လူထု လိုလားပါက ရေအားလျှပ်စစ် လုပ်ပေးမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော
ရေအား လျှပ်စစ် စီမံကိန်းများနှင့် ပတ်သက်၍ ပြည်သူ လူထု လိုလားပါက ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ရေအရင်း အမြစ် ပေါကြွယ်သည့် ရှမ်းပြည်နယ် အရှေ့ပိုင်း ဒေသတွင် ရေအားလျှပ်စစ် ထုတ်လုပ်ရန် အကောင်အထည် ဖော်ပေးရေး အတွက် ဒေသခံ တချို့က တောင်းဆိုခဲ့သည့် အပေါ် နည်ပညား၊ ဘဏ္ဍာငွေကြေးနှင့် ဒေသခံများ၏ သဘော ထားများကို ကြည့်ရမည် ဖြစ်ပြီး အားလုံး သဟဇာတ ဖြစ်ပါက စီမံကိန်း လုပ်ဆောင်ရန် အခက်အခဲ မရှိကြောင်းလည်း ဖေ ဖော်ဝါရီ ၆ ရက်က ကျိုင်းတုံမြို့ ဒေသခံများနှင့် တွေ့ဆုံစဉ် ပြောကြားခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်က“ကျမတို့ နိုင်ငံမှာ သဘာဝ ပတ်ဝန်းကျင်နဲ့ ပြည်သူ လူထုရဲ့လိုအပ်ချက် ဒီနှစ်ခုကို အမြဲ ကြည့် ပြီးတော့ ညှိရပါတယ်။ ပြည်သူ လူထုရဲ့ ဓာတ်အား လိုအပ်ချက်ကို ကျမတို့မှာ ရှိတဲ့ အရင်းအမြစ်တွေ သုံးပြီးတော့ အတတ် နိုင်ဆုံး လုပ်ပေးပါမယ်”ဟု ပြောသည်။
ရှမ်းပြည်နယ် အစိုးရ၏ ပြောကြားချက် အရ ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် ရေးအား လျှပ်စစ် ထုတ်လုပ်ရန် အတွက် နေရာ ၇ ခုတွင် စူးစမ်း တိုင်းတာမှုများ ပြုလုပ်ခဲ့ပြီး ကျိုင်းတုံ ဒေသရှိ နမ့်လွေချောင်းပေါ်တွင် ၆ ခု တည်ရှိကာ စုစုပေါင်း လျှပ်စစ် ၄၅၂ မဂ္ဂါဝပ်ခန့် ထွက်ရှိနိုင်ကြောင်း သိရသည်။
နမ့်လွေချောင်း ပေါ်ရှိ မိုင်းမတွင် ၆၆ မဂ္ဂါဝပ်ထွက် ရှိသည့် စီမံကိန်း လည်ပတ်နေပြီ ဖြစ်သော်လည်း စီမံကိန်း ၄ ခုမှာ အထူးဒေသ ၄၊ မိုင်းလား နယ်မြေ အတွင်း တည်ရှိသည့် အတွက် လုပ်ငန်း စတင်နိုင်ခြင်း မရှိကြောင်းနှင့် နမ့်ခတ်ချောင်း ပေါ်ရှိ ၂၀၀ မဂ္ဂါဝပ်ခန့် ထွက်ရှိမည့် စီမံကိန်းမှာ တိုင်းတာမှုများ ပြီးစီး၍ ပြည်ထောင်စု အစိုးရ မူဝါဒနှင့် အညီ ဆောင်ရွက် သွားရန် ဖြစ်ကြောင်းလည်း ရှမ်းပြည်နယ် အစိုးရက ဆိုထားသည်။
ရေအား လျှပ်စစ် စီမံကိန်းများနှင့် ပတ်သက်၍ ရှမ်းပြည်နယ် အတွင်းရှိ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆောင်ရွက် သူများက ပွင့်လင်း မြင်သာမှု မရှိသည့် စီမံကိန်းများနှင့် ဒေသခံများ လက်ခံခြင်း မရှိသည့် စီမံကိန်းများအား ဆက်လက် လုပ်ဆောင်ခြင်း မပြုရန် တောင်းဆိုကြသည်။
မြန်မာနိုင်ငံတွင် အကြီးဆုံး စာရင်းဝင် ရဲရွာ ရေကာတာ စီမံကိန်းနှင့် ရွှေလီ ၁ ၊ ရွှေလီ ၂ စသည့် အကောင်အထည် ဖော်ပြီး ရေကာတာ စီမံကိန်း ၁၁ ခုခန့် ရှိသော်လည်း ဒေသခံ ပြည်သူများ အနေဖြင့် အကျိုးခံစားခွင့် နည်းပါးပြီး စီမံကိန်း ကုမ္ပဏီ များထံက လျှပ်စစ်ကို ဈေးကြီးပေး ဝယ်သုံးနေရကြောင်း ဒေသခံများက ထောက်ပြ ကြသည်။
ရှမ်း သဘာဝ ပတ်ဝန်းကျင် အဖွဲ့မှ ပြောရေး ဆိုခွင့် ရှိသူ စိုင်းခေးဆိုင်က“ရေကာတာတွေတော့ နိုင်ငံထဲမှာ ရှိနေတယ်။ လျှပ်စစ်ကျတော့ လာလုပ်တဲ့ ကုမ္ပဏီတွေက နိုင်ငံခြား ပြန်ယူသွားပြီး သူတို့ဆီကနေ ဈေးကြီးကြီးနဲ့ ပြန်ဝယ် သုံးနေရ တယ်။ ဒေသခံတွေမှာ အရမ်း နစ်နာပါတယ်” ဟု ပြောသည်။
စစ် အစိုးရ လက်ထက် ကတည်းက နိုင်ငံခြား ကုမ္မဏီများနှင့် သဘောတူ လက်မှတ်ရေးထိုးကာ လုပ်ဆောင်ခဲ့သည့် စီမံကိန်းများသည်လည်း ပွင့်လင်း မြင်သာမှု မရှိခြင်း၊ နည်းပညာ အားနည်းချက်ကြောင့် စွမ်းအားပြည့် လည်ပတ်နိုင်ခြင်း မရှိသည့် အပြင် ရေကာတာ ကျိုးပေါက်မှုနှင့် ချို့ယွင်းချက်များကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာပါက မည်သူက တာဝန်ခံမည်လဲ ဟူသည့် မေးခွန်း ထုတ်မှုများလည်း ရှိသည်။
ရှမ်း သဘာဝ ပတ်ဝန်းကျင် အဖွဲ့များ၏ ပြောကြားချက် အရလည်း ရှမ်းပြည်နယ် အတွင်း ရေကာတာ စီမံကိန်း အကြီး အသေး ၁၁ ခုခန့် တည်ရှိပြီး ဆက်လက် အကောင်အထည် ဖော်ရန် လျာထားသည့် စီမံကိန်း ၁၅ ခုခန့် ရှိနေကြောင်း သိရသည်။
အထူးသဖြင့် ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့အား ဖြတ်သန်း စီးဆင်းသည့် သံလွင်မြစ်ပေါ်တွင် တည်ဆောက်ရန် လျာထားသည့် ရေကာတာ စီမံကိန်း ၄ ခုနှင့် ပတ်သက်၍ ရှမ်း၊ ကရင်နှင့် မွန်ပြည်နယ်တို့မှ သဘာဝ ပတ်ဝန်းကျင် ထိန်း သိမ်းရေး လုပ်ဆောင်သူများနှင့် ဒေသခံ အချို့က စီမံကိန်းများ မလုပ်ရန် ကန့်ကွက်လျက် ရှိသည်။
မြန်မာနိုင်ငံ အတွင်းရှိ ရေအား လျှပ်စစ် စီမံကိန်း အများစုများ တရုတ်နိုင်ငံ စီမံကိန်းများ ဖြစ်ပြီး အကြီးဆုံး စီမံကိန်း ဖြစ် လာမည့် ကချင်ပြည်နယ်ရှိ မြစ်ဆုံ စီမံကိန်း အကောင်အထည် ဖော်မှုကိုလည်း အပြီးတိုင် ရပ်ဆိုင်းပေးရန် တောင်းဆိုမှု များလည်း ရှိနေသည်။