ရှမ်းပြည်နယ် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ချင်းရွှေဟော် မြို့ရှိ တရုတ်-မြန်မာ နယ်စပ်တွင် လွှင့်ထူထားသော မြန်မာ အလံတိုင်ကို တရုတ် နယ်ခြားစောင့်တပ်က လက်နက် အပြည့်အစုံဖြင့် လာရောက်၍ ဖျက်ဆီးလိုက်မှုနှင့် ပတ် သက်ပြီး မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကို မြန်မာအစိုးရက ဆင့်ခေါ်၍ ဆွေးနွေးကြောင်း သိရသည်။
၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂၉ ရက်က ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ချင်းရွှေဟော်မြို့ အမှတ်(၂) ရပ်ကွက် နယ် နိမိတ် ကျောက်တိုင် အမှတ် BP- 144/3 နှင့် BP-144/4 ကြား ခန့်မှန်း မြေပုံညွန်း (MF-824965)ရှိ နှစ်နိုင်ငံ နယ် နိမိတ် မျဉ်းမှ (၄.၇) မီတာခန့် အကွာတွင် စိုက်ထူ ထားသော မြန်မာနိုင်ငံ အလံတိုင်နေရာသို့ တရုတ် နယ်ခြားစောင့် တပ်မှ လက်နက်ငယ် ကိုယ်စီ ကိုင်ဆောင် ထားသည့် ၁၀ ဦး ရောက်ရှိလာပြီး အလံတိုင်ခြေရှိ အုတ်ခုံအား ဝင်ရောက် ဖြိုဖျက်ခဲ့ကြောင်း ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီး အဖွဲ့က ယူနန်ပြည်နယ် ပြည်ပ ဆက်ဆံ ရေး ဌာနသို့ ဇန်နဝါရီ ၂၉ ရက်က ပေးပို့သည့် ကန့်ကွက် စာတွင် ဖော်ပြ ထားသည်။
ထိုဖြစ်စဉ် အပေါ် မြန်မာအစိုးရက မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်ကို ပြီးခဲ့သည့် ရက်ပိုင်းက ဆင့်ခေါ်၍ ဆွေး နွေး ခဲ့သလို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်းလည်း ဇန်နဝါရီလ ၂၉ ရက်တွင် မြန်မာအစိုးရ ဘက်က စာပို့ထား သည်ဟု ဆိုသည်။
မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အမည် မဖော်လိုသော အဆင့်မြင့်အရာရှိ တဦးက“လောလောဆယ်တော့ နိုင်ငံခြား ရေး ဝန်ကြီးဌာနအနေနဲ့ ၂ ဖက် ညှိနှိုင်းဖို့ ဒီမှာရှိတဲ့ တရုတ် သံအမတ်ကြီးနဲ့လည်း ခေါ်ပြီးတော့ ဆွေးနွေးထားတာ ရှိ တယ်။ နောက်တခုက Bilateral ပေါ့၊ နှစ်ဖက် ပူးတွဲဆောင်ရွက်မယ့် ကိစ္စလေး တရားဝင် ပြန်လုပ်ဖို့ ညှိနှိုင်းနေတာ တော့ ရှိပါတယ်”ဟု ပြောသည်။
တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်နိမိတ် အငြင်းပွားမှုများ ဖြစ်ပေါ်ပါက ဖြေရှင်းနိုင်ရေး အတွက် မြန်မာ-တရုတ် နယ်စပ် ဒေသ များ စီမံခန့်ခွဲရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ သဘောတူစာချုပ်ကို ၁၉၉၇ ခုနှစ်တွင် လက်မှတ်ရေးထိုး ထားကြကြောင်း သိရသည်။
ထို သဘောတူ စာချုပ်ပါ အခြေအနေများ အပါအဝင် လက်ရှိ မြန်မာ- တရုတ် နယ်စပ်အငြင်းပွားမှုများ ဖြေရှင်းနိုင်ရေး အတွက် ဆောင်ရွက်မည့် ကိစ္စများကို တရုတ် သံအမတ်နှင့် ဆွေးနွေးခဲ့သလို နယ်စပ် အငြင်းပွားမှုများ ထပ်မံ မဖြစ် ပေါ် လာရေးအတွက် ပူးတွဲရည်မှန်းချက် တခုကို ဖော်ဆောင်ရန်လည်း ကြိုးပမ်းနေကြောင်း၊ မတ်လထဲတွင် မြန်မာ နိုင်ငံ က အိမ်ရှင်အဖြစ် ကျင်းပမည့် နယ်စပ် အငြင်းပွားမှု ဖြေရှင်းရေး အစည်းအဝေး၌ နယ်စပ်ကိစ္စများ ဆွေးနွေးကြ ရန် ပြင်ဆင် နေကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောသည်။
ဇန်နဝါရီ ၂၉ ရက်နေ့က ဖြစ်စဉ်နှင့် ပတ်သက်ပြီး မြန်မာအစိုးရက တရုတ်ဘက်မှ လက်နက်များ ကိုင်ဆောင်၍ နှစ်နိုင်ငံ သဘောတူစာချုပ်အား ဖောက်ဖျက်ခဲ့သည့် အတွက် မိမိတို့ဘက်မှ ပြင်းပြင်း ထန်ထန် ကန့်ကွက်ကြောင်း၊ နောင်တွင် ယခုကဲ့သို့ ဖြစ်စဉ်များ မဖြစ်ပေါ်စေရေး နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို အလေးထား၍ ဆောင်ရွက်ပေးရန် တရုတ် အစိုးရ ထံသို့ အခင်း ဖြစ်ပွားသည့် နေ့တွင်ပင် စာပေးပို့ခဲ့သည်ဟု ဆိုသည်။
လက်နက်များ ကိုင်ဆောင်၍ အလံတိုင်အုတ်ခုံအား လာရောက် ဖျက်ဆီးခြင်းသည် ၁၉၉၇ ခုနှစ် မတ်လ ၂၅ ရက်နေ့ တွင် မြန်မာနိုင်ငံ အစိုးရနှင့် တရုတ် အစိုးရတို့ ချုပ်ဆိုထားသည့် မြန်မာ-တရုတ် နယ်စပ်ဒေသများ စီမံခန့်ခွဲရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ သဘောတူ စာချုပ် အပိုဒ်(၁၆)၊ အပိုင်ခွဲ(၃)အား အတိအလင်း ဖောက်ဖျက် ကျူးလွန်ရာ ရောက် သည်ဟုလည်း အထက်ပါ ကန့်ကွက်စာတွင် ပါရှိသည်။
ထို့ပြင် စာချုပ်ပါ အပိုဒ် (၁၆)၊ အပိုဒ်ခွဲ(၃)တွင်“စာချုပ်ဝင် နှစ်နိုင်ငံ၏ အရာရှိများသည် အခြား စာချုပ်ဝင်နိုင်ငံ၏ ကြိုတင် ခွင့်ပြုချက်ဖြင့် ငြိမ်ဝပ်ပိပြားမှု ပူးတွဲ ထိန်းသိမ်းရန် ကိစ္စများမှတပါး လက်နက်များ၊ ခဲယမ်းမီးကျောက်များ သို့မဟုတ် ပေါက်ကွဲစေတတ်သည့် ပစ္စည်းများအား သယ်ဆောင်၍ အခြားစာချုပ်ဝင်နိုင်ငံ၏ နယ်မြေ အတွင်းသို့ ဝင်ရောက်ခြင်းမပြုရ”ဟု ဆိုထားသည်။
လက်ရှိတွင် ပြည်ထောင်စု အစိုးရကနေ ဒေသဆိုင်ရာ အာဏာပိုင်များကို ၂ နိုင်ငံ ဆက်ဆံရေး ပျက်ပြားစေမယ့် အပြု အမှုမျိုး မလုပ်ဆောင်ရန် လမ်းညွန်ထားကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အမည်မဖော်လိုသူ အဆင့်မြင့်အရာရှိက ဧရာဝတီသို့ ပြောသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စိုင်းထွန်းအေးက“ဒီအစိုးရ အနေနဲ့တော့ ၂ နိုင်ငံကြားမှာ ပေးထားတဲ့ ကတိကဝတ် တွေ လိုက်နာဖို့၊ သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းနဲ့ အညီ ပြန်လည်ပြီးတော့ ဖြေရှင်းရမှာပဲ။ ဒါတွေကတော့ အင်အား ကြီး နိုင်ငံ ဘေးမှာနေနေတဲ့ ကျနော်တို့လို အင်အားသိပ်မရှိတဲ့ နိုင်ငံအနေနဲ့တော့ ဒီလိုပဲ ဖြစ်မယ်လို့ ကျနော်တို့ ယူဆ တယ် လေ၊ အဲဒီတော့ ဖြေရှင်းမယ် ဆိုရင်တော့ သံတမန်နည်းအရ ချုပ်ဆိုထားတဲ့ ပဋိညာဉ်အရ ဖြေရှင်းရမှာပေါ့။ လွှတ်တော် မှာလည်း နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ ရှိတယ်၊ ဒါတွေ ဆွေးနွေးလား မဆွေးနွေးဘူးလားတော့ ကျနော်လည်း မသိဘူး”ဟု ပြောဆိုသည်။
တရုတ်- မြန်မာ နယ်စပ် အငြင်းပွားမှုသည် ဇန်နဝါရီလ ၂၉ ရက်က ဖြစ်ပွားခဲ့မှု အပါအဝင် အနည်းဆုံး ၃ ကြိမ်ရှိနေပြီ ဖြစ်သည်။
ပြီးခဲ့သည့် နှစ် စက်တင်ဘာ ၁၉ ရက်က ရှမ်းပြည်နယ် ပန်းဆန်း(ကြူကုတ်) မြို့နယ်၊ ဖိုင်ကောင်း ကျေးရွာ အတွင်း၌ တရုတ် ဘက်က မြန်မာပိုင်နက် အတွင်းသို့ မီတာ ၃၀ ကျော် ကျူးကျော်၍ သံကွန်ကရစ် တံတိုင်း တည်ဆောက်သည့် အတွက် နယ်စပ် အငြင်းပွားမှု ဖြစ်ခဲ့သလို အောက်တိုဘာလတွင်လည်း ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့ရှိ ဆင်ဖြူ ဈေး တည်ဆောက်ရာ တရုတ် နယ်ခြားစောင့်တပ်က လက်နက် အပြည့်အစုံဖြင့် ဝင်ရောက်လာပြီး ကန့်ကွက်ခြင်း ကြောင့် အငြင်းပွားခဲ့ကြရ သေးသည်။
နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိက“ကျနော်တို့ Border က ဘယ်ဘက်မှာ ပါတယ် ပြုတယ် ဆိုတာက အငြင်းပွားစရာ ဖြစ်နေမှာစိုးလို့ အခု သူတို့ကလည်း သူတို့ ဘောင်ထဲမှာ ဝင်တယ်လို့ ဘယ်လို သတ်မှတ်နေလည်း မသိ ဘူးပေါ့နော်၊ ဒီဘက်ကလည်း သွားပြီးတော့ အလံတိုင်လွှင့်တယ် ဆိုတာ ဒါကလည်း ၂ နိုင်ငံ နယ်နိမိတ် ကိစ္စ ဖြစ်သွားပြီ ဆိုတော့ ပူးတွဲ ရည်မှန်းချက်တခု လုပ်ဖို့ ဆွေးနွေးတာတွေ ရှိတယ်”ဟု ပြောဆိုသည်။