သတင်း

နိုင်ငံပိုင် မြေ၊ အဆောက်အအုံ ရယူထားမှု စိစစ် အရေးယူရန် လွှတ်တော်၌ ဆွေးနွေးမည်

နိုင်ငံပိုင် မြေယာ အဆောက်အအုံများကို ငှားရမ်း ရယူထားသော စီမံကိန်းများထဲမှ ကတိကဝတ်နှင့် မညီသော စီမံကိန်း များကို ရပ်ဆိုင်းရန်နှင့် အကျိုးရှိသော စီမံကိန်းသစ်များ အကောင်အထည်ဖော်ပေးရန် အဆိုကို ပြည်သူ့ လွှတ်တော်၌ ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။

ယင်းအဆိုကို ပုလဲ မဲဆန္ဒနယ်မှ ဒေါ်ခင်စန်းလှိုင်က ဖေဖော်ဝါရီလ ၇ ရက်၌ ကျင်းပသည့် ပြည်သူ့ လွှတ်တော်တွင် တင် သွင်းခဲ့ပြီး လက်ခံ ဆွေးနွေးရန် သင့် မသင့် လွှတ်တော်က ဆုံးဖြတ်ခဲ့ကာ ကန့်ကွက်သူ မရှိသဖြင့် အတည်ပြုခဲ့သည်။

ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်မည်ဟု ဆိုကာ ပြည်ထောင်စုနှင့် တိုင်းဒေသကြီး အစိုးရတို့၏ ခွင့်ပြုချက်များနှင့် နိုင်ငံ အနှံ့ အပြားတွင် နိုင်ငံပိုင် မြေယာ၊ အဆောက်အအုံလုပ်ငန်းများ လွှဲပြောင်းရယူထားသော စီမံကိန်းများ အနက် အချို့မှာ လုံးဝ အကောင်အထည်ဖော်မှု မရှိခြင်း၊ တပိုင်းတစ အကောင်အထည် ဖော်ဟန်ပြကာ ရပ်ဆိုင်းထားခြင်းများ ရှိနေကြောင်း၊ ယင်း ကိစ္စ အပေါ် တိကျသော အဖြေနှင့် မူဝါဒများ မရှိသေး၍ အဆို တင်သွင်းရခြင်း ဖြစ်ကြောင်း ဒေါ်ခင်စန်းလှိုင်က ဆိုသည်။

ဒေါ်ခင်စန်းလှိုင်က“ခွင့်ပြုခဲ့သော စီမံကိန်း လုပ်ငန်းများကို ပြန်လည် သုံးသပ် စစ်ဆေးကာ ကတိကဝတ်နှင့် မညီပါက  ခွင့်ပြု ချက် ရပ်ဆိုင်းခြင်း၊ ထိုက်သင့်သော အရေးယူမှုအား ပြုလုပ်ခြင်းနှင့် နိုင်ငံသားများ အကျိုးရှိသော စီမံကိန်းသစ်များ ဖော်ခြင်းဖြင့် နိုင်ငံပိုင် အရင်းအမြစ်များ အမှန်တကယ် အကျိုးရှိလာရေး စီမံဆောင်ရွက်ပေးပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုကို တင်သွင်းပါတယ်”ဟု တင်ပြခဲ့သည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်နေသည့် မြန်မာနိုင်ငံတွင် မြေဈေး ကြီးမြင့်မှုကြောင့် ရင်းနှီး မြှုပ်နှံရန် အခက်အခဲ ဖြစ် နေ ကြပြီး မြေယာကို အစိုးရက အခမဲ့ စီစဉ်ပေးသည့် ဗီယက်နမ် ကဲ့သို့ နိုင်ငံများကို နိုင်ငံတကာ လုပ်ငန်းရှင်များ ရောက်ရှိ သွားပြီး နိုင်ငံအတွက် နစ်နာ ဆုံးရှုံးမှုများ ဖြစ်နေရကြောင်း ၎င်းက ထောက်ပြ ပြောဆိုသည်။

ဒေါ်ခင်စန်းလှိုင်က“အရင်းအမြစ်တွေ ရှိနေလျက် အခွင့်အလမ်းတွေ ရနိုင်ပါလျက်နဲ့  ခေတ်အဆက်ဆက် ချုပ်ဆိုခဲ့တဲ့ စာချုပ်ပါ လုပ်ငန်းတွေကို ထိရောက်အောင် အကောင်အထည် မဖော်နိုင်တာကြောင့် အချိန်နဲ့အမျှ တိုင်းပြည်ရဲ့ စီးပွားရေး ဟာ နစ်နာ ဆုံးရှုံးနေရပါတယ်”ဟု ဆိုသည်။

စီးပွားရေး လုပ်ငန်းရှင် တဦး ဖြစ်သူ ဒေါက်တာ စိုးထွန်း ကလည်း လုပ်ငန်းရှင်များဘက်မှ စာချုပ်ပါ စည်းကမ်းချက် ကတိ ကဝတ်များ လိုက်နာခြင်း မရှိဘဲ စီမံကိန်း အကောင်အထည် မဖော်ပါက စစ်ဆေး၍ အရေးယူသင့်ကြောင်း ဧရာဝတီကို ပြောသည်။

“စည်ကမ်းချက် မလိုက်နာဘဲ၊ အလုပ် မလုပ်ဘဲ ယူထားတာကတော့ အလကား ဖြစ်တာပေါ့။ လုပ်ငန်းရှင်တွေဘက်က လည်း အမှန်တကယ် အခက်အခဲတွေ ရှိနေပြီး အကောင်အထည် မဖော်နိုင်ဘူး ဆိုရင် သက်ဆိုင်ရာ ဌာနရဲ့ တာဝန်ရှိသူ တွေနဲ့ ညှိနှိုင်းပြီး အဖြေရှာသင့်ပါတယ်”ဟု ၎င်းက ဆိုသည်။

နိုင်ငံပိုင် အရင်းအမြစ်များ ငှားရမ်းရာ၌ အချို့စာချုပ်များတွင် မြေတဧကကို ကျပ် ထောင်ဂဏန်း၊ သောင်းဂဏန်းဖြင့် ငှား ရမ်းခြင်း နှစ် ၃၀ ၊ နှစ် ၇၀ စသည်ဖြင့် ကာလရှည် ငှားရမ်းထားခြင်း အပြင်၂၀၁၆ ခုနှစ် အစိုးရ အပြောင်းအလဲ မလုပ်ခင် အချိန်တို အတွင်း လယ်ဆည် ဝန်ကြီးဌာနက မြေဧရိယာ ဧက ၂ သောင်းကျော်နှင့် အဆောက်အအုံ၂ ထောင်ကျော်ကို ငှားရမ်းခဲ့ခြင်း၊ ခြံစိုက်ကွင်းများ၊ အဆောက်အအုံများကိုလည်း နည်းပါးသော နှုန်းထားဖြင့် ငှားရမ်းခဲ့သည်များလည်း ရှိခဲ့ပြီး တချို့စာချုပ်များတွင် လုပ်ငန်း လွှဲပြောင်းလုပ်ကိုင်သည်ကို ဌာနက စွက်ဖက်ခွင့် မရှိဟု ချုပ်ဆိုထားသည်ကို တွေ့ရ ကြောင်း ဒေါ်ခင်စန်းလှိုင်က ဆွေးနွေးသွားသည်။

“ရန်ကုန်တိုင်းမှာ ဆိုရင်လည်း အင်းလျား ကန်ထဲကို မြေတွေဖို့ပြီး တိုးချဲ့တာနဲ့ ကန့်ကွက်ခံရလို့ ရပ်နားထားတဲ့ မြကျွန်းသာ အပန်းဖြေ ဥယျာဉ်ဆိုရင်လည်း တိုင်းအစိုးရက အဖွဲ့ ဖွဲ့စစ်မယ် ပြောတာ ၃နှစ် ကြာပြီ ဖြစ်ပါတယ်။ ဒီအတိုင်း ထိုးထိုး ထောင်ထောင်  အရုပ်ဆိုးစွာ တွေ့နေရပါတယ်။ စည်းကမ်း မလိုက်နာတဲ့ စီမံကိန်းဆို ပယ်ဖျက်ရမှာ ဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။

ဆက်လက်၍ ဒေါ်ခင်စန်းလှိုင်က“ပြည်သူ့ ဥယျာဉ်ထဲက မြေနေရာ ၇၆.၇၃ ဧကကို ငှားရမ်းယူခဲ့တဲ့ Natural world  ကုမ္ပ ဏီ ဆိုရင်လည်း တိုင်ကြားစာတွေ၊ ပြဿနာတွေ များစွာ ကြုံတွေ့နေရပါတယ်။ ဒါတွေကို မူရင်း စာချုပ်ကနေစပြီး ပြန် စစ်ဆေးသင့်ပြီ ဖြစ်ပါတယ်။ Eco Green City ဆိုရင် ငှားရမ်းခဲ့တာ သုံးနှစ်ရှိပြီ ဖြစ်ပါတယ်။ အခုမှ စက်ယန္တရားလေး တချို့ လာချ၊ ယာယီတဲလေး ထိုးပြနေတာ တွေ့ရပါတယ်။ ဒါတွေကို ရင်းနှီးမြှုပ်နှံမှု ဥပဒေနဲ့ပါ စိစစ်ပြီး စဉ်းစားဖို့နဲ့ အရေး ယူသင့် တာ အရေးယူဖို့ တင်ပြလိုပါတယ်” ဟု လွှတ်တော်၌ တင်ပြ ပြောဆိုသည်။

ယခင် အစိုးရတို့ ချုပ်ဆိုခဲ့သော စာချုပ်များကို ဖျက်လို၍ မဟုတ်ဘဲ ကတိပျက်သည့် လုပ်ငန်းများကို လိုအပ်သော ထိန်း ကျောင်းမှု ပြုလုပ်ရန်နှင့် နိုင်ငံ အကျိုးရှိမည့် စီမံကိန်းများ အကောင်အထည် ဖော်ရန် ဖြစ်၍ ထောက်ခံကြောင်း ဂန့်ဂေါ မဲ ဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်က ပြောသည်။

“လက်ရှိ အစိုးရ အနေဖြင့် နိုင်ငံ အကျိုးအတွက် ရင်းနှီးမြှုပ်နှံမှုတွေ၊ တိုင်းပြည် တိုးတက်ရေးတွေကို အဟန့်အတား ဖြစ်စေ တဲ့၊ ဒေသခံတွေ အကျိုးမဲ့စေတဲ့ စီမံကိန်းတွေကို မဖြစ်မနေ ပြန်လည် စိစစ်သုံးသပ်ပြီး ထိုက်သင့်တဲ့ အရေးယူမှုတွေ လုပ် သင့်တယ် ဆိုတာ ပေါ်လွင် ထင်ရှားပါတယ်”ဟု ၎င်းက ဆိုသည်။

ယခင် အာဏာရ ပါတီဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP)မှ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်း ဦး က စာချုပ်များ ချုပ်ဆိုရာတွင် USDP အစိုးရ လက်ထက်နှင့် ယခင် တပ်မတော် အစိုးရ လက်ထက်က ဆောင်ရွက်ခဲ့ သည်များကို ကွဲပြားရန် လိုပြီး တပ်မတော် အစိုးရ လက်ထက် ဆောင်ရွက်ခဲ့သည်များသည် USDP နှင့် မသက်ဆိုင် ကြောင်း၊ နိုင်ငံ ကုန်ဈေးနှုန်း အခြေအနေအရ ထိုခေတ်က ထိုဈေးနှုန်းများ မှန်ကန်လိမ့်မည် ဖြစ်ကြောင်း ပြောဆိုသည်။

“ဘယ်နှနှစ် ရှိမှန်း မသိတဲ့ဟာကို ကြေးနည်းတယ် ဆိုရင်တော့ ထိုခေတ် ထိုအခါက ဈေးနဲ့ ဆောင်ရွက်ခဲ့မှုတွေ ကျနော်တို့ လုပ်ခဲ့တဲ့ အပိုင်းရှိမယ်။ လုပ်ငန်းများကို ရပ်ဆိုင်းခဲ့လို့ နိုင်ငံက ဘယ်အခြေအနေ ရောက်နေပြီလဲ ဆိုတာကို စဉ်းစားဖို့လည်း လိုပါတယ်”ဟု ဦးသိန်းထွန်းဦးက ဆိုသည်။

စာချုပ် စည်းကမ်း ဖောက်ဖျက်သည် ဆိုပါက အရေးယူမှု ရှိလာရမည် ဖြစ်သော်လည်း အခက်အခဲရှိ၍ အကောင်အထည် မဖော်နိုင်ခြင်းနှင့် တမင် အကောင်အထည် မဖော်ခြင်းတို့အပေါ် စဉ်းစား ဆုံးဖြတ်၍ အရေးယူရန်မှာ ယခု အစိုးရ အပေါ် မူတည်ကြောင်း ၎င်းက ဆက်လက် ရှင်းလင်းသည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်လာပါက ဖက်စပ် ဆောင်ရွက်မှု စနစ်ဖြင့် ပြုလုပ်ရန် နေရာ ဦးထားသည့် စီမံကိန်းများ အပါ အဝင် ပြန်လည် စစ်ဆေး အရေးယူရန် မြေနေရာ ယူထားသည့် စီမံကိန်းများ၊ စက်ရုံ၊ အလုပ်ရုံများ၊ ဟိုတယ်များ၊ ထုံး ကျောက်တောင်များ၊ BOT လမ်း စီမံကိန်းများ သယံဇာတ လုပ်ကွက်များ ရှိနေကြောင်းလည်း ဒေါ်ခင်စန်းလှိုင်က ပြော ဆိုသွားသည်။

Loading