ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသော တိုက်ပွဲများ အခြေအနေ ဆက်လက်ဆိုးရွာနေပါက ပြည်နယ်အတွင်း အခြားနေရာများသို့ပါ ပျံ့နှံ့သွားစေနိုင်ကြောင်း ရက္ခိုင့်တပ်မေတော် (AA) ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ညိုထွန်းအောင်က ဖေဖော်ဝါရီလ ၆ ရက်နေ့က ဗီဒီယိုတခုတွင် သတိပေးပြောကြားလိုက်သည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ တပ်မတော်တပ်ဖွဲ့များ ထပ်မံစေလွှတ်နေသည်ဟု ယူဆရသော လုပ်ရပ်များ နောက်ပိုင်းတွင် သူ၏ သတင်းစကား ထွက်ပေါ်လာခြင်းဖြစ်သည်။
ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ခန့်အပ်ထားသော ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကလည်း တပ်မတော်နှင့် ပြည်နယ် ရဲတပ်ဖွဲ့အနေဖြင့် မြို့နယ် ၇ ခုတွင် AA တပ်ဖွဲ့ဝင်များကို တားဆီးနိုင်ရန် ဒေသခံများ၏ နေအိမ်များကို ဝင်ရောက်ရှာဖွေခွင့်ကို မကြာသေးမီက ပေးခဲ့သည်။
ထိုဗီဒီယိုကို ကချင်ပြည်နယ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထိန်းချုပ်နယ်မြေ လိုင်ဇာရှိ AA ဌာနချုပ်တွင် ဗိုလ်မှူးချုပ် ညိုထွန်းအောင်က ရခိုင်ဘာသာစကားဖြင့် ရိုက်ကူးထားခြင်းဖြစ်သည်။
တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များသည် ကြိုတင်သတိပေးခြင်းမရှိဘဲ သံသယရှိသော နေအိမ်များကို ညသန်းခေါင်အချိန်တွင် အတင်းအကျပ်ဝင်ရောက်ရှာဖွေသည်ဟု ကျောက်တော်မြို့နယ် ပန်ဖဲချောင်း ကျေးရွာတွင် ဖေဖေါ်ဝါရီလ ၅ ရက်နေ့ကဖြစ်ပွားခဲ့သော ဖြစ်ရပ်ကို ဗိုလ်မှူးချုပ် ညိုထွန်းအောင် ရည်ညွှန်းပြောကြားသည်။
စစ်သားနှင့်ရဲတပ်ဖွဲ့ဝင်ပေါင်း ၄၀ ဦး ခန့်သည် ဒေါ်တင်ရွှေ တဦးတည်းရှိနေသောအိမ်ကို အတင်းအဓမ္မ ဝင်ရောက်စီးနင်းကြသည်။
ဒေါ်တင်ရွှေ၏ ခင်ပွန်း ဦးကျော်ဝင်းမှာ အနီးရှိကျေးရွာတခုတွင် သစ်ဝယ်ရန် သွားရောက်နေချိန်ဖြစ်သည်။ ထိုကျေးရွာသည် ကန်ဆောက် စစ်တပ်ရင်းနှင့် နီးကပ်သော ရွာဖြစ်သည်။
ဗိုလ်မှူးချုပ် ညိုထွန်းအောင်၏ သတင်းစကားတွင် ရွာသားများအတွက် လုံခြုံရေး အကြံပြုချက်များနှင့် ပဋိပက္ခဒေသများတွင် ခရီးသွားစဉ် ရှောင်ရန်၊ ဆောင်ရန်များကိုလည်း ဖော်ပြထားသည်။ သူက ရခိုင်ပြည်နယ်အတွက် သတိပေးကြေညာချက် ၄ ခုကိုထုတ်ပြန်ပြီး ပဋိပက္ခဒေသသည် ကျယ်ပြန့်လာနေသည်ဟု ပြောသည်။
“အမျိုးသမီးနဲ့ ကလေးတွေချည်း အိမ်မှာမနေသင့်ဘူး။ တခြားဆွေမျိုးတွေနဲ့ သွားရောက်နေထိုင်ဖို့ လိုတယ်” ဟု သူပြောသည်။
ထိုကဲ့သို့သော အလေ့အထများကို အကောင်အထည်ဖော်ရန် ကျေးရွာသားများကိုအကြိမ်ကြိမ်တိုက်တွန်းပြီး သူ၏သတင်းစကားကိုလည်း ရွာသားများအကြား ဆက်လက်ဖြန့်ချိရန် သူတိုက်တွန်းထားသည်ကို တွေ့ရသည်။
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော တိုက်ပွဲများတွင် မြန်မာ့တပ်မတော်ဘက်မှ ထိခိုက်ကျဆုံးမှု မြင့်မားပုံရကြောင်းလည်း သူက သုံးသပ်သည်။
ဇန်နဝါရီနှင့် ဖေဖော်ဝါရီလ အစောပိုင်းက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း တပ်မတော်မှ စစ်သား ရာနှင့်ချီကျဆုံးခဲ့ကြောင်းလည်း ဗိုလ်မှူးချုပ် ညိုထွန်းအောင်ပြောသည်။
အောက်ခြေတပ်သားများအကြားတွင် စိတ်ဓာတ်ကျဆင်းမည်ကို ကာကွယ်ရန်အတွက် တပ်မတော်သည် စစ်သားများ ထိခိုက်သေဆုံးမှု နှုန်းကို မည်သည့်အခါကမျှ လူသိရှင်ကြားကြေညာခြင်းမရှိကြောင်းလည်း သူပြောသည်။
တပ်မတော်သည် တိုက်ပွဲများအတွင်းတွင် အကြီးအကျယ်ချေမှုန်းခံရသောကြောင့် ရခိုင်အရပ်သားများကို ရန်လိုလာကြောင်းလည်း သူပြောသည်။
တပ်မတော်သည် ရခိုင်အရပ်သားများကို အငြင်းပွားဖွယ်ရာ ဖမ်းဆီးခြင်းနှင့် ညှင်းပမ်းနှိပ်စက်ခြင်းအပါအဝင် လူ့အခွင့်အရေးချိုးဖေါက်မှုများကို ဆက်လက်ကျူးလွန်မည်ဖြစ်ကြောင်းလည်း ပြောဆိုထားသည်။
ရခိုင်ပြည်သူများကို အာဏာပိုင်များက မတရားပြုလုပ်ပါက ထိုအာဏာပိုင်များကို လက်စားချေမည်ဟု ရွာသားများကို ကတိပေးခဲ့ပြီး မဝေးကွာသော အနာဂတ်တွင် ပြင်းထန်သော တိုက်ပွဲများ ဆက်လက်ဖြစ်ပေါ်ပြီး နှစ်ဖက် အသေအပျောက် မြင့်မားမည်ဟု AA မျှော်လင့်ထားသည်။
“နေအိမ်တွေကနေ စွန့်ခွာထွက်ပြေးနေရတဲ့သူတွေအတွက် ကျနော့်သတင်းစကားကတော့ ကိုယ့် မိသားစုတွေကို ကာကွယ်ဖို့ ကျေးဇူးပြုပြီး အိမ်ပြန်ကြပါဆိုတာပါပဲ။ အသက်ထက် ပိုပြီးတန်ဖိုးရှိတာမရှိပါဘူး။ ငွေဆိုတာ အသက်ရှင်နေသရွေ့ ရှာလို့ရတယ်။ ငွေနဲ့တော့ အသက်ကို ဝယ်လို့မရဘူး” ဟုလည်း သူပြောသည်။
AA ၏ နိုင်ငံရေးအဖွဲ့အစည်းဖြစ်သော ရက္ခိုင် အမျိုးသား အဖွဲ့ချုပ် (ULA/AA) ၏ အန္တိမရည်မှန်းချက်မှာ AA သည် ရခိုင်ပြည်နယ်၏ တခုတည်းသော လက်နက်ကိုင်တပ်ဖွဲ့ဖြစ်လာရေးဖြစ်ကြောင်းလည်း ဗိုလ်မှူးချုပ် ညိုထွန်းအောင်ပြောသည်။
တပ်မတော်တပ်ဖွဲ့များသည် ရခိုင်ပြည်နယ်တွင် အလုံးအရင်းနှင့် ရှိနေသော်လည်း ၎င်းတို့ကို AA က ရခိုင်ပြည်နယ်မှ မောင်းထုတ်မည်ဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ခုနှစ်အတွင်း လက်နက်ကိုင်ခုခံမှုကာလကို အသွင်ကူးပြောင်းရေးကာလအဖြစ် AA က သတ်မှတ်ထားကြောင်းလည်း သိရသည်။
“ကျနော်တို့ရဲ့ ရည်မှန်းချက်ကို ဘယ်လို အခြေအနေမှာမှ ဘယ်တော့မှ စွန့်လွှတ်မှာ မဟုတ်ဘူး” ဟုလည်း သူပြောသည်။
တပ်မတော်စစ်သားများသည် ဒေသတွင်း ခရီးသွားများကို ၎င်းတို့သွားလိုရာသို့ အခမဲ့လိုက်ပါစေခြင်းဖြင့် အမြတ်ထုတ်နေကြောင်းလည်း ဗိုလ်မှူးချုပ် ညိုထွန်းအောင်က ရွာသားများကို တိုက်ရိုက်ထုတ်လွှင့်သော အထက်ပါ ဗီဒီယိုမှပြောသည်။ AA တပ်များက ထိုစစ်ကားများကို တိုက်ခိုက်ပါက AA သည် အရပ်သားများကို တိုက်ခိုက်သည်ဟု ပြစ်တင်ရှုတ်ချမည်ဟု သူပြောသည်။ စစ်ကားများ သို့မဟုတ် စစ်သားများ တင်ဆောင်လာသော အရပ်ဖက်ကားများကို မစီးရန် ရွာသားများကို သူအကြံပေးသည်။
ဗိုလ်မှူးချုပ် ညိုထွန်းအောင်၏ အဆိုအရ AA သည် ရခိုင်ပြည်သူလူထုအတွက် ကြေညာချက်များဆက်လက်ထုတ်ပြန်ပြီး ရပ်ရွာအသိုင်းအဝန်းခေါင်းဆောင်များအနေဖြင့် အခြေအနေကို သိရှိနေအောင် လုပ်ဆောင်ရန် စီစဉ်ထားကြောင်း၊ သစ္စာဖေါက်များကို သတိပေးစာများ ထုတ်ပြန်သွားမည်ဖြစ်ကြောင်းလည်း သူပြောသည်။
အစိုးရ တပ်ကို ထောက်ခံသူများက ကြေညာချက် အတုများကို ယခင်က ထုတ်ခဲ့ဖူးသောကြောင့် ရွာသားများအနေဖြင့် ၎င်းတို့ဖတ်ရှုရသော ထုတ်ပြန်ချက်များ၏ စစ်မှန်မှုကိုလည်း ဂရုစိုက်ရန်လိုကြောင်း သူပြောသည်။
“သင်မသိရင် သိတဲ့ တတ်တဲ့သူတွေ ဒါမှမဟုတ် ကြေညာချက်အစစ် ဟုတ်၊ မဟုတ် ဆုံးဖြတ်နိုင်တဲ့သူနဲ့တိုင်ပင်ပါ” ဟု ဆိုသည်။
AA ခေါင်းဆောင်များသည် ထိုကဲ့သို့သော အင်တာနက်မှ ဗီဒီယို ကွန်ဖရင့်မျာ ယခင်ကလည်း လုပ်လေ့ရှိသည်။ AA အကြီးအကဲ ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် ဒုတိယ အကြီးအကဲ ဗိုလ်မှူးချုပ် ညိုထွန်းအောင်တို့သည် ရခိုင်ပညာရှင်များ၊ အမေရိကန်ပြည်ထောင်စုတွင် နေထိုင်သူများနှင့် ထိုသို့သော ဗီဒီယို ကွန်ဖရင့်များကို မကြာသေးမီလများအတွင်းက ပြုလုပ်မှုများ ရှိခဲ့သည်။
ဇန်နဝါရီလမှ စတင်ပြီး AA တပ်ဖွဲ့ဝင်များသည် မြန်မာ့တပ်မတော်ကို ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့နယ် ၅ ခုနှင့် ချင်းပြည်နယ် ပလက်၀ မြို့နယ်တခုတို့တွင် တိုက်ခိုက်မှုများ ပြုလုပ်နေသည်။ ၎င်းတို့သည် ရက်ပေါင်း ၄၀ အတွင်း တပ်မတော်နှင့် တိုက်ပွဲ အကြိမ် ၁၀၀ ကျော်ဖြစ်ပွားသည်။ ရာနှင့်ချီသော ရွာသားများသည် အကူအညီများ လိုအပ်နေသော်လည်း ရခိုင်ပြည်နယ်ကျောက်တော်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်အထက်ပိုင်းသို့ နိုင်ငံတကာ အကူအညီပေးရေးအေဂျင်စီများ၏ အကူအညီများပေးပို့မှုက ပိတ်ပင်ခံထားရသည်။
တပ်မတော်နှင့် AA တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင် ၆၀၀၀ ကျော်ရှိသည်ဟု ဒေသခံ ကယ်ဆယ်ရေးအဖွဲ့များက ခန့်မှန်းထားသည်။
ရခိုင်နှင့် ချင်းတိုင်းရင်းသား ၂၀၀ ကျော်သည် ၎င်းတို့၏ နေအိမ်များမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘန်ဒါဘန် ခရိုင်သို့ လွန်ခဲ့သော ရက်သတ္တပတ် က ထွက်ပြေးခဲ့ကြရသည်။ မကြာသေးမီရက်များက ဒုက္ခသည်များ ထပ်မံရောက်ရှိလာခြင်းကို ဆွေးနွေးရန် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက မြန်မာသံအမတ်ကို ဆင့်ခေါ်ခဲ့သည်ဟု သိရသည်။
(Moe Myint ၏ AA Deputy Leader Says Fighting Could Spread Beyond N. Rakhine ကို ဆီလျော်အောင် ဘာသာပြန်သည်။)