ဧရာဝတီတိုင်း ငပုတောမြို့နယ် ဆင်မကြိုးဝိုင်း အကွက်အမှတ် ၇၄(ဒေသအခေါ် ရှားဖြူတောင် ဒေသ) တွင် သတ်ဖြတ်ကာ အရေခွံနွှာခံထားရသည့် တောဆင်ရိုင်းတစ်ကောင်ကို ဒေသအုပ်ချုပ်ရေး တာဝန် ရှိသူများက ဖေဖော်ဝါရီလ ၆ ရက်နေ့က တွေ့ရှိခဲ့သည်။
“တောဆင်ရိုင်းက လွန်ခဲ့တဲ့ ၃ ရက်လောက် ကတည်းက သေဆုံးနေပြီလို့ ခန့်မှန်းရတယ်။ ဘယ်လို လက်နက် အမျိုးအစား နဲ့ သေတယ်ဆိုတာတော့ ကျနော်တို့ စစ်ဆေးနေဆဲ ဖြစ်ပြီး ဆင်သတ်မုဆိုး တွေကို ဖမ်းဆီးရမိရေး လုပ်ဆောင်နေပါတယ်”ဟု ဧရာဝတီတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ပြောရေး ဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေက ဧရာဝတီကို ပြောသည်။
တောဆင်ရိုင်း အသတ်ခံရကြောင်း ငပုတောမြို့နယ် ငါးရံ့ချောင်းကျေးရွာနေ ဦးစောဘွဲ့စေး၏ သတင်းပေးပို့ ချက်အရ ပုသိမ်ခရိုင်ရဲတပ်ဖွဲ့မှ ဒုရဲမှူး ထွန်းထွန်းဝင်းအပါအဝင် ရဲတပ်ဖွဲ့ဝင် ၆ ဦး၊ ငပုတောသစ်တောဌာနမှ တောအုပ်ကြီး ဦးဝင်းဌေး နှင့်အဖွဲ့၊ EERU မှ ဆင်ဆရာဝန် ဒေါက်တာ လင်းလင်းထွန်းနှင့်အဖွဲ့၊ ငပုတောမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ၇ ဦးနှင့် တင်းချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်ထွန်းတို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် သွားရောက်စစ်ဆေးခဲ့ရာ ဒေသ အခေါ် ရှားဖြူတောင်တွင် ဆင်သေကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
သေဆုံးနေသည့်ဆင်မှာ အသက် ၁၈ နှစ်အရွယ် ဟိုင်းဆင်အထီးဖြစ်ပြီး ၂၀၁၉ ခုနှစ်အတွင်း ဧရာဝတီတိုင်း၌ ပထမဆုံး အသတ်ခံရသည့်တောဆင်ရိုင်းဖြစ်သည်။
ဆင်၏ခန္ဓာကိုယ်လုံးပတ် ၇ ပေ ၃ လက်မ၊ အ၇ပ်အမြင့် ၆ ပေ ၆ လက်မ၊ ကျောအလျား ၇ ပေ၊ အမြီး ၃ ပေရှိကာ ဆင်သတ်မုဆိုးများက ဆင်၏ နှာမောင်းကို ဖြတ်တောက်ယူငင်သွားပြီး ဝဲကျောဘက် အခြမ်းကိုလည်း အရေခွံများခွာ၍ ယူငင်သွားကြောင်း ဆင်သေကိုစစ်ဆေးခဲ့သည့် ပူးပေါင်းအဖွဲ့ထံမှ သိရသည်။
“ငပုတောရဲ့သစ်တောဧရိယာက ကျယ်တယ်။ ဒါကြောင့် ပူးပေါင်းအဖွဲ့ တွေနဲ့ သစ်တောဧရိယာ ၃ ခုကိုအလှည့်ကျ ကင်း လှည့်နေတဲ့ ကြားက အလစ်အငိုက်ဖမ်းပြီး လုပ်သွားတာ။ ခက်တာကလည်း ဒေသခံတွေကလည်း သတင်းပေးမှု အားနည်း တယ်။ အခု ဆင်သတ်ခံရတဲ့ အနီးမှာ ဒေသခံတွေ ရှိတယ်။ ဒါပေမယ့် ဆင်သတ်မုဆိုးတွေကို ကြောက်လို့လားမသိဘူး၊ သတင်း မပို့ကြဘူး။ ကျနော်တို့ သိသိချင်းပြေးလာရော ဆင်သတ်မုဆိုးတွေက လွတ်သွားပြီ”ဟု တောဆင်ရိုင်းထိန်း သိမ်း ရေး သူရဲကောင်းဆုရှင် တင်းချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်ထွန်းက ပြောသည်။
ဆင်သတ်မုဆိုးများမှာ ပုသိမ်- မော်တင်စွန်းကားလမ်း၌ ယာဉ်သွားလာမှု အများဆုံးကာလ ဟိုင်ကြီး ကျွန်း မော်တင်စွန်း ဘုရားပွဲ အချိန်ကို အဓိကထား၍ တောဆင်ရိုင်းများသတ်ဖြတ်၍ နှာမောင်း၊ အစွယ်၊ အသား၊ အရေခွံ စသည့်ပစ္စည်းများကို သယ်ယူပို့ဆောင်ခြင်းများ ပြုလုပ်လေ့ရှိရာ ဧရာဝတီ တိုင်း အစိုးရနှင့် တိုင်းရဲတပ်ဖွဲ့အနေဖြင့် မော်တော်ယာဉ်များကို ရှာဖွေ စစ်ဆေးခြင်းလုပ်ငန်းများ လုပ်ဆောင်သင့်ကြောင်း ဦးကျော်မြင့်ထွန်းက တိုက်တွန်းပြောဆိုသည်။
နာမည်ကျော်မော်တင်စွန်းဘုရားပွဲတော်ကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှ မတ်လ ၁၉ ရက်နေ့အထိ တလတာကျင်းပ မည်ဖြစ်သည်။
ဆင်သတ်ခံရမှုအား ငပုတောမြို့နယ်၊ ငရုတ်ကောင်းနယ်မြေရဲစခန်းတွင် ပြစ်မှုနံပါတ် ၁၅/၂၀၁၉၊ ဇီဝမျိုးစံမျိုးကွဲနှင့် သဘာဝထိမ်းသိမ်းရေးနယ်မြေများကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၄၁ (က) ဖြင့် အမှုဖွင့်ကာ စုံစမ်း စစ်ဆေးလျှက်ရှိကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်အတွင်း တောဆင်ရိုင်း ၈ ကောင် အသတ်ခံခဲ့ရပြီး ဒေသအလိုက် စာရင်းအရ ပုသိမ်မြို့နယ်တွင် တောဆင်ရိုင်း ၃ ကောင်၊ သာပေါင်းမြို့နယ်တွင် ၃ ကောင်နှင့် ငပုတော မြို့နယ်တွင် ၂ ကောင် သတ်ဖြတ်ခံခဲ့ရကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ စာရင်းများအရ သိရသည်။
ဆက်စပ်ဖတ်ရှု့ရန် –
ဧရာဝတီတိုင်း တောဆင်ရိုင်း သတ်ဖြတ်ခံရမှု ထက်ဝက်ခန့် လျော့ကျဟု ဆို
ပုသိမ်တွင် ဆင်သတ်မုဆိုး ၃ ဦးအား လက်နက်နှင့်အတူ ဖမ်းမိ
တိုင်းဒေသကြီး ၃ ခုတွင် တောဆင်ရိုင်း ကာကွယ်ရေးစခန်းဖွင့်မည်
၄ နှစ်ကျော်အတွင်း တောဆင်ရိုင်း ၁၁၅ ကောင် သတ်ဖြတ်ခံရ
ကျေးရွာအုပ်ချုပ်ရေးမှူးတဦး တောဆင်ရိုင်း ထိန်းသိမ်းရေး သူရဲကောင်း ဆုချီးမြှင့်ခံရ
တရုတ်ဝယ်လိုအားကြောင့် မြန်မာ့တောရိုင်းဆင်များ သတ်ဖြတ်ခံရမှု မြင့်တက်နေဟုဆို