLD ပါတီ ဗဟိုသို့ သီခြားစီ တိုင်ကြားစာများ ပေးပို့ထားသည်။
အဆိုပါ တိုင်ကြားစာများနှင့် ပတ်သက်၍ ပါတီဗဟိုမှ တာဝန်ရှိသူများက စစ်ဆေးမှုများ ပြုလုပ်နေပြီဖြစ်ပြီး စစ်ဆေးနေဆဲ ကာလအတွင်း သတင်းထုတ်ပြန်နိုင်ခြင်း မရှိကြောင်း NLD ၏ ပြောဆိုရေး ဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်က ပြောဆိုသည်။
ဆွေမျိုးတော်သူအား လုပ်ပိုင်ခွင့်ချထားမှု၊ ကိုယ်ရေးအရာရှိ ခန့်အပ်ထားမှုများနှင့် ပတ်သက်၍ ဝေဖန်မှုများ ထွက်ပေါ်နေ သည့်အပေါ် ရှင်းစရာမလိုကြောင်း၊ ယင်းကဲ့သို့ ဆောင်ရွက်ခြင်းထားခြင်းလည်း မရှိကြောင်း တနင်္သာရီတိုင်း ဒေသကြီး ဝန် ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်က ဧရာဝတီကို ဇန်ဝါရီ ၂၄ ရက်က ပြောဆိုထားသည်။
သို့သော် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင်လည်းဖြစ်၊ တနင်္သာရီတိုင်း NLD ဥက္ကဋ္ဌ လည်းဖြစ်သူ ဦးအောင်စိုးနှင့် ခယ်မ တော်စပ်သည့် ဒေါက်တာ လဲ့လဲ့မော်သည် ဦးအောင်စိုး၏ သမီးကို ၎င်း၏ ကိုယ် ရေးအရာရှိအဖြစ် ဝန်ကြီးချုပ် စတင် တာဝန်ယူချိန်မှစ၍ ယနေ့ အချိန်အထိ ခန့်အပ်ထားကြောင်း တိုင်းလွှတ်တော် ကိုယ် စားလှယ်များထံမှ စုံစမ်းသိရှိရသည်။
ထို့ပြင် ပြည်ထောင်စု အစိုးရသို့ ဂက်စ်ဖိုး အကြွေး ကျပ် သိန်း ရှစ်သောင်းကျော် ပေးသွင်းရန် ကျန်ရှိနေသည့် ထားဝယ် ခရိုင်တွင် လျှပ်စစ် ထုတ်လုပ် ဖြန့်ဖြူးနေသော Global Grand Service (GGS) ကုမ္ပဏီတွင် ဦးအောင်စိုး၏ သားမက် ဦးနေမျိုးအောင် သည် တာဝန်ခံအနေဖြင့် ပါဝင်ကြောင်းလည်း ဦးခင်မောင်းအေးက ပြောဆိုထားသည်။